Advertisement

Responsive Advertisement

ဒိဋ္ဌိဖြစ်ကြောင်း ( ၈)ပါး

 


" ဒိဋ္ဌိဖြစ်ကြောင်း ( ၈)ပါး "

   ➖➖➖➖➖➖➖➖➖➖➖

ခန္ဓာ အဝိဇ္ဇာ ဖဿောစ ၊  သညာ တက္ကော အယောနိသော ။

ဒုမ္မိတ္တော ပရတော ဃောသော ၊ ဒိဋ္ဌိဋ္ဌာနာနိ အဋ္ဌဓာ ။  ဆိုပြီး 

ဒိဋ္ဌိဖြစ်ခြင်းအကြောင်း ရှစ်ပါးရှိတယ်.. သို့သော်... လိုရင်းကတော့ ခန္ဓာမသိလို့ လာတာချည်းပဲ...

၁ ။ ခန္ဓာ၏ သဘောကို မသိခြင်းကြောင့် ဒိဋ္ဌိဝင်တယ် ၊

ခန္ဓာငါးပါးထဲက ဘယ်ဟာကိုပဲရှုရှု ၊ တစ်ခုခုကို ရွေးရှုပါ ၊ ဥပမာ... ရုပ်ကို ရှုတယ်ဆိုရင် ရုပ်ကလေးတွေ ပေါ်လာတာလဲ သိအောင် ၊ ပျောက်သွားတာလဲ သိအောင် ရှုပါ ၊ ပြောနေကျ စကားလုံးနဲ့ ပြောရရင် ဖြစ်လာတာလဲ သိအောင် ၊ ပျက်သွားတာလဲ သိအောင် ရှုပါ ၊ ရုပ်ကို တွေ့နေရုံနဲ့ မပြီးသေးဘူး ။

အလားတူပဲ ဝေဒနာကို ရှုတဲ့အခါမှာလဲ ဝေဒနာကို တွေ့နေရုံနဲ့ မပြီးသေး ၊ ဝေဒနာရဲ့ အဖြစ်အပျက်ကို တွေ့သည်အထိ ရှုပါ ။

သညာ, သင်္ခါရ, စိတ်တို့ကို ရှုတဲ့အခါမှာလဲ အဖြစ်အပျက် တွေ့သည်အထိ ရှုပါ ၊ ဖြစ်တိုင်းသိ ပျက်တိုင်းသိအောင် ရှုပါ ။

အဲလိုသိလာရင် သိတိုင်း, သိတိုင်း ပုဂ္ဂိုလ် သတ္တဝါ ယောကျ်ားမိန်းမ ပျောက်နေတယ် ။

ဘာလို့လဲဆိုတော့ ဖြစ်တာ ပျက်တာက ပုဂ္ဂိုလ် သတ္တဝါမှ မဟုတ်ဘဲ ၊ ဒုက္ခတွေဖြစ်၍ ဒုက္ခတွေပျက်နေတာပဲဟာ... ၊ အဲဒီလိုသိလာတော့ ဒိဋ္ဌိကွာတာပေါ့... ။

အဲသည်လို ခန္ဓာရဲ့ ဖြစ်တာ ပျက်တာကို မမြင်ရင်.. ခန္ဓာ့အကြောင်းကို မသိရင် ပုဂ္ဂိုလ် သတ္တဝါထင်နေမယ် ၊ ပုဂ္ဂိုလ် သတ္တဝါ ထင်ရင် ဒိဋ္ဌိဝင်တာပေါ့... ။

အချုပ်ပြောကြစို့ဆိုတော်... ခန္ဓာဖြစ်၍ ခန္ဓာပျက်တာကို မသိရင် ဒိဋ္ဌိဝင်တယ် ၊ ဒိဋ္ဌိဝင်ခြင်းရဲ့ အကြောင်းတစ်ခုပေါ့... ။

၂ ။ နောက်တစ်ခုက အဝိဇ္ဇာကြောင့်လည်း ဒိဋ္ဌိဖြစ်တယ်... ၊

ရုပ်ပေါ်တာ ရုပ်ပျက်တာ မသိ ၊ ဝေဒနာ, သညာ, သင်္ခါရ, စိတ်တွေပေါ်တာ စိတ်တွေပျက်တာ မသိရင် ဒိဋ္ဌိဝင်တယ် ။

၃ ။ ဖဿကြောင့်လည်း ဒိဋ္ဌိဖြစ်တယ် ၊

အခံဓာတ် + အတိုက်ဓာတ် + အပွင့်ဓာတ်တွေ့ဆုံကြတာဟာ... ဖဿပေါ့ ၊ အဲဒီဖဿဖြစ်တာ တွေ့ထိတာတွေကိုပဲ ငါတွေ့ထိတယ် ၊ သူတွေ့ထိတယ် လုပ်နေတော့ ဒိဋ္ဌိဝင်တာပေါ့... ၊ အမှန်က ဓာတ်တွေ ဆုံကြ ကြုံကြခြင်းမျှသာ ဖြစ်တယ်... ။

၄ ။ သညာမှား အမှတ်မှားလို့လည်း ဒိဋ္ဌိဖြစ် ၊

ခန္ဓာတွေ ရုပ်နာမ်တွေကို သူပဲ ငါပဲ ၊ ယောကျ်ားမိန်းမပဲလို့ အမှတ်မှားသောကြောင့်လည်း ဒိဋ္ဌိဖြစ်တယ်... ။

၅ ။ ဝိတက်ကြောင့်လည်း ဒိဋ္ဌိဖြစ်တယ် ၊

မျက်စိ, နှား, နှာ စတဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို  " ငါပိုင် ငါစိုး " ဟု ကြံစည်မှားသောကြောင့် ဒိဋ္ဌိဖြစ်ရတယ်... ။

၆ ။ ( အယောနိသော)  နှလုံးသွင်းမှားလို့လည်း ဒိဋ္ဌိဖြစ်ရတယ် ၊

ဖြစ်လိုက် ပျက်လိုက်နဲ့ ရုပ်နာမ်ခန္ဓာတွေကိုပဲ ယောကျ်ားလို့ နှလုံးသွင်း ၊ မိန်းမလို့ နှလုံးသွင်း ၊ သမီးလို့ သားလို့ စသည် နှလုံးသွင်းမှားသောကြောင့်လည်း ဒိဋ္ဌိဖြစ်ရတယ်... ။

၇ ။ ( ဒုမ္မိတ္တ)  မိတ်ဆွေမှားနဲ့ ပေါင်းသင်းမိလို့လည်း ဒိဋ္ဌိဖြစ်ရတယ် ၊

ခရစ်ယာန်နဲ့ ပေါင်းလို့ ခရစ်ယာန်ဖြစ် ၊ မူဆလင်နဲ့ပေါင်းလို့ မူဆလင်ဖြစ်ရ.... ။

၈ ။ ( ပရတော ဃောသော)  မှားတဲ့တရားကို နာမိလို့လဲ ဒိဋ္ဌိဖြစ်ရ ၊

သူတစ်ပါးထံမှ ဒိဋ္ဌိမကွာတဲ့တရားကို နာရလို့လဲ ဒိဋ္ဌိဖြစ်ရတယ်.... ။

ဤနည်းအားဖြင့် ဒိဋ္ဌိ ( မိစ္ဆာ ဒိဋ္ဌိ ) ဖြစ်ခြင်း၏ အကြောင်းရင်း ( ၈)  ပါးကို မြတ်စွာဘုရား ဟောပြထားတော်မူတယ်... ။

( ဆောင်)  .....

➖➖➖

🌹 ခန္ဓာမသိ - အဝိဇ္ဇာရှိ ၊ တွေ့ထိ - အမှတ်မှား ။

🌹ကြံစည် - နှလုံးသွင်း ၊ မိတ်ပေါင်းသင်း - ပျက်ယွင်း နာတရား ။

🌹 ဤရှစ်ပါးတွင် ၊ တစ်အင်အင်ကြောင့် ၊

အမြင်ယွင်းဖောက် ၊ ဒိဋ္ဌိရောက် ၊ တောက်လျှောက် အပါယ်သွား ။ ။

ဤသို့အားဖြင့် ဒိဋ္ဌိဖြစ်ခြင်း၏ အကြောင်းတရား

( ၈) ပါး ရှိကြောင်းကို အဋ္ဌကထာ၌ ဖွင့်ဆိုပြလေသည်..

#တိပိဋကမြန်မာပြန်

 

 


Post a Comment

0 Comments