Advertisement

Responsive Advertisement

ဘုရားဂုဏ်တော် (၉) ပါး ပါဠိ/အနက်


ဣတိပိ သော ဘဂ၀ါ -
အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ၀ိဇ္ဇာစရဏသမ္ပန္နော၊ သုဂတော၊
 လောက၀ိဒူ၊ အနုတ္တရောပုရိသဒမ္မသာရထိ၊ သတ္ထာဒေ၀မနုဿာနံ၊ ဗုဒ္ဓေါ၊ ဘဂ၀ါ”တိ။



သော ဘဂ၀ါ၊ ထိုအကျွန်ုပ်တို့၏ ဆရာ မြတ်စွာဘုရားသည် -

၁။ ဣတိပိ၊ ဤသို့လျှင် ဗြဟ္မာ, နတ်, လူ သုံးဘုံသူတို့၏ ကြည်ဖြူကော်ရော် ပူဇော်အထူးကို ခံထိုက်ကြောင်းဖြစ်သော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ၀ိမုတ္တိဉာဏ ဒဿနဂုဏ်တို့နှင့် ပြည့်စုံတော် မူပေသောကြောင့်လည်း။ အရဟံ၊ အရဟံ မည်တော်မူပေ၏။

၂။ ဣတိပိ၊ ဤသို့လျှင် သစ္စာဉေ ယျ ဓမ္မအပုံ အလုံးစုံကို အကုန်မကျန် မြတ်ရွှေဉာဏ်ဖြင့် အမှန်ထိုးသွင်း အလင်းထင်ပေါ် သိမြင်တော် မူပေသောကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓ မည်တော်မူပေ၏။

၃။ ဣတိပိ၊ ဤသို့လျှင် စရဏအပြား တစ်ဆယ့်ငါးတည့် သုံးပါးရှစ်ဖြာ ဉာဏ်ဝိဇ္ဇာတို့နှင့် ကောင်းစွာပြည့်စုံတော် မူပေသောကြောင့်လည်း။ ၀ိဇ္ဇာစရဏသမ္ပန္နော၊ ၀ိဇ္ဇာစရဏသမ္ပန္န မည်တော်မူပေ၏။

၎။ ဣတိပိ၊ ဤသို့လျှင် သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ၊ မကပ်ငြိဘဲ၊ မဇ္ဈိမပဋိပတ်၊ ကောင်းမြတ်ဖြောင့်တန်း မဂ္ဂင်လမ်းဖြင့် ရွှေနန်းပူရီ ဘေးမဲ့ပြည်သို့ ကြွချီဆိုက်ရောက်တော် မူပေသောကြောင့်လည်း။ သုဂတော၊ သုဂတ မည်တော်မူပေ၏။

၅။ ဣတိပိ၊ ဤသို့လျှင် ကာမ ရူပ အရူပဟု လောကအပြင် ဘုံတစ်ခွင်ကို ကုန်စင်ခပင်း မကျန်ကြွင်းအောင် အလင်းထင်ပေါ် သိမြင်တော် မူပေသောကြောင့်လည်း။ လောက၀ိဒူ၊ လောက၀ိဒူ မည်တော်မူပေ၏။

၆။ ဣတိပိ၊ ဤသို့လျှင် ဇာတိမာန်, ပုညမာန်, ဂုဏမာန်, ဗလမာန်, ဣဒ္ဓိမာန်, ပညာမာန်တို့ဖြင့် မိုးစွန်ကြွားကြွား ငါတကားဟု ကြုံးဝါးခက်ထန် အဆိပ်လျှံသည့် နန္ဒောပနန္ဒ, အင်္ဂုလိမာလ, သစ္စကနှင့် ဗကဗြဟ္မာ သတ္တ၀ါတို့ကို ဒေသနာသံ ဆိတ်ဘံငြိမ်ဆေး အမြန်ပေး၍ ယဉ်ကျေးအောင်ပြု ဆုံးမမှုဝယ် အတုမရှိ လွန်ကဲဘိသောကြောင့်လည်း။ အနုတ္တရောပုရိသ ဒမ္မသာရထိ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ မည်တော်မူပေ၏။

၇။ ဣတိပိ၊ ဤသို့လျှင် လူ, နတ်, ဗြဟ္မာ သတ္တ၀ါအများ သောင်းတိုက်သားတို့၏ ၀ပ်တွားရိုပျောင်း ညွှတ်ညောင်းခယ ဆုံးမခံရာ ဆရာသခင် ဦးထိပ်တင်ကြီး ဖြစ်တော်မူပေသောကြောင့်လည်း။ သတ္ထာဒေ၀ မနုဿာနံ၊ သတ္ထာဒေ၀ မနုဿာန မည်တော်မူပေ၏။

၈။ ဣတိပိ၊ ဤသို့လျှင် သစ္စာလေးရပ် တရားမြတ်ကို လူ, နတ်အများ သိထင်ရှားအောင် ဟောကြားထုတ်ဖော် သိစေတော်မူသောကြောင့်လည်း။ ဗုဒ္ဓေါ၊ ဗုဒ္ဓ မည်တော်မူပေ၏။

၉။ ဣတိပိ၊ ဤသို့လျှင် ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ တန်ခိုးတော်အနန္တ ကြီးမြတ်လှ၍ လောကသုံးပါး လူအများတို့ လေးစားဂရု ချီးပမှုကြောင့်လည်း။ ဘဂ၀ါ၊ ဘဂ၀ါ မည်တော်မူပေ၏။

တံ၊ ထိုအရဟံအစ ဘဂ၀ါအဆုံး ဘ၀ဂ်ချုံးမျှ ဘုန်းရှိန်ကြီးမား ဂုဏ်ကိုးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို။ အဟံ၊ ခန္ဓာအာယတန ဓာတ်စုမျှကို ကာယသမုတ် အကျွန်ုပ်သည်။ ၀န္ဒာမိ၊ သဒ္ဓါစိတ်ဇော အာရုံပြော၍ မနော, ၀စီ, ကာယညီလျက် ဦးချီလက်မိုး ကြာငုံဖြိုးသို့ ရှိခိုးပါ၏ဘုရား။

Post a Comment

0 Comments