Advertisement

Responsive Advertisement

ဘုရား အနေကဇာတင် ပါဠိ မြန်မာပြန်

 

ဘုရား အနေကဇာတင် ပါဌ်/အနက်

===================


(၁) အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။

ဂဟကာရံ၊ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။

(၂) ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ န ကာဟသိ။

သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ဝိသင်္ခတံ။

ဝိသင်္ခါရ ဂတံ စိတ္တံ၊ တဏှာနံ ခယမဇ္ဈဂါ။


၁။ ပုနပ္ပုနံ-ဘဝသံသရာ ဖန်ခါခါလျှင် ခန္ဓာဝဋ်ဇာတ် အမြစ်မပြတ်နိုင်ဘဲ၊ ဇာတိ- ယောနိလေးထွေ လှည့်ပတ်ဖွေလျက် သန္ဓေစွဲမှီ တည်နေဖြစ်ပွားရခြင်းသည်၊ ဒုက္ခာ-သန္ဓေဇာတိ ခန္ဓာရှိလျှင် ဗျာဓိဇရာ မရဏာတို့ မကွာနှောက်ယှက် ဝင်နှိပ်စက်သဖြင့် သက်သက်ချမ်းသာ မဟုတ်ပါဘဲ လွန်စွာညှိုးနွမ်း ပင်ပန်းဆင်းရဲလှဘိ၏။ (တသ္မာ-ထို့ကြောင့်) အဟံ- ဘုရားအလျာ သူမြတ်ငါသည်၊ ဂဟကာရံ - ဒုက္ခယှက်လိမ် ခန္ဓာအိမ်ကို ကြိမ်ကြိမ်ကြိုးကုတ် တည်ဆောက်လုပ်သည့် အယုတ်တမာအကြောင်းရင်း သမုဒယသစ္စာဖြစ်သော တဏှာယောကျ်ား လက်သမားကို၊ ဂဝေသန္တော လက်သည်စင်စစ် ဘယ်သူဖြစ်ဟု စိစစ်ထောက်လှမ်း စူးစမ်းရှာဖွေလျက်၊ (ဝါ) စူးစမ်းရှာဖွေသော ဘုရားအလျာ သူမြတ်ငါသည်၊ အနိဗ္ဗိသံ-အနိဗ္ဗိသန္တော-တဏှာယောကျ်ား လက်သမားကို ပိုင်ခြား ထင်ထင် လင်းလင်းမြင်သည့် သဗ္ဗညုတာ ဉာဏ်မဟာကို သမ္ဘာနုထွေး ငါမရသေးသည်ဖြစ်၍ (ဝါ) ငါမရသေးသောကြောင့်၊ အနေကဇာတိ သံသာရံ-ဘဝများစွာ သံသရာကာလပတ်လုံး၊ သန္ဓာဝိဿံ-ခန္ဓာငါးချက် ဒုက္ခစက်ကို ကြောက်လျက်ပင်လျှင် ငါမခင်ဘဲ သံသရာဝဋ် ချားရဟတ်၌ မရပ်မနား တဖားဖားလျှင် ပြေးသွားကျင်လည်ခဲ့ရလေပြီ။


၂။ ဂဟကာရက-ဒုက္ခယှက်လိမ် ခန္ဓာအိမ်ကို ကြိမ်ကြိမ်ကြိုးကုတ် တည်ဆောက်လုပ် သည့် အယုတ်တမာ အကြောင်းရင်း သမုဒယသစ္စာဖြစ်သော တဏှာယောကျ်ား ဟယ်... လက်သမား၊ ဣဒါနိ- ဘုရားဖြစ်လာ ယခုအခါ၌၊ တွံ-သင် တဏှာယောကျ်ား လက်သမားကို၊ ဒိဋ္ဌော- သဗ္ဗညုတ ဉာဏ်ကိုရသဖြင့် ဒိဋ္ဌထင်ထင် ငါမြင်အပ်သည်၊ အသိ-ဖြစ်ပေ၏၊ တွံ-သင်တဏှာယောကျ်ား လက် သမားသည်၊ ဂေဟံ-ဒုက္ခယှက်လိမ် ခန္ဓာကိုယ် အတ္တဘောတည်းဟူသောအိမ်ကို၊ ပုန ဂေဟံ န ကာဟသိ- ခြေ နင့်လက် နင့်အသက်ကို လေးမဂ်လျှံရှိန် ဉာဏ်ပုဆိန်ဖြင့် လေးကြိမ်ဖြတ်ခုတ် အမြစ်ပြုတ်သည့် သစ်ငုတ်တိုဟန် နင်ဖြစ်ပြီမှန်သောကြောင့် တဖန်ထပ်တဖန် နင်ဆောက်လုပ်နိုင်တော့မည် မဟုတ်ချေ။ တေ-သင် တဏှာယောကျ်ား လက်သမား၏၊ သဗ္ဗာ-တစ်ခုမကြွင်း ခပင်းဥဿုံ အလုံးစုံကုန်သော၊ ဖာသုကာ- အခိုင်အမာ တည်ဆောက် ခန္ဓာအိမ်တည်းဟူသော ဘုံကွန်းပြောက်၏ ထုပ်လျောက်ဒိုင်းမြား ကိလေသာနယ်ပွား တရားတို့ကို၊ ဘဂ္ဂါ- ဝါသနာ အငွေ့အသက်နှင့်တကွ အနုသယသတ္တိ ကျန်မရှိအောင် စိစိကြေညက် ငါချိုးဖျက်အပ်လေပြီ၊ ဂဟကူဋံ-သစ္စာလေးအင် နိဗ္ဗာန်သွင်ကို မြင်ခွင့်မပေး ဝေးထက်ဝေးအောင် အရေးကန့်လန့် တားဟန့်ပိတ်ကာ အဝိဇ္ဇာ တည်းဟူသော အိမ်၏အထွတ်ကို၊ ဝိသင်္ခတံ-မုန့်မုန့်ကြေမွ ငါဖျက်ချအပ်လေပြီ၊ စိတ္တံ-ကိလေသာဟူ မြူအညစ်အကြေး ကင်းဝေးဖြူလွင် ငါဘုရား၏ စိတ်အစဉ်သည်၊ ဝိသင်္ခါရံ-သင်္ခါရစက်ကွင်း ဒုက္ခခပင်းမှ လွတ်ကင်းရာအမှန် နန်းနိဗ္ဗာန်သို့၊ ဂတံ-အာရုံမျက်မှောက် သန္တိဓာတ် သိဒ္ဓိပေါက်သဖြင့် ဆိုက်ရောက် သက်ဝင်မိလေပြီ၊ အဟံ-သုံးလောကထွတ်ထား ငါဘုရားသည်၊ တဏှာနံ ခယံ-တဏှာတရာ့ရှစ်ပါး၏ ပျက်ပြားကုန်ခန်းရာ အာသဝက္ခယ စတုတ္ထမဂ်ဖိုလ်သို့၊ အဇ္ဈဂါ-စက္ကဝါရိုက်ပေါင်း တိုက်တစ်သောင်းမှ နတ်ပေါင်းဗြဟ္မာ ကောင်းကြေငြာလျှက် ကြည်သာဝမ်းမြောက် ငါ ဆိုက်ရောက်ခဲ့လေပြီတကား။

တိပိဋက မြန်မာပြန် 

Post a Comment

0 Comments