၀ဉ္စနာတရား (ခေါ်) လှည့်ပတ်ကြောင်းတရား (၃၇) ပါး
(၁) ချစ်ခင်နှစ်သက်ခြင်း၊ တပ်မက်စွဲလမ်းခြင်း ဆိုတဲ့ ‘ရာဂ’ က မေတ္တာယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။ သံယောဇဉ်နဲ့ ချစ်တာကို မေတ္တာနဲ့ချစ်တယ်လို့ထင်တာမျိုး၊ တဏှာနဲ့ပွတ်သပ်ပိုက်ထွေးတာကို မေတ္တာနဲ့ ကြင်နာယုယတယ်လို့ ထင်တာမျိုးပေါ့။
(၂) စိတ်ပူခြင်း၊ စိုးရိမ်ခြင်း၊ ဝမ်းနည်းပူဆွေးခြင်းဆိုတဲ့ ‘သောက’ က ကရုဏာယောင် ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။ ကိုယ်ချစ်ရတဲ့သူတွေ ဆင်းရဲဒုက္ခရောက်နေတာကို ကြည့်ပြီး စိတ်မချမ်းသာဖြစ်နေတာကို သနားတတ်တယ်၊ စာနာတတ်တယ်လို့ ထင်နေတာမျိုးပေါ့။
(၃) ပျော်ရွှင်မြူးထူးခြင်းဆိုတဲ့ ‘ပဟာသ’ က မုဒိတာ ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။ သူတစ်ပါးရဲ့ အောင်မြင်မှုတစ်ခုခုကို အကြောင်းပြုပြီး အူမြူးခုန်ပေါက်နေတာ၊ ရယ်မောအော်ဟစ်နေတာ၊ ပျော်ပွဲနွှဲပြီး ကဲနေတာ၊ အပျော်ကြူးပြီး မူးနေတာကို သူတစ်ပါးရဲ့ အောင်မြင်မှုအတွက် နှစ်သက်ဝမ်းမြောက်တတ်တယ်၊ မုဒိတာပွားတတ်တယ်လို့ ထင်နေတာမျိုးပေါ့။
(၄) ကုသိုလ်အလုပ် အားထုတ်မှု မပြုတော့ခြင်းဆိုတဲ့ ‘နိက္ခိတ္တဓုရ’ က ဥပေက္ခာယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။ ကုသိုလ်ကိစ္စ ကြောင့်ကြမစိုက်ချင်တော့တာ၊ တာဝန်ယူချင်စိတ် မရှိတော့တာကို ‘ကံအတိုင်းပဲ မတတ်နိုင်ဘူး’ လို့ ကံကိုလွှဲချပြီး အပျင်းထူနေတာမျိုးပေါ့။
(၅) စိတ်ပူလောင်ခြင်း၊ စိတ်ဆင်းရဲခြင်း ဆိုတဲ့ ‘စိတ္တသန္တာပ’ က သံဝေဂယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ ရတာမလို၊ လိုတာမရလို့၊ အလုပ်အကိုင်အဆင်မပြေလို့၊ စိတ်ညစ်စရာ ပြဿနာတွေနဲ့ ကြုံတွေ့ရလို့ စိတ်ပူလောင်နေတာ၊ စိတ်ဆင်းရဲနေတာ၊ လောကကြီးအပေါ် မကျေမနပ်ဖြစ်နေတာကို ဘဝကြီးကို ငြီးငွေ့နေပြီ၊ သံသရာကြီးကို ထိတ်လန့်နေပြီလို့ ထင်နေတာမျိုးပေါ့။
(၆) သူတစ်ပါးအပေါ် မယုံမကြည်ဖြစ်နေခြင်း ဆိုတဲ့ ‘အသဒ္ဓိယ’ က ပညာလို့ခေါ်တဲ့ ဝီမံသယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ ဟိုလူ့မယုံ၊ ဒီလူ့မယုံ၊ ဟိုဟာမယုံ၊ ဒီဟာမယုံနဲ့ နေရာတကာ ယုံမှားသံသယ ဖြစ်နေတာ၊ သဒ္ဓါတရားခေါင်းပါးနေတာကိုပဲ စူးစမ်းဆင်ခြင်တတ်တယ်၊ ဝေဖန်ပိုင်းခြင်းတတ်တယ်၊ ဝိဘဇ္ဇဉာဏ် ရှိတယ်လို့ အသားလွတ် အထင်ကြီးနေတာမျိုးပေါ့။
(၇) ပုဂ္ဂိုလ်ရေး ဝေဖန်ပုတ်ခတ်ခြင်း ဆိုတဲ့ ‘ပုဂ္ဂလဂရဟိတာ’ က မကောင်းမှုကို ကဲ့ရဲ့ခြင်းဆိုတဲ့ ‘ပါပဂရဟိတာ’ ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။ ကောင်းစေချင်လို့ပြောတာပါ၊ သာသနာ့မျက်နှာကို ကြည့်ပြီး သာသနာစိတ်နဲ့ ရေးတာပါလို့ အသံကောင်း ဟစ်ပေမယ့် တကယ် တမ်းကျတော့ ဆရာကြီးလုပ်လိုစိတ်၊ မနာလိုစိတ်၊ နာကျည်းစိတ်တွေနဲ့ အပြစ်မရှိ မပြစ်ရှာပြီး ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာ ထိခိုက်အောင် ပြစ်တင်ဝေဖန် ကဲ့ရဲ့ရှုတ်ချ ပုတ်ခတ်စော်ကားတာမျိုးပေါ့။
(၈) စကားကြမ်း၊ စကားရိုင်း ပြောဆိုခြင်း ဆိုတဲ့ ‘ဖရုသဝါစာ’ က အပြစ်ကို နှိပ်ကွပ်ပြီး ဆုံးမခြင်းဆိုတဲ့ ‘နိဂ္ဂယှဝါဒိတာ’ ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။ အပြစ်ရှိသူကို နှိမ်ချပြီး ရိုင်းရိုင်းစိုင်းစိုင်း ကြမ်းကြမ်းတမ်းတမ်း မာမာကြောကြော ပြောဆိုတာကိုပဲ ကောင်းစေချင်လို့ ဆုံးမတာ၊ မခံချင်စိတ်ဖြစ်အောင်လို့ နှိုးဆွတာလို့ လှည့်စားတာမျိုးပေါ့။
(၉) ဒကာဒကာမတွေအပေါ် အောက်ကျို့ပြောဆိုခြင်းဆိုတဲ့ ‘စာဋုကမျတာ’ က ချစ်ဖွယ်စကားပြောဆိုခြင်းဆိုတဲ့ ‘ပိယဝါဒိတာ’ ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ လာဘ်လာဘကို ငဲ့ပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်နှိမ့်ချချနဲ့ ခယဆက်ဆံတာကိုပဲ ဒကာဒကာမတွေအပေါ် စကားပြောချိုသာတယ်၊ သဘောကောင်းတယ်လို့ ထင်နေတာမျိုးပေါ့။
(၁၀) မိမိပိုင် ပစ္စည်းဥစ္စာတွေကို သူတစ်ပါးနဲ့ ခွဲဝေမသုံးစွဲခြင်းဆိုတဲ့ ‘အသံဝိဘာဂသီလတာ’ က အသက်မွေးစင်ကြယ်ခြင်းဆိုတဲ့ ‘အာဇီဝပါရိသုဒ္ဓိ’ ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ ကိုယ့်ပစ္စည်း သူများမပေးချင်လို့ နှမြောတွန့်တိုနေတာကိုပဲ သီလမစင်ကြယ်သူကို လှူရင် အဆိပ်ပင်ရေလောင်းရာရောက်မှာစိုးလို့ အကြောင်းပြတာမျိုးပေါ့။
(၁၁) မှားမှားယွင်းယွင်း အသက်မွေးခြင်းဆိုတဲ့ ‘မိစ္ဆာဇီဝ’ က မိမိပိုင် ပစ္စည်းဥစ္စာတွေကို သူတစ်ပါးနဲ့ ခွဲဝေသုံးစွဲခြင်းဆိုတဲ့ ‘သံဝိဘာဂသီလတာ’ ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။ သီလမစင်ကြယ်သူတွေကို ထောက်ပံ့နေတာကိုပဲ အလှူအတန်း ရက်ရောတယ်လို့ သူတစ်ပါး ထင်မြင်စေချင်တာမျိုးပေါ့။
(၁၂) တရားနဲ့အညီ မချီးမြှောက်ခြင်းဆိုတဲ့ ‘အသင်္ဂဟသီလတာ’ ဒကာဒကာမတွေနဲ့ မရောနှောခြင်းဆိုတဲ့ ‘အသံသဂ္ဂဝိဟာရိတာ’ ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။ အခြေအနေပေးပါလျက် စကားမပြောချင်၊ တရားမဟောချင်တာကိုပဲ ဝိနည်းအထူးလေးစားသလိုလို၊ လူသူပရိတ်သတ်နဲ့ မရောနှောချင်သလိုလို ဟန်ဆောင်တာမျိုးပေါ့။
(၁၃) ရဟန်းနဲ့ မသင့်တော်တဲ့ လူပေါင်းပေါင်းခြင်း ‘အနနုလောမိကဂိဟိသံသဂ္ဂ’ က ချီးမြှောက်ခြင်း ‘သင်္ဂဟသီလတာ’ ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။ ရဟန်းစည်း၊ လူ့စည်း မထားဘဲ လူအချင်းချင်း ပေါင်းသလို ပေါင်းသင်းဆက်ဆံတာကိုပဲ ဒကာဒကာမတွေကို မေတ္တာနဲ့ ချီးမြှောက်တာလို့ အထင်ရောက်နေတာမျိုးပေါ့။
(၁၄) ကုန်းချော ကုန်းတိုက်ခြင်းဆိုတဲ့ ‘ပိသုဏဝါစတာ’ က အမှန်စကားပြောဆိုခြင်း ဆိုတဲ့ ‘သစ္စဝါဒိတာ’ ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။ ‘တို့က မှန်တာပြောတာပဲ၊ ဘာဖြစ်လဲ’ ဆိုပြီး ချစ်ခင်နေသူချင်း အချစ်ပြယ်သွားအောင်၊ ညီညွတ်နေသူချင်း အစည်းပြေသွားအောင် စကားကို ကိုယ်သိတိုင်း လျှောက်ပြောတာမျိုးပေါ့။
(၁၅) သူတစ်ပါးကျိုးမဲ့ကို လိုလားခြင်းဆိုတဲ့ ‘အနတ္တကာမတာ’ က ကုန်းစကား မပြောလိုခြင်းဆိုတဲ့ ‘အပိသုဏဝါစတာ’ ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ အကျိုးစီးပွားပျက်ပြားရာ ပျက်ပြားကြောင်း တခြားတစ်စုံတစ်ယောက်က ကြံစည်ပြောဆိုလုပ်ကိုင်နေတာကို သိပါလျက် ‘ကုန်းတိုက်ရာရောက်မှာစိုးလို့’ လို့အကြောင်းပြပြီး မပြောဘဲ ထားတာမျိုးပေါ့။
(၁၆) ကိုယ့်ဒကာကို သူ့ဒကာဖြစ်သွားမှာ စိုးရိမ်ခြင်းဆိုတဲ့ ‘ကုလမစ္ဆရိယ’ က ကိုယ့် ဒကာကို ညှာတာသနားခြင်း၊ အားနာခြင်းဆိုတဲ့ ‘ကုလာနုဒယတာ’ ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။
(၁၇) ကိုယ့်ကျောင်း သူများမလာစေလိုခြင်း၊ ကျောင်းဝန်တိုခြင်းဆိုတဲ့ ‘အာဝါသမစ္ဆရိယ’ က ကျောင်းရေရှည်တည်တံ့စေလိုခြင်း၊ ကျောင်းမပျက်စီးစေလိုခြင်း ဆိုတဲ့ ‘အာဝါသစိရတရကာမတာ’ ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
(၁၈) တရားဓမ္မနဲ့ ပတ်သက်တာတွေကို ဝန်တိုခြင်း ဆိုတဲ့ ‘ဓမ္မမစ္ဆရိယ’ က တရားဓမ္မ နဲ့ပါတ်သက်တာတွေကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုတဲ့ ‘ဓမ္မပဋိဗန္ဓပရိဟရဏတာ’ ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။
(၁၉) အကျိုးမဲ့စကားတွေ အချိန်ဖြုန်းပြောဆိုရတာကို ပျော်မွေ့ခြင်းဆိုတဲ့ ‘ဘဿာရာမတာ’ က တရားစကား ပြောကြားနေရတာကို ပျော်မွေ့ခြင်းဆိုတဲ့ ‘ဓမ္မဒေသနာဘိရတိ’ ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။
(၂၀) အပေါင်းအဖေါ်တွေနဲ့ မွေ့လျော်ခြင်းဆိုတဲ့ ‘သင်္ဂဏိကာရာမတာ’ က တပည့် အပေါင်းကို ချီးမြှောက်ခြင်းဆိုတဲ့ ‘ဂဏာနုဂ္ဂဟကရဏတာ’ ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။
(၂၁) အမှုကိစ္စအမျိုးမျိုးမှာ မွေ့လျော်ခြင်းဆိုတဲ့ ‘ကမ္မာရာမတာ’ က ကုသိုလ်ကောင်းမှုမှာ မွေ့လျော်ခြင်းဆိုတဲ့ ‘ပုညကမ္မတာ’ ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။
(၂၂) ဒေါသနဲ့ ရွံရှာစက်ဆုပ်ခြင်းဆိုတဲ့ ‘ဗျာပါဒ’ ဘာဝနာကမ္မဋ္ဌာန်းနဲ့ ရွံရှာစက်ဆုပ်ခြင်းဆိုတဲ့ ‘ပဋိကူလသညတာ’ ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။
(၂၃) ကာမဂုဏ်အာရုံအပေါ် နှစ်သက်ခြင်းဆိုတဲ့ ‘ကာမစ္ဆန္ဒ’ က ဘာဝနာကမ္မဋ္ဌာန်းကြောင့် မရွံရှာ မစက်ဆုပ်ခြင်းဆိုတဲ့ ‘အပ္ပဋိကူလသညတာ’ ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
(၂၄) အိပ်ချင်ငိုက်မျဉ်းခြင်း၊ ပျင်းရိခြင်းဆိုတဲ့ ‘ထိနမိဒ္ဓ’ က စိတ်တည်ငြိမ်ခြင်း၊ ဘေးအာရုံတွေ မသိတော့ခြင်းဆိုတဲ့ ‘သမာဓိ’ ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။
(၂၅) စိတ်ပျံ့လွင့်ပြီး ဟိုလုပ်ဒီလုပ်လျှောက်လုပ်ခြင်းဆိုတဲ့ ‘ဥဒ္ဓစ္စ’ က ကြိုးစားအားထုတ်ခြင်း ‘ဝီရိယ’ ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။
(၂၆) အပ်၊ မအပ် စိတ်ပူပန်ခြင်းဆိုတဲ့ ‘ကုက္ကုစ္စ’ က ဝိနည်းအထူးလေးစားခြင်း ဆိုတဲ့ ‘သိက္ခာကာမတာ’ ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။
(၂၇) ယုံမှားသံသယဖြစ်ခြင်းဆိုတဲ့ ‘ဝိစိကိစ္ဆာ’ က ဟိုဘက်ဒီဘက် နှစ်ဘက်မျှအောင် စူးစမ်းဆင်ခြင်ခြင်းဆိုတဲ့ ‘ဥဘယပက္ခသန္တီရဏတာ’ ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။
(၂၈) အကောင်း အကောင်းမှန်းမသိ၊ အဆိုး အဆိုးမှန်းမသိတဲ့ ‘သမ္မောဟ’ က အကောင်းအဆိုးအားလုံးကို မတုန်မလှုပ် လျစ်လျူရှုတဲ့ ‘ဣဋ္ဌာနိဋ္ဌသမုပေက္ခနာ’ ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။
(၂၉) အယူအဆ မှားယွင်းခြင်းဆိုတဲ့ ‘မိစ္ဆာဒိဋ္ဌိ’ က စူးစမ်းဆင်ခြင်ခြင်း၊ အကြောင်းဟုတ်မဟုတ် လေ့လာခြင်းဆိုတဲ့ ‘ဝီမံသာ၊ ဟေတုပရိဂ္ဂဟ’ ယောင် ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။
(၃၀) သတ္တဝါတွေအပေါ် သနားဂရုဏာ မရှိခြင်းဆိုတဲ့ ‘အဒယာပန္နတာ’ က သတ္တဝါတွေအပေါ် တပ်မက်မှုကင်းခြင်းဆိုတဲ့ ‘ဝိရတ္တတာ’ ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။
(၃၁) ကာမဂုဏ် ချမ်းသာတွေအပေါ် ငြိကပ်စွ ခံစားခြင်း ဆိုတဲ့ ‘ကာမသုခလ္လိကာနုယောဂ’ က ရဟန်းတွေကို ဘုရားရှင် ခွင့်ပြုတဲ့ပစ္စည်း သုံးဆောင်ခြင်းဆိုတဲ့ ‘အနုညာတပဋိသေဝနာ’ ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။
(၃၂) ဆရာသမားတွေရဲ့ အဆုံးအမကို တရိုတသေ မခံယူခြင်းဆိုတဲ့ ‘အပဒက္ခိဏဂ္ဂါဟိတာ’ က ကိုယ့်ကိုယ်ကို အကြီးအမှူးထား အားကိုးခြင်းဆိုတဲ့ ‘အတ္တာဓိပတေယျတာ’ ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။
(၃၃) တရားကျင့်ဖက် သီတင်းသုံးဖေါ်တွေအပေါ် မရိုမသေ မလေးစားခြင်းဆိုတဲ့ ‘သဗြဟ္မစာရီအဂါရဝ’ က တရားတော်ကို ရိုသေလေးစားခြင်းဆိုတဲ့ ‘ဓမ္မာဓိပတေယျတာ’ ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။
(၃၄) မိမိကိုယ်ကိုရော၊ တရားတော်ကိုပါ ဖျက်ဆီးခြင်းဆိုတဲ့ ‘အတ္တဓမ္မပရိဗ္ဘဝ’ က လောကကို အလေးအမြတ်ပြုခြင်းဆိုတဲ့ ‘လောကာဓိပတေယျတာ’ ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။
(၃၅) မိတ်ဆွေအပေါင်း၊ ဧည့်သည်အပေါင်းနဲ့ ဝမ်းမြောက်ဝမ်းသာ မပြောဆိုနိုင်ခြင်း ဆိုတဲ့ ‘အသမ္မောဒနသီလတာ’ က နှိုင်းနှိုင်းချိန်ချိန် ပြောဆိုခြင်းဆိုတဲ့ ‘မိတဘာဏိတာ’ ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။
(၃၆) လှည့်ပတ်ခြင်း၊ ကောက်ကျစ်ခြင်းဆိုတဲ့ ‘မာယာသာဌေယျ’ က ဝမ်းမြောက် ဝမ်းသာ ပြောဆိုနိုင်ခြင်းဆိုတဲ့ ‘သမ္မောဒနသီလတာ’ ယောင် ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။
(၃၇) မစူးစမ်း မဆင်ခြင်ခြင်းဆိုတဲ့ ‘အပရိက္ခဏတာ’ က သဒ္ဓါတရား အားကြီးခြင်း ဆိုတဲ့ ‘သဒ္ဓါလုတာ’ ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။
#dhamma #ဘာသာရေး #ဓမ္မ #တရား #တိပိဋက #တိပိဋကမြန်မာပြန် #အရှင်ဇောတိနံ့သာနီ #တရားစကား
Credit : #အရှင်ဆန္ဒာဓိက (ကိုယ့်စိတ်ကိုယ်စိတ်)
0 Comments