မြန်မာပြည် ဓမ္မစကူးလ်များ၏ မြစ်ဖျားခံရာ
ဆရာလေး ဒေါ်ကေတုမာလာ
=======================
ဓမ္မစကူးလ် စတင်ဖြစ်ပေါ်လာပုံလေးကို (၅) မိနစ်လောက် အချိန်လေးပေးဖတ်စေချင်ပါတယ်...
မြန်မာပြည်မှာ ဓမ္မစကူးလ်တွေ စတင်ပေါ်ပေါက်စေခဲ့တဲ့ ၁၂ ကျော်က ဆရာလေးကိုယ်တိုင် ရေးခဲ့သည့် ဆောင်းပါးလေးတစ်ပုဒ်ကို ဂုဏ်ယူစွာ ပြန်လည်ဖော်ပြရင်း ဆရာလေးကို ဂုဏ်ပြုလိုက်ပါတယ်။
***************************************************************
တမ္ဗပဏ္ဏိမှ မှတ်တမ်း
သာသနာ့သမိုင်းမှာ အလွန်ထင်ရှားခဲ့တဲ့ သီဟိုဠ်ခေတ် စံတော်ဝင် အရိယာရဟန္တာပုဂ္ဂိုလ်များ သီတင်းသုံးနေထိုင်ခဲ့ရာ အိန္ဒိယနိုင်ငံတောင်ဘက်မှာတည်ရှိတဲ့ သီရိလင်္ကာနိုင်ငံကို ၂ဝဝ၇ ခုနှစ်ရဲ့ နောက်ဆုံးရက်တစ်ရက်မှာ ရောက်ရှိလာခဲ့ပါတယ်။ ယခင်က သီဟိုဠ်ကျွန်းလုိ့ ခေါ်ဆိုကြပြီး ပါဠိစာပေတွေထဲမှာတော့ သီဟဠ၊ တမ္ဗပဏ္ဏိ၊ လင်္ကာဒီပ ဆိုပြီး ခေါ်ဝေါ်ခဲ့ကြတဲ့ ဒီနိုင်ငံကိုရောက်တော့ မထင်မှတ်တဲ့ အတွေ့အကြုံလေးတချို့က ရေးမှတ်ချင်စရာ မှတ်တမ်းလေးတွေ ဖြစ်ခဲ့ပါတယ်။ သေချာတာတစ်ခုက အဲဒါဟာ ဘုရားဖူးမှတ်တမ်း မဟုတ်သလို ခရီးသွားလမ်းညွှန်မှတ်တမ်းတစ်စောင်လည်း မဟုတ်ခဲ့ပါဘူး။ ပြောနိုင်တာကတော့ ဆုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးတချို့နဲ့ ခံစားချက်လေးတွေ ထည့်ထားတဲ့ မှတ်တမ်းလေးတစ်ခုပါပဲ။
ဒီနိုင်ငံကိုရောက်တော့ ပထမဦးဆုံး အလွန်စိတ်ဝင်စားခဲ့တဲ့ အကြောင်းအရာက ပန်းကလေးတွေနဲ့တူတဲ့ ကလေးလေးတွေနဲ့ ပတ်သက်နေခဲ့ပါတယ်။ တကယ်တော့ ကိုယ်နေတဲ့ကျောင်းက တရားရိပ်သာ(Meditation Centre)တစ်ခုပါ။ ဒါကြောင့်လည်း တရားလာအားထုတ်တဲ့ ယောဂီတွေကိုသာ အထူးသဖြင့် တွေ့ရလေ့ရှိပါတယ်။ ဒီကိုရောက်ပြီး ရက်ပိုင်းအတွင်းမှာပဲ ဆွမ်းစားကျောင်းအပြင်ဘက်က ခုံတန်းတွေပေါ်မှာ အဖြူရောင်တူညီဝတ်စုံတွေ ဝတ်ထားတဲ့ ကလေးလေးတွေကို မိခင်ဖြစ်သူတွေနဲ့အတူ စပြီး တွေ့ခဲ့ရတယ်။ သူတို့လေးတွေကလည်း ဒီနိုင်ငံသားမဟုတ်တဲ့ကိုယ့်ကို စူးစမ်းနေတဲ့မျက်ဝန်းနဲ့ အမြဲတန်း လိုက်ကြည့်လေ့ရှိကြတယ်။ ဒါတွေက သိပ်အထူးဆန်းကြီးမဟုတ်ပေမဲ့ တွေ့လိုက်တိုင်းလည်း ဒီလို မနက် ၇း၃ဝ အချိန်၊ ဒီလို အဖြူရောင် ဝတ်စုံလေးတွေနဲ့ ကလေးလေးတွေကို ဒီလိုနေရာမျိုးမှာ တွေ့တွေ့နေရတာကတော့ နည်းနည်း ဆန်းနေသလိုပါပဲ။ “ဒီကလေးတွေ ဒီကျောင်းကို ဘာလာလုပ်ကြတာလဲ”လို့ ကိုယ့်ဘာသာကိုယ် တွေးနေမိတယ်။
ပြီးတော့ သူတို့က နေ့တိုင်းလာတာလည်း မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ကို တွေ့လိုက်ရင်လည်း မနက်ဆွမ်းစားကျောင်းက ပြန်လာတဲ့အချိန် ၇း၃ဝ လောက်မှာပဲ ဖြစ်နေတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ အပြုံးချိုချိုလေးနဲ့ မိခင်ဖြစ်သူအမျိုးသမီးက လာပြီး မိတ်ဆက်ပါတယ်။ ကိုယ့်ကိုစူးစမ်းနေတဲ့ မျက်ဝန်းတွေနဲ့ ပြုံးပြလေ့ရှိတဲ့ သူနဲ့အတူပါလာတဲ့ ကလေးလေးနှစ်ယောက်ကိုလည်း တွေ့လိုက်ရပါတယ်။ အဲဒီနောက် မိခင်ဖြစ်သူက သူ့သားနဲ့သမီးအကြောင်းကို ပြောပြရင်း ကလေးတွေနဲ့ မိတ်ဆက်ပေးပါတယ်။ ရှစ်နှစ်အရွယ်သားငယ်နဲ့ ဆယ်နှစ်အရွယ် သမီးလေးကလည်း သူတို့ရဲ့ မိခင်လိုပဲ ယဉ်ကျေးသိမ်မွေ့ကြပါတယ်။ အင်္ဂလိပ်စကားကိုလည်း ပြောနိုင်ကြပါတယ်။ ကလေးတွေကို Sunday School လိုက်ပို့ပေးတာ ဖြစ်ကြောင်း အဲဒီအမျိုးသမီးက ပြောပြတော့မှပဲ သူတို့ဒီကိုလာရတဲ့အကြောင်းရင်းကို အပြည့်အစုံ သိလိုက်ရပါတယ်။ သူပြောတဲ့ Sunday School အကြောင်းကို အလွန်စိတ်ဝင်းစားသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ Sunday School အကြောင်းနဲ့ပတ်သက်ပြီး လေ့လာကြည့်မိပါတယ်။ ဒီတော့မှ Sunday School တွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံတစ်ဝှမ်းလုံးက ဗုဒ္ဓဘာသာကျောင်းသားကျောင်းသူအားလုံးနီးပါး တက်ရောက်သင်ကြားကြတယ်ဆိုတာကို အံ့သြစွာနဲ့ သိခွင့်ရခဲ့ပါတယ်။
အမှန်တော့ ဒီသင်ကြားရေးစနစ်ကို စတင်ခဲ့တာက (၁၈၉၅)ခုနှစ်ကတည်းကပါ။ သီရိလင်္ကာနိုင်ငံဟာ (၁၅ဝ၅)ခုနှစ်ကတည်းက ပေါ်တူဂီနယ်ချဲ့အစိုးရလက်အောက်ကို ရောက်ရှိခဲ့တာ ဖြစ်ပြီး (၁၆၃၈)ခုနှစ်မှာတော့ ဒတ်ခ်ျ နယ်ချဲ့အစိုးရကလည်း ဝင်ရောက်သိမ်းပိုက်ခဲ့ပါသေးတယ်။ နောက်ပိုင်း (၁၈၇၆) ခုနှစ်မှ (၁၉၄၈)ခုနှစ်အထိတော့ ဗြိတိသျှအစိုးရလက်အောက်ကို ရောက်ရှိခဲ့ပြန်ပါတယ်။ နယ်ချဲ့အစိုးရတွေရဲ့လက်အောက် ကျရောက်ခဲ့ပြီး နောက်ပိုင်း ဘာသာရေးနဲ့ပညာရေးနယ်ပယ်မှာ ခရစ်ယာန်ဘာသာ ကြီးစိုးလာခဲ့ပါတယ်။ နယ်ချဲ့အစိုးရလက်အောက်မှာ မှေးမှိန်လာခဲ့တဲ့ ဗုဒ္ဓဘာသာစာပေယဉ်ကျေးမှုတွေကို ပြန်လည်ထိန်းသိမ်းဖို့အတွက် ဗုဒ္ဓဘာသာသံဃာတော်တွေရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ ပုံစံအမျိုးမျိုးနဲ့ ပေါ်ပေါက်လာခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ဆရာတော်ဂုဏနန္ဒ (Ven. Migettuwatte Gunananda)ဟာ Sunday School တွေကို စတင်တည်ထောင်ခဲ့သူတွေထဲမှာ အထင်ရှားဆုံးဖြစ်ပါတယ်။ ဆရာတော်ဟာ အခက်အခဲမျိုးစုံ၊ ဖိနှိပ်မှုမျိုးစုံကို ကျော်လွှားပြီး (၁၈၉၅) ခုနှစ်မှာ ဂေါလ် (Galle) မြို့၊ ဝိဇယနန္ဒကျောင်း (Vijayananda Temple)မှာ Sunday School ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒီသင်ကြားရေးစနစ်ကို တစ်နိုင်ငံလုံးမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေ တညီတညွတ်တည်း ပူးပေါင်းပါဝင်လာအောင် ဆရာတော်သံဃာတော်တွေနဲ့အတူ ဒကာ၊ဒကာမများကလည်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ အဲဒီထဲက ထင်ရှားတဲ့ ဦးဆောင်လှုပ်ရှားသူ လူပုဂ္ဂိုလ်တစ်ဦးကတော့ အမေရိကန်နိုင်ငံသား ဟင်နရီစတီးလ် အောလ်ကော့ (Henry Steel Olcott) ဖြစ်ပါတယ်။
အောလ်ကော့ဟာ (၁၈၈ဝ) ခုနှစ်မှာ သီရိလင်္ကာနိုင်ငံကို ရောက်ရှိလာပြီး မကြာခင်မှာပဲ ဝိဇယနန္ဒကျောင်း ဆရာတော် ဂုဏနန္ဒ (Ven. Migettuwatte Gunananda)ကို အကြောင်းပြုပြီး ဗုဒ္ဓဘာသာဝင်တစ်ယေက် ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဓမ္မကောလိပ်တွေ၊ ဓမ္မကျောင်းတွေ၊ ဘာသာရေးဆိုင်ရာ သင်တန်းတွေကို နိုင်ငံတစ်ဝှမ်းလုံးမှာ အများအပြား ပေါ်ပေါက်လာအောင် ဦးဆောင် လှုပ်ရှားခဲ့သူအဖြစ်လည်း ဒီနိုင်ငံရဲ့သမိုင်းမှာ ထင်ရှားခဲ့ပါတယ်။ သူ့ရဲ့မှတ်စု အတွဲ (၃) စာမျက်နှာ ၁၄၃ မှာ ရေးသားခဲ့တဲ့ “ငါ့မှာ အရေးကြီးသော အကြံအစည်တစ်ခုရှိသည်။ ဤသည်ကား ဗုဒ္ဓဘာသာအတွက် အထူးသဖြင့် ကလေးများအတွက် ဗုဒ္ဓဘာသာပညာရေးကို စတင်ရန်”ဆိုတဲ့ စာသားဟာ ဗုဒ္ဓဘာသာဝင်တွေအကြားမှာ ထင်ရှားခဲ့တယ်။
(၁၈၉၅) ခုနှစ်က ဂေါလ် (Galle) မြို့မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကနေ ကိုယ့်အားကိုယ်ကိုးစနစ်နဲ့ စတင်ခဲ့တဲ့ Sunday School တွေဟာ ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ တစ်နိုင်ငံလုံး အတိုင်းအတာအထိ ပျံ့နှံ့သွားခဲ့ပါတယ်။ နယ်ချဲ့အစိုးရလက်အောက် ကျရောက်နေစဉ် လွတ်လပ်ရေးမရခင် အစောပိုင်းနှစ်တွေကတည်းက Sunday School စနစ်ဟာ သီရိလင်္ကာနိုင်ငံမှာ ခိုင်ခိုင်မာမာ အမြစ်တွယ်နေခဲ့ပါပြီ။ ဘာသာခြား တိုင်းတစ်ပါးသား အစိုးရလက်အောက်အတွင်း အဖိနှိပ်အချုပ်ချယ်ကြားထဲမှာ Private School တွေအသွင်နဲ့ တစ်နိုင်ငံလုံးမှာ အမြစ်တွယ်သွားအောင် လုပ်ဆောင်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စရပ်တစ်ခု မဟုတ်တာတော့ သေချာပါတယ်။
ဒီနေရာမှာ သတိပြုရမယ့်အချက် (၂)ချက် ရှိပါတယ်။ ပထမအချက်က သီရိလင်္ကာနိုင်ငံကို ကြည့်မယ်ဆိုရင် ကိုလိုနီနယ်ချဲ့အစိုးရလက်အောက်ကို နှစ်ပေါင်း (၄ဝဝ) ကျော်ကြာအောင် ကျရောက်ခဲ့ပြီးတဲ့အချိန်မှာတောင်မှ ဗုဒ္ဓဘာသာ ပညာရေးစနစ်တစ်ခုကို ခိုင်ခိုင်မာမာနဲ့ ဦးမော့လာနိုင်အောင် လုပ်နိုင်စွမ်း ရှိခဲ့ကြတယ်။ တစ်ချိန်တည်းမှာပဲ ကိုယ်တို့နိုင်ငံကို ကြည့်မယ်ဆိုရင် ကိုလိုနီအစိုးရလက်အောက်ကို မကျရောက်ခင်ကတော့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဟာ နိုင်ငံရဲ့ အဓိကပညာရေး အခန်းကဏ္ဍတစ်ရပ်အနေနဲ့ ရပ်တည်နိုင်ခဲ့တာပါ။ ဒါပေမဲ့ ကိုလိုနီခေတ်လည်းရောက်ရော ဘုန်းတော်ကြီးသင်ပညာရေးစနစ်လည်း အညွန့်ချိုးခံလိုက်ရတာ ပြန်ပြီးနလံမထူနိုင်လောက်အောင် ဖြစ်ခဲ့ရတယ်။
နောက်ဒုတိယအချက်ကတော့ လူမျိုးခြား ဟင်နရီစတီးလ် အောလ်ကော့ (Henry Steel Olcott)ပါပဲ။ ဗုဒ္ဓဘာသာဟာ သူ့ရဲ့ဘိုးဘွား အစဉ်အဆက်က ကိုးကွယ်ခဲ့တဲ့ဘာသာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက ဗုဒ္ဓဘာသာအတွက် ဘယ်လောက်တောင် ကြိုးစားဆောင်ရွက်ခဲ့သလဲဆိုတာကို သူတည်ထောင်ခဲ့တဲ့ ဓမ္မကောလိပ်တွေ၊ ဓမ္မကျောင်းတွေ၊ သူ့ကို အမှတ်ရကြလို့ ဂုဏ်ပြုကာ ထုလုပ်ထားတဲ့ ကိုလံဘိုမြို့လယ်မှာရှိတဲ့ သူ့ရဲ့ရုပ်တုကြီးက သက်သေပြနေဆဲပါ။ သူကတော့ သေဆုံးသွားပေမဲ့ သူပျိုးထောင်ပေးခဲ့တဲ့ အရာတွေကတော့ ရှင်သန်ကြီးထွားနေဆဲပါ။
ဒီလိုဆိုရင် ကိုယ်တို့ကျတော့ရော ဗုဒ္ဓဘာသာဟာ ကိုယ်တို့ဘိုးဘွားအစဉ်အဆက် ကိုးကွယ်ခဲ့တဲ့ဘာသာ၊ ကိုယ်တို့နိုင်ငံရဲ့ လူများစုကိုးကွယ်တဲ့ဘာသာ၊ ပြီးတော့ “အမျိုးဘာသာသာသနာကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ကြပါ” ဆိုတဲ့ သြဝါဒကို သိတတ်နားလည်စ အရွယ်ကတည်းက ကြားနေခဲ့ရတာ ယနေ့အထိ အကြိမ်ပေါင်းမနည်းတော့ပါဘူး။ ကြားခဲ့ရတဲ့ အချိန်တိုင်းမှာလည်း ကိုယ်တို့ကတော့ ခေါင်းလေးတညိတ်ညိတ်နဲ့ပေါ့။ ခေါင်းညိတ်ရုံကလွဲပြီး ဘာမှမလုပ်ဖြစ်ခဲ့သေးတဲ့အဖြစ်ကို တကယ်လို့ ဟင်နရီစတီးလ် အောလ်ကော့ (Henry Steel Olcott)သာတွေ့ရင် ဟားတိုက်နေမှာလား မသိဘူး။ ဒါ့အပြင် သူက သူ့နိုင်ငံသား မဟုတ်တဲ့ကလေးတွေအတွက် ဒီလောက်တောင် စေတနာထား လုပ်ဆောင်နိုင်ခဲ့တယ်ဆိုရင် ကိုယ်တို့ကတော့ရော ကိုယ်တို့နိုင်ငံက ကလေးတွေအတွက် ဘာတွေ လုပ်ပေးခဲ့ကြပြီးပြီလဲ။
ဒီလိုနဲ့ အခက်အခဲတွေကြားက ရုန်းထွက်ဦးမော့ခဲ့တဲ့ Sunday School စနစ်ဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတော့ သမိုင်းမှာ ထင်ရှားတဲ့ ဝန်ကြီးချုပ် ဘန်ဒရာနိုက်ကေး (Bandranaike) ကြောင့် ပိုပြီး အရောင်တောက်ပခဲ့ပါတယ်။ သူ ဝန်ကြီးချုပ်ဖြစ်တဲ့ (၁၉၅၆)ခုနှစ်ကစပြီး Sunday School တွေဖွင့်လှစ်ဖို့ အားပေးထောက်ပံ့လာခဲ့ရာ ယနေ့အချိန်မှာတော့ သာသနာရေးဝန်ကြီးဌာနလက်အောက်က ဖွင့်တဲ့ အစိုးရကျောင်းတွေအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပါတယ်။ အတန်းတိုင်းအတွက် သင်ရိုးပြဌာန်းစာအုပ်တွေကိုလည်း သာသနာရေးဝန်ကြီးဌာနက ရိုက်နှိပ်ထုတ်ဝေပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ Sunday School တွေက ကျောင်းသားကျောင်းသူ အားလုံးကို အခမဲ့ ဖြန့်ဝေပေးပါတယ်။
စာမေးပွဲတွေကိုလည်း သာသနာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပပေးတာဖြစ်ပြီး စာမေးပွဲနဲ့ ပတ်သက်တာမှန်သမျှကိုလည်း တာဝန်ယူပြီး စီစဉ်ပေးပါတယ်။ ပြီးတော့ Sunday School ဝတ်စုံဆိုပြီးတော့့လည်း သီးသန့်သတ်မှတ်ပေးခဲ့သေးတယ်။ ယောက်ျားလေးတွေအတွက်က ဒီနိုင်ငံရဲ့ အမျိုးသားဝတ်စုံနဲ့ ဆင်တူတဲ့ လည်ကတုံးရှပ်အင်္ကျင်္ီလက်ရှည်အဖြူနဲ့ လုံချည်အဖြူဖြစ်ပြီး မိန်းကလေးတွေ အတွက်ကတော့ သီရိလင်္ကာနိုင်ငံရဲ့ ရိုးရာဝတ်စုံဖြစ်တဲ့ Kandyဆာရီနဲ့ အနည်းငယ်ဆင်တဲ့ (သူတို့အခေါ်) Half ဆာရီ ဆိုတဲ့ အထက်အောက် အဖြူရောင်ဝတ်စုံလေးဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရက အထက်တန်းကျောင်း အောင်လက်မှတ်များလိုပဲ Sunday School အောင်လက်မှတ်ကိုလည်း ချီးမြှင့်ခဲ့ကြပါတယ်။
ဒီလိုစနစ်တကျနဲ့ သပ်သပ်ရပ်ရပ်ဖြစ်လာတဲ့ Sunday School စနစ်ဟာ ယခု သမ္မတ မဟိန္ဒ ရာဇပက်ရှ (Mahinda Rajapaksha) လက်ထက်မှာတော့ ပံ့ပိုးမှုတွေ အားပေးမှုတွေ ပိုပြီး အားကောင်းလာခဲ့ပါတယ်။ သမ္မတကိုယ်တိုင်ကလည်း ကလေးတွေကို Sunday School တက်ဖို့ သူ့မိန့်ခွန်းတွေထဲကနေရော အပြင်မှာဆုံတွေ့တဲ့အခါမှာရော အကြိမ်ကြိမ်တိုက်တွန်းခဲ့ပါတယ်။ အစိုးရဌာနဆိုင်ရာ အလုပ်ခန့်အပ်မှုမှာ ဒီ Sunday School အောင်လက်မှတ်ဟာ အရေးပါတဲ့ ကန့်သတ်ချက်တစ်ခုအနေနဲ့ လိုအပ်နေပြီး အဲဒါကိုလည်း အစိုးရက တရားဝင်ထုတ်ပြန်ထားကြောင်း ကျောင်းသားမိဘတွေက ပြောပြကြပါတယ်။ “အခုဆိုရင် Sunday School အောင်လက်မှတ်ဟာ တက္ကသိုလ်ဆက်တက်မယ့် ဗုဒ္ဓဘာသာကျောင်းသားကျောင်းသူတွေအတွက် အရေးပါတဲ့ လက်မှတ်တစ်ခု ဖြစ်နေပါပြီ”လို့ အဲဒီမှာ စာသင်ပေးနေတဲ့ သီလရှင်ကြီးတစ်ပါးက ဂုဏ်ယူစွာနဲ့ပြောတုန်းက ကိုယ့်မှာတော့ သူနဲ့အတူရောပြီး (သူတို့အတွက်) ဝမ်းသာဂုဏ်ယူနေမိတယ်။
ဒီနိုင်ငံကိုရောက်ပြီးနောက်ပိုင်း မိတ်ဆွေဒကာမကြီးက သီရိလင်္ကာနိုင်ငံမှာရှိတဲ့ ဘုရားတွေဆီ လိုက်ပို့ပေးလေ့ရှိပါတယ်။ ကိုယ်တို့ ခရီးထွက်ချိန် တနင်္ဂနွေ မနက်စောစောတွေမှာဆိုရင် ဖြတ်ကျော်သွားနေတဲ့ မြို့တွေ၊ ရွာတွေရဲ့ လမ်းဘေးတစ်လျှောက်မှာ Sunday School တွေက ကလေးများရဲ့ ဝတ်စုံအဖြူရောင်တွေ လွှမ်းနေတော့တာပေါ့။ အဖြူရောင်တူညီဝတ်စုံလေးတွေနဲ့ ကလေးတွေရဲ့ ခြေလှမ်းတွေက လန်းဆန်းတက်ကြွစွာ ဘုန်းတော်ကြီးကျောင်းဆီ ဦးတည်လို့။ သူတို့လေးတွေရဲ့ မျက်နှာမှာတော့ အပြုံးပန်းတွေဝေလို့။ သူတို့အာရုံထဲမှာတော့ သူတို့သွားနေတဲ့ ဘုန်းတော်ကြီးကျောင်းဟာ သူတို့အတွက် စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တတွေ အရောင်မြှင့်တင်ပေးတဲ့နေရာ စံပြပုဂ္ဂိုလ်တွေအကြောင်းကို လေ့လာခွင့်ရမယ့်နေရာဆိုပြီး ယုံကြည်မှုတွေပြည့်လို့။
ကားပေါ်ကနေ လှမ်းမြင်နေရတဲ့ ဒီမြင်ကွင်းတွေကတော့ ကိုယ့်အတွက် ကျက်သရေရှိလွန်းလှပါတယ်။ မြို့တွေ၊ ရွာတွေ ဖြတ်သွားတိုင်း အဲဒီလိုမြင်ကွင်းမျိုးကို ကိုယ်က မရိုးနိုင်အောင် လိုက်ငေးနေတော့တာပဲ။ ကားက မြို့တွေရွာတွေကို ကျော်လွန်သွားပေမဲ့လည်း ကိုယ့်အာရုံထဲမှာတော့ အတွေးတွေက တဝဲလည်လည်ပါပဲ။ အင်း…ဒီလိုအချိန်မျိုးမှာ တို့နိုင်ငံက ကလေးတွေရော ဘယ်ဆီကိုများ ဦးတည်သွားနေကြမလဲ။ သူတို့တွေကရော ဘုန်တော်ကြီးကျောင်းတွေကို ဘယ်လို သဘောထားကြမလဲ။
တစ်ခါမှာတော့ ရှေးဟောင်းဆင်းတုတော်တွေဖူးဖို့နဲ့ ရှေးဟောင်းအဆောက်အအုံလေးတစ်ခုကို လေ့လာဖို့ နယ်မြို့တစ်မြို့ရဲ့ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကို မိတ်ဆွေတွေက ခေါ်သွားပါတယ်။ ဖြစ်ချင်တော့ ရောက်သွားတဲ့ အချိန်က Sunday School စာသင်ချိန် ဖြစ်နေပါတယ်။ ဒါနဲ့ ကိုယ်တို့လည်း စာသင်နေတဲ့နေရာကို အရင်သွားပြီး လိုက်ကြည့်ကြပါတယ်။ အဲဒီမှာတွေ့ရတာကတော့ အသက်အရွယ်လိုက် အတန်းတွေ ခွဲခြားထားပါတယ်။
အတန်းစဉ်ကို လိုက်ပြီး သင်ရိုးတွေကို တဖြည်းဖြည်းချင်းမြှင့်ထားပါတယ်လို့ ဆိုကြပါတယ်။ ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေအပြင် ဆရာ၊ ဆရာမတွေကလည်း ဝိုင်းဝန်းကူညီသင်ကြားပေးကြတာ တွေ့ရပါတယ်။ သင်ကြားရေးပိုင်းနဲ့ ပတ်သက်ပြီး သိရှိရတာ နောက်တစ်ခုကတော့ (၁၉၆ဝ)မှာ ဖွဲ့စည်းတည်ထောင်လိုက်တဲ့ Buddhist Theosophical Society (BTS) ဆိုတာပါပဲ။ အဲဒီအဖွဲ့က သင်ကြားမှုနည်းစနစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆရာဖြစ်သင်တန်း ဖွင့်လှစ်ရေးအတွက် ရည်ရွယ်တာပါ။ နောက်ပိုင်းမှာ Sunday School ကျောင်းသားဟောင်းတွေကိုလည်း ဆရာများအဖြစ် မွေးထုတ်ပေးခဲ့ပါတယ်။ သတိထားကြည့်မိသလောက်တော့ ဒီ Sunday School စနစ်ကို သီရိလင်္ကာနိုင်ငံ ဗုဒ္ဓဘာသာတွေအားလုံး အထူးအားပေးကြတာတွေ့ရပါတယ်။ အဲဒီအချက်တွေဟာ ကိုယ့်အတွက်တော့ မှတ်မှတ်ရရ မှတ်တမ်းလေးတွေပါ။
ဒီလိုနဲ့ တနင်္ဂနွေနေ့တစ်နေ့မှာတော့ မြန်မာ့သမိုင်းမှာထင်ရှားတဲ့ ကန္ဒီစာချုပ် ချုပ်ဆိုခဲ့တဲ့နေရာ၊ သီရိလင်္ကာနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ကန္ဒီ(Kandy)မြို့ပြင်က မိတ်ဆွေမိသားစုနေထိုင်ရာခြံကြီးဆီသို့ ဖိတ်ကြားထားတဲ့အလှူအတွက် ရောက်ရှိခဲ့ကြပါတယ်။ ထွက်ကြိုနှုတ်ဆက်ကြသူတွေထဲမှာ အိမ်ရှင်ရဲ့ တစ်ဦးတည်းသာရှိတဲ့ အသက်(၁၃)နှစ်အရွယ် သမီးလေးကို မတွေ့မိတာနဲ့ မေးကြည့်လိုက်တော့ “ဒီနေ့ Sunday School ရှိတယ်လေ၊ သမီးက အဲဒီကိုသွားတာပါ၊ (၁၁)နာရီ မထိုးခင် တရားပွဲအမီ ပြန်လာပါလိမ့်မယ်” လို့ မိခင်ဖြစ်သူက ပြန်ဖြေပါတယ်။
ပုံမှန်အချိန်ဆိုရင်တော့ ဒါက မထူးဆန်းပေမဲ့ အခုလိုအချိန်မျိုးမှာ ဒီစကားကို ကြားရတော့ နဲနဲဆန်းနေသလိုပါပဲ။ တကယ်တော့ ဒီအလှူက သူတို့မိသားစုအတွက် အလွန်ကြီးကြီးကျယ်ကျယ်နဲ့ ပြုလုပ်ထားတဲ့အလှူပါ။ ဒီလိုနေ့မျိုးမှာတောင် အိမ်ရှင်ဖြစ်တဲ့ ကလေးမလေးက Sunday School ကို သွားဖို့ မပျက်ကွက်ခဲ့ဘူး။ မိဘတွေဘက်ကလည်း အားပေးတိုက်တွန်းပြီး ကြည်ကြည်ဖြူဖြူနဲ့ လိုက်ပို့ပေးတာပဲ။
ကိုယ်ကတော့ ဒီအခြေအနေလေးတွေကို ကြည့်ပြီး မိဘတွေဘက်ကရော ကလေးတွေဘက်ကပါ Sunday School အပေါ်ထားတဲ့ လေးနက်မှုတွေကို သတိထားလိုက်မိတယ်။ တကယ်တော့ သင်ကြားရေးစနစ်တစ်ခုမှာ သင်ကြားပြသပေးတဲ့သူတွေသာမက တက်ရောက်သင်ကြားကြတဲ့သူတွေဟာလည်း အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ သင်ကြားရေးစနစ်တစ်ခု အောင်မြင်ဖို့အတွက် ကလေးတွေဘက်က စိတ်ပါဝင်စားမှု အလေးအနက်ထားမှုတွေ လိုအပ်သလို မိဘတွေဘက်ကလည်း တိုက်တွန်းအားပေးမှု၊ ပံ့ပိုးမှုတွေလုပ်ပေးဖို့လည်း အထူးလိုအပ်ပါတယ်။ ကိုယ်ရောက်ရောက်ချင်း သူ့ကို မတွေ့လိုက်ရပေမဲ့ Sunday School ကို လေးလေးစားစားနဲ့ မပျက်မကွက်သွားခဲ့တဲ့သူ့အတွက် ကျေနပ်နေမိတယ်။ ပီတိလည်းဖြစ်ရတယ်။ အခမ်းအနားစခါနီးမှာပဲ အဲဒီကလေးမလေး ပြန်ရောက်လာပြီး Sunday School ဝတ်စုံလေးနဲ့ တရားဝင်နာနေတာ တွေ့လိုက်ရပါတယ်။
ဒီလိုနဲ့ အခမ်းအနားပြီးတော့ ကိုလံဘိုမြို့ကို မပြန်ခင် အားလုံးခေတ္တနားကြတဲ့အချိန်မှာ တက္ကသိုလ်သင်ရိုးထဲက စာတချို့ကို ဖတ်နေလိုက်ပါတယ်။ ဒီလိုနေရင်း ခဏကြာတော့ အလှူကိုလာတဲ့ အသက်(၁၃)နှစ်အရွယ် ဒီအိမ်ရှင်ရဲ့ တူမလေးက အခန်းထဲဝင်လာပြီး ကိုယ့််ဘေးနားကို ရောက်လာပါတော့တယ်။ ပြီးတော့ ကိုယ်ဖတ်နေတဲ့စာရွက်ထိပ်က ခေါင်းစဉ်တစ်ခုကို ကြည့်ပြီး Mahasanghika Sect (မဟာသံဃိကဂိုဏ်း) ဆိုပြီး အသံထွက်ဖတ်လိုက်တယ်။
ဒါနဲ့ ကိုယ်က လက်ထဲကဖိုင်ကို ပိတ်ပြီး သူ့ကို စနောက်ချင်တာနဲ့ “အဲဒါဘာလဲ သိလားဟင်”လို့ မေးလိုက်ပါတယ်။ ကလေးမလေးကလည်း ချက်ချင်းပဲ “သိတာပေါ့”လို့ ပြန်ဖြေတယ်။ “ဒါဆိုရင် နဲနဲလောက်ပြောပြပါလား”လို့ဆိုတော့ ကလေးမလေးကလည်း အဲဒီဂိုဏ်းနဲ့ ပတ်သက်တဲ့ အဓိကအကြောင်းအရာတချို့ကို တခါတည်း တတွတ်တွတ်နဲ့ ကိုယ့်ကို ပြောပြပါလေတော့တယ်။ ဒီလိုပြန်ကြားရလိမ့်မယ်လို့ လုံးဝမထင်ထားပါဘူး။ အမှန်တကယ်တော့ အဲဒီကလေးမလေးကို နောက်လိုက်တာပါ။ ဒီဂိုဏ်းအကြောင်း သူ ဒီလောက်အထိ သိနေလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ကိုယ်ဆိုရင်လေ သူ့အသက်အရွယ်လောက်တုန်းက မဟာသံဃိကဂိုဏ်းအကြောင်းမပြောနဲ့ အဲဒီနာမည်ကို ကြားတောင် မကြားခဲ့ဖူးဘူး။ အဲဒီလောက်ထိကို ညံ့ခဲ့တာပါ။ ခုနေများ ကိုယ်တို့နိုင်ငံက သူ့အရွယ်ကလေးတွေကိုလည်း အဲဒီလိုမေးကြည့်ရင် ဘယ်လိုဖြေကြမလဲ မသိဘူး။
ဒီလိုသာမန်ကလေးတစ်ယောက်ရဲ့ အသိဉာဏ်ထဲကို ဘာသာရေး ဗဟုသုတတွေ စွဲနေအောင် အများကြီး ထည့်သွင်းပေးနိုင်တဲ့ သူတို့ ရွာကျောင်း Sunday School က ဘုန်းတော်ကြီးတွေ၊ ဆရာ၊ ဆရာမတွေရဲ့ အရည်အချင်းတွေကို အလွန်လေးစားမိပါတယ်။ ဒီကလေးတွေအတွက် သူတို့ရပ်ရွာက ဘုန်းကြီးတွေ တာဝန်ကျေကြတယ်လို့ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ခံစားရလိုက်ရတယ်။ “နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဟာ အဲဒီနိုင်ငံရဲ့ မျိုးဆက်သစ်တွေ လက်ထဲမှာ ရှိနေပါတယ်”ဆိုတဲ့စကားကို စာအုပ်တွေထဲမှာ မကြာခဏ ဖတ်ခဲ့ရဖူးပါတယ်။ ဒီက ပန်းလေးတွေကတော့ လောကကြီးအတွက် အလှဆုံးဖူးပွင့်ကြဖို့ တာစူနေကြပါပြီ။ သေချာပါတယ်။ ဒါဟာ Sunday School တွေကြောင့်ပါပဲ။
လွန်ခဲ့တဲ့ (၆)နှစ်လောက်တုန်းက ပြောခဲ့ဖူးတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ စကားလေးတစ်ခွန်းကို ပြန်ကြားယောင်နေမိတယ်။ “ဗုဒ္ဓဘာသာကို ဘာသာရေးတစ်ခုလို ပုံစံမျိုးနဲ့ ကလေးတွေကို သင်ပေးနေလို့ ဘယ်လိုမှ မဖြစ်ဘူး။ ဘာသာရပ်တစ်ခုလို သင်ပေးရမှာ”လို့ သူ အားရပါးရနဲ့ပြောတုန်းက ကိုယ့်မှာတော့ အဲဒီစကားကို အလွန်သဘောကျပြီး အပြည့်အဝထောက်ခံခဲ့ဖူးတယ်။ အခု သီရိလင်္ကာနိုင်ငံကို ရောက်ပြီး သင်ကြားရေးစနစ်နဲ့ အခြေအနေတွေကို တွေ့လိုက်ရတော့မှ ကိုယ့်ကိုယ်ကိုလည်း အတော်ရှက်မိပါရဲ့။ Sunday School စနစ်ကို သီရိလင်္ကာနိုင်ငံက ဘုန်းတော်ကြီးတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ အစိုးရခေါင်းဆောင်တွေက လွန်ခဲ့တဲ့ နှစ်ပေါင်း(၁ဝဝ)ကျော်လောက်ကတည်းက လက်တွေ့လုပ်ပြခဲ့ကြတာပါ။ အခု ကိုယ်တို့ဆီမှာတော့ …..
ဒေါ်ကေတုမာလာ
(9. Feb. 2009)
ကိုလံဘို
.Thurein soe (nanthanyit)
DDhamma School Foundationမမဲဆောက်ကျောင်းကြီး ဓမ္မစကူးလ်အရှင် ဇောတိ See less
— at မဲဆောက်ကျောင်းကြီး.
0 Comments