ပညတ် နှင့် ပရမတ်
ပညတ် ဆိုတာ ဘာလဲ ? အဟုတ်တကယ် ရှိသလို၊ လောကသင်္ကေတ အမှတ်ဖြင့် ခေါ်ဝေါ်ကြတဲ့ သဘောဟာ ပညတ် ဖြစ်ပါတယ်။
လောကီနယ်မှာ လူမျိုးအလိုက် ဒေသအလိုက် ကာလအလိုက် အများသဘောတူ ခေါ်ဝေါ် သမုတ်ကြတဲ့ အမည် တွေသာ ဖြစ်ပါတယ်။
ဘယ်သူ့ကိုမှ လိမ်လည် လှည့်ပတ် အကျိုးမဲ့ဖြစ်အောင်၊ လုပ်ခြင်း မဟုတ်လို့.. မုသာဝါဒ မဖြစ်ပါဘူး။ အကုသိုလ် ကျူးလွန်ရာလဲ မရောက်ပါဘူး။ လောကီအလိုက် မှန်ကန်ခြင်းကြောင့် သမုတိသစ္စာ လို့ ခေါ်ရပါတယ်။
အဲသည် သမုတိသစ္စာခေါ်တဲ့ ပညတ် နယ်မှာ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ အတ္တ ဇီ၀ စသည်ဖြင့် အခေါ်အဝေါ်ရှိပါတယ်။
ကျွဲ နွား ဆင် မြင်း ခွေး ကြောင် ကြက် ငှက် တီ မျှော့ စသည် ခေါ်ဝေါ်ပြောဆိုလေ့ ရှိကြပါတယ်။ ဦးခေါင်း ခြေ လက် စသည်ဖြင့် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေနဲ့လည်း အခေါ်ရှိကြပါတယ်။
ထိုသို့ ပညတ်နယ်မှာ ခေါ်ဝေါ် ပြောဆိုသမျှတို့ဟာ သမုတိသစ္စံ မုသာဝါဒ ပဋိပက္ခံ ဆိုတဲ့ အတိုင်း၊ မုသာဝါဒ၏ ပဋိပက္ခဖြစ်လို့၊ လိမ်လည် လှည့်ဖြားရာ မရောက်ပါဘူး။
ဒေသအလိုက် ကာလအလိုက် အမည်တွေကို ပြောင်းလဲပြီးတော့လည်း ခေါ်နိုင်ကြပါသေးတယ်။ ဥပမာ - ကောက်ညှင်းကျည်တောက်၊ ခဲတံချောင်း၊ ပေါင်းတင်းကျည် စသည်ဖြင့် အမည်အမျိုးမျိုး ဒေသအလိုက် ခေါ်ဆိုကြပါတယ်။
ရှေးက မြေထဲမြို့ ကို အာလံမြို့၊ အောင်လံမြို့ လို့ ကာလအလိုက် အဆင့်ဆင့် ပြောင်းလဲခေါ်ဆိုနိုင်ပါတယ်။
ငယ်နာမည် ဘုတ်ဆုံ ကို ကောလိပ်ကျောင်းသူ ဖြစ်လာတော့ သဒ္ဓါဖြူလို့ စိတ်တိုင်းကျ ပြောင်းလဲ ခေါ်ဆိုနိုင်ပါတယ်။
သို့သော်လည်း ပုဂ္ဂိုလ် သတ္တဝါဆိုတာ ရုပ် နာမ် တို့၏ အစုအပေါင်းလို့ မသိ၊ တစ်ခါမွေးပြီး နောက်ဆုံးတစ်ကြိမ်သာ သေတာဘဲလို့ ထင်မှတ်နေကြပါတယ်။
တစ်ဘဝအတွင်းမှာ အကြိမ်ကြိမ် အခါခါ သေနေတယ်၊ အခါခါ ဖြစ်ပြီး၊ အခါခါချုပ်ပျောက်နေတယ်လို့ မသိကြတဲ့အတွက် မှားယွင်းဖောက်ပြန်တဲ့ ဝိပ္ပလ္လာသ တရားတွေ ဖြစ်တတ်ပါတယ်။
အဲသည်လို ဝိပ္ပလ္လာသ တရားတွေဖြစ်တော့ ဒိဋ္ဌိ တဏှာ မာန ဆိုတဲ့ ပပဉ္စတရားတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ထိုတရားတွေ ဖြစ်ပေါ်လာရင် သံသရာသစ်ငုတ် အဖြစ်နဲ့ ဘယ်တော့မှ အမြစ်မပြုတ်တော့၊ ဘယ်တော့မှ အမြစ်မပြုတ်လျှင် ဝိနိပါတဘေးကြီးမှ ဘယ်တော့မှ မလွတ်နိုင်ဘူးလို့ မှတ်ယူရမှာပါ။
ယခု ပညတ် အမျိုးမျိုး ကွဲပြားပုံကို ဆက်လက်ဖော်ပြချင်ပါတယ်။
ပညတ် ၆ မျိုး ရှိတယ်လို့ မှတ်ရပါမယ်။ အဲဒါတွေက ..
(၁) ဝိဇ္ဇမာနပညတ် ဆိုတာ ထင်ရှားရှိတဲ့ ပရမတ္တသဘောတရားတို့ရဲ့အမည်များ ဖြစ်ပါတယ်။ ဥဒါဟရုဏ်အားဖြင့် စိတ် စေတသိက် ရုပ် နိဗ္ဗာန် တို့ဖြစ်ပါတယ်။
အာရုံကို ကြံတတ် သိတတ်တဲ့ သဘောတရားသက်သက်ကို စိတ် လို့ ခေါ်ပါတယ်။ အမှန်စင်စစ်တော့ ထိုကြံတတ် သိတတ်တဲ့ သဘောတရားကို ခေါ်ဝေါ်ပညတ်လိုက်တဲ့ အမည်ပဲဖြစ်ပါတယ်။
စေတသိက်ဆိုတာကလည်း စိတ်နဲ့အတူတကွ မှီရာ တည်ရာ ဖြစ်တယ်။ အာရုံကိုလည်း အတူတကွ ယူတတ်တယ်။ စိတ်နဲ့တစ်ပြိုင်နက်ဖြစ်ပြီး၊ တပြိုင်နက်ပျက်တတ်တဲ့ ပရမတ္တသဘောတရားသက်သက်ကို ခေါ်ဝေါ် သမုတ်လိုက်တဲ့ အမည်ပဲဖြစ်ပါတယ်။
ရုပ် ဆိုတာလည်း အပူ အအေး စတဲ့ ဆန့်ကျင်ဘက် အကြောင်းတွေကြောင့်၊ ဖောက်ပြန်တတ်တဲ့ ပရမတ္တသဘောတရားသက်သက်ကို ခေါ်ဝေါ်ပညတ်လိုက်တဲ့ အမည်ပဲဖြစ်ပါတယ်။
နိဗ္ဗာန် ဆိုတာကလည်း တဏှာအကြွင်းမဲ့ ချုပ်တဲ့သဘော လောဘမီးစတဲ့ ၁၁ ပါးသော မီးတို့ ငြိမ်းအေးခြင်း အသင်္ခတ ပရမတ် သဘောတရားသက်သက်ကို ခေါ်ဝေါ်ပညတ်လိုက်တဲ့ အမည်ပါပဲ။
(၂) အဝိဇ္ဇမာနပညတ် ဆိုတာကတော့ ထင်ရှားမရှိတဲ့ ပညတ်တွေရဲ့အမည်တွေဖြစ်ပါတယ်။
ဥဒါဟရုဏ်အားဖြင့် ပုဂ္ဂိုလ် သတ္တဝါ ငါ သူတပါး ယောကျ်ား မိန်းမ အတ္တ ဇီ၀ အသက် လိပ်ပြာစတဲ့ အမည်များ ဖြစ်ကြပါတယ်။ ထိုအမည်တို့ဟာ အခေါ်သာရှိပြီး ပရမတ္တအားဖြင့် တကယ်ရှိတဲ့ အမည်များ မဟုတ်ကြပါဘူး။
(၃) ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ် ကတော့ ထင်ရှားရှိတဲ့ ပရမတ္တအမည် နဲ့ ထင်ရှားမရှိတဲ့ ပညတ်ကို ပေါင်းပြီး ခေါ်တဲ့ အမည်များ ဖြစ်ကြပါတယ်။
ဥဒါဟရုဏ်အားဖြင့် အဘိညာဉ်ရ + ပုဂ္ဂိုလ်, သကဒါဂါမ် + ပုဂ္ဂိုလ် စတဲ့ အမည်များ ဖြစ်ကြပါတယ်။
အဘိညာဉ် သောတာပန် သကဒါဂါမ်တို့ဟာ ပရမတ္တအားဖြင့် ထင်ရှားရှိတဲ့ အမည်များ ဖြစ်ကြပါတယ်။ ပုဂ္ဂိုလ် ဆိုတာက ထင်ရှားမရှိတဲ့ ပညတ်အမည်သက်သက် ဖြစ်ပါတယ်။
(၄) အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ် ကတော့ ထင်ရှား မရှိတဲ့ ပညတ် နဲ့ ထင်ရှားရှိတဲ့ ပရမတ္တ အခေါ်အဝေါ်ကို ပေါင်းပြီး ခေါ်တဲ့ အမည်များ ဖြစ်ပါတယ်။
ဥဒါဟရုဏ်အားဖြင့် မိန်းမ + အသံ, ပန်း + အနံ့ စတဲ့ အမည်များ ဖြစ်ပါတယ်။
မိန်းမ ၊ ပန်း တို့ဟာ ထင်ရှားမရှိတဲ့ ပညတ် အမည်တွေ ဖြစ်ပြီး၊ အသံ နဲ့ အနံ့ ကတော့ ထင်ရှား ရှိတဲ့ ပရမတ်အမည်များ ဖြစ်ကြပါတယ်။
(၅) ဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ် ဆိုတာကတော့ ထင်ရှားရှိတဲ့ ပရမတ္တ နဲ့ ထင်ရှားရှိတဲ့ ပရမတ္တ အခေါ်အဝေါ် တို့ကို ပေါင်းပြီးခေါ်ဆိုတဲ့ အမည်များ ဖြစ်ပါတယ်။
ဥဒါဟရုဏ် = စက္ခု + ဝိညာဏ်စိတ်၊ သောတ + ဝိညာဏ်စိတ် စတဲ့ အမည်များ ဖြစ်ပါတယ်။
စက္ခု နှင့် ဝိညာဏ်စိတ် ၊ သောတ နှင့် ဝိညာဏ်စိတ် တို့ဟာ ထင်ရှားရှိတဲ့ ပရမတ္တအမည် အချင်းချင်း ပူးပေါင်း ခေါ်ဝေါ်တာပါ။
(၆) အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ် ကတော့ ထင်ရှားမရှိတဲ့ ပညတ်နှင့် ထင်ရှားမရှိတဲ့ ပညတ် အခေါ်အဝေါ်ကို ပေါင်းပြီးခေါ်တဲ့ အမည်များ ဖြစ်ပါတယ်။
ဥဒါဟရုဏ်အားဖြင့် မင်း + သား၊ နတ် + သမီး စတဲ့ အမည်များပါ။
မင်း ကလည်း ပညတ်၊ သား ကလည်း ပညတ် တွဲပြီး ခေါ်တဲ့ အမည်ဖြစ်ပါတယ်။ ထိုနည်းတူ နတ် ကလည်း ပညတ်၊ သမီး ကလည်း ပညတ် ပေါင်းပြီးခေါ်တဲ့ အမည်ပါ။
အထက်ပါ နံပါတ် (၂) အဝိဇ္ဇမာန မှ ခွဲထုတ်တဲ့ အခြားပညတ်တွေလည်း ရှိပါသေးတယ်။
အဲဒါတွေကတော့ (က) နာမပညတ်၊ (ခ) သဏ္ဍာနပညတ်၊ (ဂ) သမူဟပညတ်၊ (ဃ) ဃနပညတ်၊ (င) ဒိသာပညတ်၊ (စ) ကာလပညတ်၊ (ဆ) အဒ္ဓါနပညတ်၊ (ဇ) သန္တတိပညတ်၊ (ဈ) အတ္တဇီဝပညတ် တို့ပဲဖြစ်ပါတယ်။
နာမပညတ်ကနေ အတ္တဇီဝပညတ်ထိကို အကျယ်မရှင်းတော့ပါဘူး။ အကျဉ်းအားဖြင့်တော့ ..
နာမပညတ် ဆိုတာ အမည်အမျိုးမျိုးပါ။ သဏ္ဍာနပညတ် ဆိုတာ ပုံသဏ္ဍာန်အမျိုးမျိုးကို စွဲပြီးခေါ်တာပါ။ သမူဟပညတ်ဆိုတာ ပေါင်းစုထားတဲ့ အခိုက်အတန့်အတွင်းမှာ ဖြစ်ပေါ်လာတဲ့အမည်များသာဖြစ်ပါတယ်။ ရထားကို တစ်စစီဖြုတ်လိုက်ယင် ရထားဆိုတာ ပြစရာမရှိတော့တဲ့ ရထားဥပမာဟာ ထင်ရှားလှပါတယ်။ ဃနပညတ်ဆိုတာကတော့ အစိုင်အခဲတစ်ခုတည်းအဖြစ်အခေါ်အဝေါ်များ ဥပမာ သကြား ထန်းလျက်ခဲ မြေဖြူခဲ စသည် .. ဖြစ်ပါတယ်။
ဒိသာပညတ်ကတော့ အရပ်လေးမျက်နှာ အရပ်ရှစ်မျက်နှာလို့ခေါ်တဲ့ အမည်များပါ။
ကာလပညတ်ကတော့ အချိန်အခါလိုက်ပြီး ခေါ်တာပါ။ သဒ္ဓါနပညတ်ကတော့ ခရီးအကွာအဝေး အတိုင်းအတာကို အမည်အမျိုးမျိုးနှင့်ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။
သန္တိပညတ်ကတော့ ရုပ်သန္တတိ၊ နာမ်သန္တတိ လို့ ၂ မျိုး ရှိပါတယ်။ ရုပ်တွေဟာ အဖြစ် အပျက်မရှိ၊ နာမ်တွေဟာလဲ အဖြစ် အပျက်မရှိ၊ တဆက်တည်း တည်ရှိနေတယ်လို့ ထင်မှတ်ပြီး ငယ်ငယ်တုန်းက ရုပ်ဟာ ယခုရုပ်ပဲဖြစ်တယ်။ ငယ်ငယ်တုန်းက အသိစိတ်ဟာလည်း ယခုအသိစိတ်ပဲလို့ အထင်အမှတ် လွဲမှားခြင်း ဖြစ်ပါတယ်။
ငယ်စဉ်အခါနှင့် ယခုအချိန်စပ်ကြားမှာ ခဏမစဲ တရိပ်ရိပ် ပြောင်းလဲ ချုပ်ပျောက်နေတဲ့ ရုပ် နာမ်တို့ရဲ့ သဘာဝကို မသိကြတာပါ။
ကျွန်ုပ်တို့၏ ရုပ်သစ် နာမ်သစ်တွေဟာ ခဏမစဲ ပြောင်းလဲ ချုပ်ပျောက်လျက် ရှိနေကြပါတယ်။ သည်လို ပြောင်းလဲနေတာကို မသိကြဘဲ၊ အမြဲတည်နေတယ်လို့ ထင်မြင် ပြောဆိုကြခြင်းကို သန္တတိပညတ် လို့ခေါ်တာပါ။
အတ္တဇီဝပညတ်ဆိုတာကတော့ အသက်ဘဲ, လိပ်ပြာဘဲ, ငါဘဲ, သူဘဲ, ယောကျ်ားဘဲ, မိန်းမဘဲ စသည်ဖြင့် သညာဝိပ္ပလ္လာသ စိတ္တဝိပ္ပလ္လာသ ဒိဋ္ဌိဝိပ္ပလ္လာသ တို့ဖြင့် မှားယွင်းဖောက်ပြန် အမှန်မသိတဲ့အတွက် အတ္တ ဇီ၀ ပုဂ္ဂလ သတ္တ တကယ်ရှိတယ်လို့ ထင်မှတ် ယူဆ ခေါ်ဝေါ်နေကြခြင်း ဖြစ်ပါတယ်။
အမှန်စင်စစ်ကတော့ ပုဂ္ဂိုလ် သတ္တဝါ အသက် လိပ်ပြာမရှိ။ ရုပ်တရား နာမ်တရားသာလျှင် ရှိပါတယ်။ သန္တတိပညတ် မှာ ပြောခဲ့တဲ့အတိုင်း ခဏမစဲ တသဲသဲ အဟောင်း အသစ် ပြောင်းလဲ ချုပ်ပျောက်လျက် ရှိနေပါတယ်။
သမုတိနယ်မှာ အသက် ၆၀ ရှိပြီ၊ ၇၀ ရှိပြီ၊ ၈၀ ရှိပြီ စသည်ပြောဆိုကြသော်လည်း ပရမတ္တနယ်၌မူ စက္ကန့်ပိုင်း ခန့်မျှ မရှိအောင် အလွန်တိုတောင်းလှပါတယ်။
စိတ္တက္ခဏ တချက်ဆိုတဲ့ (ဖြစ် တည် ပျက်) အလွန် တိုတောင်းလှတဲ့ အချိန်ကာလ ကလေးတွေကို စုပေါင်း ဆက်စပ်ပြီးတော့ အသက် ၅၀, ၆၀, ၇၀, ၈၀ စသည် ရှည်တယ်လို့ ပညတ်သဘောဖြင့် ခေါ်ဝေါ်ကြခြင်း ဖြစ်ပါတယ်။
ပရမတ္တအားဖြင့် ၃၁ ဘုံလုံးမှာ ဘယ်သတ္တဝါမျှ စိတ္တက္ခဏ ၂ ချက် ပြည့်အောင် အသက်မရှည်နိုင်ကြပါဘူး။
ဒီလောက်ဆိုယင် ပညတ်ရဲ့သဘောကို ချုံငုံမိလောက်ပါပြီ။
ဒါဆို ပရမတ် ဆိုတာ ဘာလဲ ? ပရမတ် ၄ မျိုး ရှိကြောင်း သာမာန်အားဖြင့် လူတိုင်းလိုလို ကြားဖူးကြပါလိမ့်မယ်။ အဲသည် ၄ မျိုးကတော့ ..
(၁) စိတ် = အာရုံကို ကြံတတ် သိတတ်တဲ့သဘော။
(၂) စေတသိက် = စိတ်နှင့်အတူတကွ ယှဉ်ဖော် ယှဉ်ဖက် ၊ ဖြစ်လျှင် အတူတူဖြစ်၊ ပျက်လျှင်လည်း အတူတူပျက်တဲ့သဘောဖြစ်ပါတယ်။
(၃) ရုပ် = အာရုံကို ကြံတတ် သိတတ်တဲ့ သဘောမျိုးမရှိ။ အပူ အအေးကြောင့် အခြေအနေ ဖောက်ပြန် ပြောင်းလဲမှုရှိတတ်တဲ့ သဘောမျိုးဖြစ်ပါတယ်။
(၄) နိဗ္ဗာန် = ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းခြင်းသဘော ဖြစ်ပါတယ်။
ထိုနိဗ္ဗာန်မှာ ဘုံနန်း ပြသာဒ်တွေမရှိ။ စိတ် စေတသိက် ရုပ်တွေ မရှိ။ တနည်းဆိုလျှင် ခန္ဓာ ၅ ပါး မရှိခြင်းကြောင့်၊ ဝေဒယိတသုခ ဆိုတဲ့ ခံစားမှုမရှိ။ သန္တတိသုခ ဆိုတဲ့ ငြိမ်းချမ်းမှုသာ ရှိပါတယ်။ ထိုငြိမ်းချမ်းမှုကို ခံစားတတ်တဲ့ ပုဂ္ဂိုလ်သတ္တဝါမရှိပါဘူး။ (အလုပ်စခန်းသို့ ရောက်တဲ့အခါ၊ ထိုသဘောတွေ တဖြည်းဖြည်း ရှင်းလင်း လာပါ လိမ့်မယ်။)
ပညတ် နှင့် ပရမတ် ခွဲနည်းကိုတော့ ရှင်းလင်းပါပြီ။ ယခု ပရမတ်ကို နှစ်မျိုးထပ်ပြီး ခွဲပုံကိုလည်း ပြောချင်ပါတယ်။
(၁) သင်္ခတ ပရမတ်၊ (၂) အသင်္ခတ ပရမတ် လို့ နှစ်မျိုးကွဲပါတယ်။
သင်္ခတ ပရမတ် ဆိုတာ ကံ စိတ် ဥတု အာဟာရ ဆိုတဲ့ အကြောင်းတရား ၄ ပါးတို့၏ ပြုပြင် စီမံမှု မလွတ်ကင်းသေးသော ရုပ်တရား နာမ်တရားတို့ကို ဆိုလိုပါတယ်။ တနည်းအားဖြင့် ဆိုသော် ခန္ဓာ ၅ ပါး ဖြစ်ပါတယ်။
ထို သင်္ခတနယ် အတွင်းမှာ အနိစ္စ ဒုက္ခ အနတ္တသာ ရှိပါတယ်။ နိစ္စ သုခ အတ္တ မရှိပါ။ ပုဂ္ဂိုလ် သတ္တဝါ မရှိပါ။ ဒါကြောင့် ရုပ် နာမ် ဆိုတဲ့ လောက ကို သုညတ သို့မဟုတ် သုည ဖြစ်ကြောင်း .. မြတ်ဗုဒ္ဓက ရှင်အာနန္ဒာအား
ချစ်သားအာနန္ဒာ။ ရုပ် နာမ် ၂ ပါး ဆိုတဲ့ လောကကြီးမှာ အတ္တ ဆိုတဲ့ ပုဂ္ဂိုလ် သတ္တဝါ ငါ သူတပါး ယောက်ျား မိန်းမ အသက် လိပ်ပြာ မရှိပါဘူး။ အတ္တ မရှိတဲ့အတွက် အတ္တနိယ ဆိုတဲ့ ငါပိုင်သောပစ္စည်းမဟုတ်၊ ငါ့ဟာလဲမဟုတ်၊ သူတပါးပိုင်တဲ့ ပစ္စည်းလဲမဟုတ်၊ သူတပါးဟာလဲမဟုတ်။
ဒါကြောင့် ရုပ် နာမ် ဆိုတဲ့ လောကကြီးကို သုညတ (ဝါ) သုည လို့ ငါဘုရားဟောတော်မူခဲ့တယ် ချစ်သားအာနန္ဒာ လို့ ဆိုပါတယ်။
အသင်္ခတ ပရမတ် ဆိုတာကတော့ ကံ စိတ် ဥတု အာဟာရ အကြောင်းတရား ၄ ပါးတို့၏ ပြုပြင် စီရင်မှု ကင်းလွတ်ပြီး၊ ရုပ်တရား နာမ်တရား (ဝါ) ခန္ဓာ ၅ ပါး အကြွင်းမဲ့ ချုပ်ငြိမ်း ရုပ်သိမ်းသွားတဲ့သဘော ဖြစ်ပါတယ်။
ထို ခန္ဓာ ၅ ပါး ချုပ်ငြိမ်း ရုပ်သိမ်း သွားတဲ့အတွက်၊ ဖြစ်မှု ပျက်မှု မရှိ။ ခံစားမှု ဝေဒယိတသုခ မျိုးလဲ မရှိ၊ အေးချမ်းမှု သန္တိသုခ သာရှိပါတယ်။ ထိုအေးချမ်းမှု သန္တိသုခအမြဲရှိသောကြောင့် နိစ္စ လို့ ဆိုရပါတယ်။
ထိုအေးချမ်းမှု သန္တိသုခ ရှိသော်လည်း၊ ခံစားတတ်တဲ့ ပရိနိဗ္ဗူတ ပုဂ္ဂိုလ်ဟူ၍ မရှိ။ အနတ္တသာ ဖြစ်ပါတယ်။ ဒါကြောင့် နိဗ္ဗာန်ကို သုညတ လို့ ဆိုရပါတယ်။ တနည်းအားဖြင့် အသင်္ခတနယ်မှာ သုည တလုံး ပေါ်လာသည်ဟု ဆိုနိုင်ပါတယ်။
ဤကဲ့သို့ သင်္ခတပရမတ်နယ်မှာ သုည တလုံး၊ အသင်္ခတ ပရမတ်နယ်မှာ သုည တလုံး၊ ပေါင်း သုည ၂ လုံး ပေါ်လာအောင်၊ အသိဉာဏ်ရောက်လျှင်၊ ဝိပဿနာကိစ္စပေါက်မြောက်ပြီလို့ ဆိုနိုင်ပါတယ်။
ပညတ် နှင့် ပရမတ် မကွဲလျှင် ဝိပဿနာရှုလို့ မဖြစ်နိုင်ပါ။ ဝိပဿနာဉာဏ်မြင်ပေါက်အောင် မရှုနိုင်သမျှ ကာလပတ်လုံးလည်းဘဲ၊ သံသရာဝဋ်မှ မလွတ်မြောက်နိုင်ကြောင်း ..
ကိလေသာကို အကြွင်းမဲ့ သမုစ္ဆေဒပဟာန်ဖြင့် မပယ်သတ်နိုင်ပဲနှင့် သံသရာမှ ကျွတ်လွတ်မှု မဖြစ်နိုင်။
သောတာပန်တို့အတွက် ဒိဋ္ဌိ ဝိစိကိစ္ဆာကို အကြွင်းမဲ့ မပယ်သတ်ပဲနှင့် အောက်သံသရာဝဋ်ဒုက္ခမှ ဘယ်တော့မှ ကျွတ်လွတ်ရိုး ထုံးစံမရှိ။
သကဒါဂါမ်တို့အတွက် သောတာပန်နှင့် မထူးခြားပါ။
အနာဂါမ်တို့အတွက် ကာမတဏှာကို အကြွင်းမဲ့ မပယ်သတ်ပဲနှင့် အလယ်သံသရာဝဋ်ဒုက္ခမှ ဘယ်တော့မျှ ကျွတ်ရိုး လွတ်ရိုး ထုံးစံမရှိ။
ရဟန္တာတို့အတွက် ရူပတဏှာ အရူပတဏှာ တို့ကို အကြွင်းမဲ့ မပယ်သတ်နိုင်ဘဲနှင့် အထက်သံသရာဝဋ်ဒုက္ခမှ ဘယ်တော့မျှ ကျွတ် လွတ်ရိုး ထုံးစံမရှိ လို့ ဥဒါန်းအဋ္ဌကထာကြီးမှာ ပြဆိုထားပါတယ်။
0 Comments