စရိုက်ဟူသည် ပင်ကိုယ်ရိုးရာ သူတကာဖြစ်နေကျထက် လွန်လွန်ကဲကဲ ဖြစ်တတ်သည်ကို စရိုက်ဟု ခေါ်သည်။
၎င်းစရိုက်တို့သည် (၆) ပါး အပြားရှိ၏။
၁။ ရာဂစရိုက် = ဝတ္ထုကာမ၊ ကိလေသာ ကာမတို့၌ လွန်ကဲစွာ ကပ်ငြိတတ်သောအကျင့်။
၂။ ဒေါသစရိုက် = အာဃာတ ဣဿာမစ္ဆရိယ စသည်တို့၌ လွန်ကဲသည့်အကျင့်။
၃။ မောဟစရိုက် = ထိုင်းမှိုင်းတွေဝေခြင်း လွန်ကဲသည့်အကျင့်။
၎။ သဒ္ဓါ့စရိုက် = ယုံကြည်လွယ်လေ့ရှိသောအကျင့်။
၅။ ဝိတတ်စရိုက် = စိတ်ကူးယဉ်တတ်သောအကျင့်။
၆။ ပညာစရိုက် = အရာရာ၌ အကြောင်းအကျိုး အကောင်းအဆိုးတို့ကို ဆင်ခြင်တတ်လေ့ရှိသောအကျင့်ဟူ၍ ၆ ပါးအပြားရှိ၏။
ထိုစရိုက်သည် လူတို့၌ တစ်ပါးဖြစ်စေ၊ နှစ်ပါးဖြစ်စေ၊ သုံးပါးဖြစ်စေ တွဲလျက် ရှိတတ်သည်။ ဤသူတို့သည် အဘယ်စရိုက်ရှိသနည်းဟူမူ သွားလာလှုပ်ရှားမှုများကို ကြည့်၍ သိရှိနိုင်သည်..။ ထိုစရိုက်တို့တွင် ရာဂနှင့်သဒ္ဓါ၊ ဒေါသနှင့်ပညာ၊ မောဟနှင့် ဝိတတ် စရိုက်တို့သည် သဘောအားဖြင့် ခပ်ဆင်ဆင်ရှိတတ်ကြသည်..။
ရာဂနှင့် သဒ္ဓါစရိုက် ရှိသောသူသည် ပကတိသွားသည်ရှိသော် ယဉ်ယဉ်ကျေးကျေး တင့်တယ်စွာရှိသည်။ သွားလာရာတွင် ခြေတို့ကို ဖြည်းဖြည်းသွား ညီညီချသည်။ လုပ်မှုကိုင်မှုတို့၌ သေသပ်သည်၊ အချိုအဆိမ့်နှင့် အမွှေးနံ့သာများကို ကြိုက်နှစ်သက်သည်။
ထူသည်ကား..
ရာဂစရိုက်ရှိသောသူသည် ကာမဂုဏ်အာရုံများကို စွဲမက်တတ်သည်၊ ပရိယာယ်၊ မာယာ အလိမ် အကောက်များသည်။ မာနကြီး၍ လိုချင်လောဘများ၏။
သဒ္ဓါစရိုက်ရှိသူသည် စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိသည်။ ဘုရားကို ပူဇော်ခြင်း၊ တရားကိုနာယူခြင်း၊ သံဃာတော်များကို ဝတ်တွားဆည်းကပ်ခြင်း အလေးအမြတ်ပြုခြင်းတို့ကို ပြုလုပ်လေ့ရှိသည်၊ ဤသို့ထူးပါသည်။
ဒေါသနှင့် ပညာစရိုက်ရှိသူတို့သည် သွားမှု လာမှုတို့၌ ကြမ်းတမ်းစွာဖြင့် စရိုက်ဆန်သည်။ လုပ်မှုကိုင်မှုတို့၌လည်း ယဉ်ကျေးမှုမရှိ၊ ချဉ်၊ ငန်၊ စပ်၊ ခါး စသော စူးရှသော အစာများကိုနှစ်သက်တတ်သည်။ မကောင်းသော အဆင်း အသံများကို ရသောအခါ သည်းခံချုပ်တည်းနိုင်စွမ်းမရှိ ဆဲဆို အော်ဟစ် ငေါက်ငန်း ကြမ်းတမ်းတမ်းစွာ ပြောဆိုတတ်သည်..။
ထူးသည်ကား..
ဒေါသစရိုက်ရှိသောသူသည် ရန်ငြိုးဖွဲ့မှု၊ ငြူစူမှု၊ သူတပါးဂုဏ်ကို ဖျက်ဆီးလိုမှု ဂုဏ်တုဂုဏ်ပြိုင် ပြုလိုမှု၊ အဆုံးအမခတ်မှုတို့ ဖြစ်လေ့ရှိသည်။
ပညာစရိုက်ရှိသောသူသည် စားသောက်ဖွယ်တို့၌ ချင့်ချိန်စွာ စားသောက်တတ်၍ သံသရာနောင်ရေးကို သတိပညာဖြင့် ကောင်းစွာ မြော်မြင်လေ့ရှိရကား ဂတိကောင်း၍ ထက်ထက်မြတ်မြတ်ရှိအောင် ပါရမီကုသိုလ်များကို လုံ့လသန်သန် မှန်မှန် ကြိုးစားလေ့ရှိသည်..။ ဤသို့ထူးပါသည်..။
မောဟနှင့်ဝိတတ်စရိုက် ရှိသောသူသည် ယမ်းဖယ်ယမ်းဖယ သွားလေ့ရှိ၏။ ကြောက်ရွံ့လျှက် ခြေကိုချသည်၊ ကြွသည်၊ မေ့မေ့လျော့လျော့ရှိသည်။ လုပ်ငန်းကိစ္စများ၌ ရှုပ်ထွေးမှုများ ရှိတတ်သည်။ စားသောက်မှု၌လည်း အဘယ်အစာကို ကြိုက်နှစ်သက်သည်ဟူ၍ မရှိတတ်၊ အကြောင်းအကျိုး အကောင်းအဆိုးကိုလည်း နှိုင်းချိန်ခွဲခြား၍ မသိတတ်။ အရာရာမှာ သူတကာ၏ နောက်လိုက်သာ ဖြစ်ရသည်။ သူများချီးမွမ်းသည်ကို နောက်မှလိုက်ပြီး ချီးမွမ်းတတ်သလို သူများကဲ့ရဲ့လျှင်လည်း နောက်မှလိုက်ပြီး ကဲ့ရဲ့တတ်သည်..။
သတိပညာကင်းလျက် ထိုင်းမှိုင်းခြင်း၊ ပျံ့လွင့်ခြင်းတို့နှင့်သာ အချိန်ကို ကုန်လွန်စေသည်။ ထိုစရိုက်နှစ်ပါးသည် ထူးမခြားနားဖြစ်၍ ထိုထိုအမှုကိစ္စ၌ စကားတွေ ပေါလျက် ကိစ္စမချောဘဲ မျော၍သာနေတတ်သည်။ လူ့ပေါ်ကျော့၊ လူလေ လူလွင့်တို့နှင့် ပျော်မွှေ့ကာ အကြံများလျက် အလကား လူပိုတွေသာ ဖြစ်တတ်သည်..။
မိမိကိုယ်ကို မည်သည့်စရိုက်ရှိသည်ကို ဆန်းစစ်ကြည့်ပါလေ…။
ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်မှ ထုတ်နှုတ်တင်ပြသည်..
အရှင်ဇောတိ (နံ့သာနီ) ထိုင်းနိုင်ငံ
0 Comments