တရားအားထုတ်တယ်ဆိုတာ (၁)
တရားအားထုတ်တယ်ဆိုတာ
ရုပ်နာမ်တရားတွေကို သတိထားပြီး ဉာဏ်ပညာနဲ့ ကြည့်နေတာပါ။
ဝိပဿနာတရားအလုပ်
အားထုတ်ကြရာမှာ မသိမဖြစ် သိထားရမှာက ရုပ်တရားနဲ့ နာမ်တရားပါ။ ဝိပဿနာရဲ့ အာရုံဟာ
ရုပ်နဲ့နာမ်ဆိုတော့ ဝိပဿနာတရား ရှုပွားနေမယ်ဆိုရင် ဘယ်လိုသဘောတရားက ရုပ်၊
ဘယ်လိုသဘောတရားက နာမ်လို့ သိထားရပါမယ်။
တရားအလုပ်
ဝိပဿနာအလုပ်ဆိုတာ ရုပ်နာမ်ရဲ့သဘောလက္ခဏာတွေကို အသေအချာသိအောင် ဉာဏ်ပညာနဲ့
ထိုးထွင်းသိအောင် ကြိုးစားအားထုတ်ရတာမို့ပါ။
ရုပ်ဆိုတာ ရူပ
ဆိုတဲ့ ပါဠိစကားလုံးကနေ ဆင်းသက်လာခဲ့တာပါ။ ဖောက်ပြန်ပြောင်းလဲတဲ့ သဘောမှန်သမျှဟာ
ရုပ်တရားရဲ့ သဘော သဘာဝပါ။ ပူလာရင်တစ်မျိုး အေးပြန်တော့တစ်မျိုး ဖြစ်တတ်ပါတယ်။
ပူနေခိုက်မှာ ဖြစ်ပေါ်တဲ့ သဘောတွေဟာ အေးလာပြန်တော့ ပျောက်သွားပါတယ်။
သဘောတရားအသစ်တစ်မျိုး ပြောင်းသွားတာပါ။
ဆာလောင်မွတ်သိပ်နေချိန်မှာ
ဖြစ်ပေါ်နေတဲ့ ရုပ်သဘောတွေဟာ စားသောက်လိုက်တဲ့အချိန်မှာ တစ်မျိုး ဖြစ်သွားပါတယ်။
ကိုယ်ပေါ်မှာ အမျိုးမျိုးအဖုံဖုံ ဖြစ်ပေါ်ပျောက်ပျက်ပြီး ပြောင်းလဲသွားတာမှန်သမျှကို
ရုပ်လို့ သိထားပါ။
နာမ်တရားဆိုတာ
စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ စိတ်ထဲမှာ ထင်ရှားနေတဲ့ သဘောပါ။ စိတ်နဲ့ဆက်သွယ်
ဆက်စပ်ပြီး ဖြစ်လာတဲ့ တွေးတောစိတ်၊ ကြံစည်စိတ်၊ သိစိတ် အားလုံးဟာ နာမ်တရားပါ။
အမှတ်ရ အောက်မေ့တာ၊ ဝမ်းသာဝမ်းနည်းတာ၊ ပျင်းရိတာ၊ ပျှော်ရွှင်တာတွေဟာ စိတ်မှာ
ဖြစ်ကြတာမို့ နာမ်တရားလို့ မှတ်ရပါမယ်။
စိတ်ဆိုတာ
အာရုံနဲ့ ကင်းကွာပြီး နေလို့ မရပါဘူး။ တစ်ခုခုကိုတော့ တွေးနေကြံနေသိနေပါတယ်။
တရားအားထုတ်ရင်း ကိုယ့်အကြောင်းကိုယ် တွေးနေတာကိုလည်း နာမ်လို့ ရှုမှတ်ရပါမယ်။
သူများအကြောင်း၊ အလုပ်အကိုင်အကြောင်း၊ သားရေးသမီးရေးအကြောင်း ဘယ်လိုအကြောင်းကို
တွေးတွေး အတွေးစိတ်ကို နာမ်လို့ ရှုမှတ်ရပါတယ်။
ကိုယ်ထဲမှာ
ဖြစ်ပေါ်နေတာတွေနဲ့ ပတ်သက်ပြီး ပူနေတယ်လို့ သိရင်လည်း နာမ်လို့ရှု၊ နာကျင်တယ်
ကိုက်ခဲတယ် သက်သာတယ် ပင်ပန်းတယ် လှုပ်တယ် ရွေ့တယ် စသည်ဖြင့်
ပေါ်လာသမျှအသိတရားတွေကို နာမ်လို့ ရှုမှတ်ရပါတယ်။ စိတ်မှာ ဖြစ်ပေါ်နေတာက
နာမ်တရားပါ။ ရုပ်နာမ်တရားတွေကို သတိထားပြီးတော့ ရှုမှတ်နေထိုင်တာကို
တရားနဲ့နေတယ်လို့ပြောရပါမယ်။
တရားအလုပ်က
တမင်တကာ လေ့ကျင့်ယူမှလုပ်ယူမှ ဖြစ်တာပါ။ သူ့အလိုလိုတော့ ဖြစ်မလာပါဘူး။ အထူးသဖြင့်
စိတ်နဲ့လုပ်ရတဲ့ အလုပ်တွေမှာ စိတ်ကို နိုင်နင်းဖို့ ကိုယ်လိုရာမှာ စိတ်ကို
ထားနိုင်ဖို့ လိုအပ်ပါတယ်။
တရားနဲ့နေတယ်ဆိုရာမှာ
အရှုခံရုပ်နာမ်ကို ဉာဏ်ပညာနဲ့ ကြည့်ရှုနေတာ၊ သတိထားပြီး မှတ်သားနေတာကို
သဘောပေါက်ရပါမယ်။
ရုပ်နဲ့နာမ်ကို
အရှုခံထားရမယ့်တရားက နှစ်မျိုးဖြစ်နေတော့ ဘယ်တရားကို ရှုရမှာလဲ၊ ရုပ်ကို
ရှုမှတ်ရမှာလား၊ နာမ်ကို ရှုမှတ်ရမှာလား နှစ်မျိုးလုံးကို ရှုရမှာလား လို့
မေးစရာရှိပါတယ်။
ထင်ရှားတာကို
စရှုပါလို့ အကြံပေးချင်ပါတယ်။ ရုပ်နဲ့နာမ်တို့ရဲ့ဖြစ်ပုံပျက်ပုံတွေကို ကြည့်ရင်
နာမ်တရားထက် ရုပ်တရားက ပိုပြီး သိသာပါတယ်။ နာမ်တရားဟာ အကောင်အထည်မရှိ၊ ထိတွေ့နိုင်မှု
မရှိတော့ ရုပ်ထက်ပိုပြီး သိမ်မွေ့နူူးညံ့လို့ အရှုရခက်ပါတယ်။ ကိုယ်ပေါ်မှာ
ဖြစ်တာထက်စာရင် စိတ်ထဲမှာ ဖြစ်တဲ့ သိမှု၊ တွေးကြံမှု၊ ခံစားမှုတွေက အဖမ်းရခက်
အသိရခက်ပါတယ်။ ဖြစ်မြန် ပျက်မြန် လျှင်မြန်တာကြောင့် ချက်ချင်းသတိထား ရှုနိုင်ဖို့
ခဲယဉ်းပါတယ်။
စတင်လေ့ကျင့်စဉ်ကာလမှာ
ရုပ်ကို ဦးစားပေးရှုရင် ထင်ရှားတာ၊ ရှုလွယ်မှတ်လွယ်တာကို တွေ့ရပါမယ်။ အလေ့အကျင့်
ရလာတဲ့အခါ စိတ်ကို နိုင်နင်းလာတဲ့အခါကျရင် နာမ်ကိုလည်း အလွယ်လေးနဲ့
ရှုသွားနိုင်ပါမယ်။
တရား
ရှုမှတ်တယ်ဆိုတာ အကောင်အထည် ပုံပန်းသဏ္ဍာန်တွေ၊ ပုဂ္ဂိုလ်သတ္တဝါတွေ မပါစေရပါဘူး။
သဘောတရားလေးကိုသာ ရှုရတာပါ။ အမည်နာမတွေ ရွတ်ဆိုရ မှတ်ရတာ မဟုတ်ပါဘူး။ သဘောတရားကို
မှတ်ရတာပါ။
ရုပ်နာမ်တရားတွေကို
ရှုမှတ်တဲ့အခါမှာ ရုပ် ရုပ်၊ နာမ် နာမ် လို့ ပါးစပ်က မဆိုပါနဲ့၊ စိတ်ကလည်း
မဆိုပါနဲ့၊ ရုပ်မှန်း နာမ်မှန်း သိရုံသာသိအောင် ကြည့်ရတာမျိုးပါ။
တရားအားထုတ်တာ
တရားရှုမှတ်တာဟာ ပုံမှန်အရှိသဘာဝကို ရှုမှတ်ရတာပါ။ အရှိတရားကို အသိတရားနဲ့
ကြည့်ပြီးနေတာဟာ တရားနဲ့နေတာပါ။ မမြင်ဖူးမတွေ့ဖူးတဲ့ အထူးအဆန်းတွေ ဖြစ်လာမလား၊
တွေ့လာမလားလို့ လိုက်မရှာပါနဲ့။ မရှိတာကိုလည်း မရှာပါနဲ့။ ရှိနေတာကို
ဖြစ်နေတာကိုလည်း မပြင်ပါနဲ့၊ မဖျက်ဆီးလိုက်ပါနဲ့။ အရှိကို အရှိအတိုင်း
ရှုမှတ်အားထုတ်ပါ။
တရားအလုပ်က
စိတ်အလုပ်ပါ။ စိတ်နဲ့ အားထုတ်၊ စိတ်နဲ့ ရှုမှတ်ရတာမျိုးပါ။ စိတ်ရဲ့သဘာဝက နေနေကျ
အာရုံမှာသာ ပျော်တတ်ပါတယ်။ တရားနဲ့နေမယ်လို့ တရားအာရုံပေါ်စိတ်ကိုထားလိုက်တဲ့အခါ
ပျင်းရိငြီးငွေ့ တာ ဖြစ်လာတတ်ပါတယ်။
တရားနဲ့နေသူတစ်ယောက်ဟာ
တရားနဲ့နေနိုင်ဖို့အတွက် သတိ ဝီရိယ ပညာ သုံးမျိုးကို အားကိုးရပါမယ်။ တရားအားထုတ်တယ်ဆိုတာ
တကယ်တော့ သတိ ဝီရိယ ပညာတို့ မှန်မှန်လည်ပတ် လုပ်ကိုင်နေတာပါ။
ကျွမ်းကျင်တဲ့
ပန်းပုဆရာတစ်ယောက်က သစ်သားတုံးကြီးကို လှပတဲ့ အရုပ်ကလေးဖြစ်လာဖို့ ထုဆစ်တဲ့နေရာမှာ
စူးဆောက်တန်ဆာပလာတွေ လက်နက်ကိရိယာတွေကို သူ့နေရာနဲ့သူ စနစ်တကျ အသုံးပြုပါတယ်။
လွှနဲ့ ဖြတ်တန်ဖြတ်၊ ဆောက်နဲ့ဖဲ့တန်ဖဲ့၊ စူးနဲ့ ထိုးတန်ထိုးပြီး စနစ်တကျ
ထုဆစ်လိုက်တဲ့အခါ သစ်သားတုံးကြီးဟာ လှပတဲ့ အရုပ်ကလေး ဖြစ်လာပါတယ်။
ဒီလိုပါပဲ။
တရားအလုပ် အားထုတ်တဲ့သူဟာ သတိ ဝီရိယ ပညာ လက်နက်ကိရိယာတွေကို သူ့နေရာနဲ့သူ
အကွက်ကျအောင် စနစ်ကျအောင် အသုံးချရမှာပါ။ အားထုတ်ရင်းနဲ့ သတိ လိုနေသလား၊
ဝီရိယနည်းနေသလား၊ ပညာဉာဏ် ပါရဲ့လား လို့ မကြာခဏ အကဲခတ်ရပါတယ်၊ စိစစ်ရပါတယ်။
တရားနယ်မှာ
ဝေဒနာသဘောကို နားလည်မှုလွဲနေကြတာ ရှိပါတယ်။ နာတာ ကျင်တာ ကိုက်ခဲတာကို ဝေဒနာလို့
ပြောတတ်ကြပါတယ်။ နာကျင်ကိုက်ခဲမှုတွေကုန်အောင် အားထုတ်ရမယ်။ ဝေဒနာကျော်အောင် ရှုရမယ်
လို့ ပြောသံတွေလည်း ကြားရပါတယ်။
အမှန်က နာတာ
ကျင်တာ ကိုက်ခဲတာ ဝေဒနာ မဟုတ်ပါဘူး၊ ရုပ်တရားတွေ ဖောက်ပြန်တာပါ။
ရုပ်ဖောက်ပြန်တာကို
ဝေဒနာလို့ ရှုရင် မှားပါတယ်။ နာကျင်ကိုက်ခဲတာကို ကုန်အောင် မရှုပါနဲ့။
ကုန်အောင်ရှုလို့မရပါဘူး။ ကုန်လည်း မကုန်နိုင်ပါဘူး။ ရုပ်တရားက ကိုယ်မှာဖြစ်တာပါ။
ဝေဒနာက စိတ်မှာ ဖြစ်တာပါ။
နာကျင်ကိုက်ခဲတာဟာ
ကိုယ်မှာ ဖြစ်တာမို့ ရုပ်တရားပါ။
ဝေဒနာက စိတ်မှာ
ဖြစ်တာမို့ နာမ်တရားပါ။
ကိုယ်ခန္ဓာ
ရှိနေသမျှ နာကျင်ကိုက်ခဲမှုရောဂါ၊ ရုပ်ဖောက်ပြန်တာတွေ ရှိနေပါမယ်။ စိတ်ရှိနေသမျှ
ခံစားမှုဝေဒနာတွေ ရှိနေပါတယ်။ မကုန်ပါဘူး။ နာကျင်ကိုက်ခဲတာ၊ တင်းတောင့်တာ၊ စူးတာ
အောင့်တာတွေက ရုပ်ဖောက်ပြန်တာပါ။ အအေးကြောင့် အပူကြောင့်၊ မှက် ခြင် ယင် လေ
စသည်တို့ကြောင့်၊ ဆာလောင်မွတ်သိပ်မှုကြောင့် ဖြစ်လာတဲ့ ကိုယ်မှာဖြစ်တာ မှန်သမျှဟာ
ဝေဒနာ မဟုတ်ပါဘူး။ ရုပ် ဖောက်ပြန်တာပါ။ ဝေဒနာ မဟုတ်တာကို ဝေဒနာလို့ ရှုရင်
အရှုမှားပါတယ်။ တရားသဘောကို မသိနိုင်ပါဘူး။
ကိုယ်မှာ
ဖြစ်လာတဲ့ နာကျင်ကိုက်ခဲမှု တင်းတောင့်မှု ထုံကျဉ်မှုတွေကို သိရှိခံစားတဲ့ သဘောကမှ
ဝေဒနာပါ။ ဝေဒနာဟာ အသိစိတ်နဲ့ တွဲကပ်ဖြစ်ပါတယ်။ နာမ်တရားပါ။
ဝေဒနာဟာ စိတ်
မဖြစ်တော့မှ သေဆုံးသွားတော့မှ ကုန်ပါတယ်။ ရုပ်ဖောက်ပြန်မှုတွေဟာလည်း မသေမချင်း
ရှိနေဖြစ်နေပါတယ်လို့ သဘောပေါက်နားလည်ရပါမယ်။
ဖြစ်ပေါ်လာတဲ့ရောဂါတွေ၊
ဝေဒနာတွေ ကုန်သွားအောင် ကျော်သွားအောင် မကြိုးစားရပါဘူး။ ဒုက္ခသဘောတွေ သိအောင်
နားလည်အောင် ရှုမှတ်ရမှာပါ။
တချို့က
တရားထိုင်ရင် ကြာကြာထိုင်ရမယ်၊ ကြာကြာထိုင်မှ ဝေဒနာထင်ရှားမယ်၊ တရားရမယ် လို့
ပြောကြပါတယ်။
သဘောကတော့
ကြာကြာထိုင်လို့ ကိုယ်မှာဖြစ်ပေါ်လာတဲ့ နာကျင် ကိုက်ခဲမှုတွေကို ဝေဒနာလို့
ရည်ရွယ်ပြောကြတာပါ။
အမှန်ကတော့
နာတာဟာ ဝေဒနာမဟုတ်ပါဘူး။ ဝေဒနာဆိုတာ ခံစားတတ်တဲ့ သဘောသက်သက်ပါ။
နာတာက ရုပ်၊
နာသဘောကို ခံစားတာကမှ ဝေဒနာပါ။
ကိုယ်ဖြစ်တဲ့
နာသဘောကို စိတ်နဲ့ဖြစ်ဖော်ဖြစ်ဖက် ဝေဒနာက ခံစားတာပါ။ အာရုံကို ဖမ်းယူတတ်တဲ့ စိတ်က
နာတဲ့ဆီကို အာရုံပြုတော့ ဝေဒနာက သိရှိခံစားလိုက်တာပါ။
ဝေဒနာဟာ
စိတ်နဲ့တွဲနေပါတယ်။ စိတ်ဖြစ်ရင် ဝေဒနာဖြစ်၊ စိတ်ချုပ်ပျက်ရင် ဝေဒနာလည်း
ချုပ်ပျက်သွားတာမို့ ဝေဒနာကို ကုန်အောင်လုပ်လို့မရသလို၊ ဖြစ်အောင်လုပ်လို့လည်း
မရပါဘူး။ သူ့သဘောနဲ့သူ အကြောင်းတရားတွေ တိုက်ဆိုင်မှဖြစ်လာတာပါ။
ဝေဒနာဖြစ်လာအောင်
တမင်တကာ ကြာကြာထိုင်ပြီးတော့လည်း လုပ်မယူပါနဲ့။ ဖြစ်လာပြီးတာကိုလည်း ကုန်သွားအောင်
ပျောက်သွားအောင် လုပ်မယူပါနဲ့။ သူ့သဘောအတိုင်းသာ နေပါစေ။ သူ့သဘောအတိုင်း
ဖြစ်ပျက်နေတာကို တရားရှုသူက အလိုက်သင့် ရှုမှတ်ဖို့သာ အရေးကြီးပါတယ်။
ကြာကြာထိုင်တာ
မထိုင်တာထက် မှန်မှန်ကန်ကန် ရှုမြင်တတ်ဖို့၊ နှလုံးသွင်းတတ်ဖို့က
ပိုအရေးကြီးပါတယ်။
အထိုင်ကြာရင်
ပင်ပန်းလာပါတယ်။ အထိုင်ကြာလာလို့ ရုပ်ခန္ဓာ ဖောက်ပြန်မှုဒဏ်က သည်းမခံနိုင်အောင်
ဖြစ်လာရင် ပြောင်းရွှေ့ချင်စိတ် ပေါ်ပေါက်လာပါတယ်။ သိပ်ကို
ညောင်းညာကိုက်ခဲတောင့်တင်းလာရင် စိတ်ထဲမှာ ပြောင်းချင်ပြင်ချင် ရွှေ့ချင်တဲ့
စိတ်ကလေး ပေါ်လာပါတယ်။ အဲဒီစိတ်ကို ရှုစိတ်နဲ့ သတိထားပြီး နာမ်လို့ ရှုပေးပါ။
ခံနိုင်သေးတယ်ဆိုရင် နိုင်သလောက် သည်းခံပြီး ရှုမှတ်နေပါ။ ရှုမှတ်လိုက်ရင်
တစ်ခါတလေကျတော့ ရွှေ့ချင်ပြောင်းချင်စိတ်တွေ ပျောက်သွားပါတယ်။
ဘယ်လိုမှ
သည်းမခံနိုင်တော့ဘူး၊ ပြောင်းမှဖြစ်တော့မယ်၊ ရွှေ့မှ ဖြစ်တော့မယ်ဆိုရင်
ရှုမှတ်ရင်း ပြောင်းရွှေ့ပါ။ နာလို့ ပြောင်းမယ်ဆိုတဲ့ နာတဲ့သဘောကို ရုပ်လို့ရှုပါ။
ထုံကျဉ်ကိုက်ခဲလို့ ပြောင်းမယ်ဆိုရင် ထုံကျဉ်ကိုက်ခဲတဲ့ သဘောကို အာရုံစိုက်ပြီး
ရုပ်လို့ ရှုမှတ်ရင်း ပြောင်းပါ။ ညောင်းညာလို့၊ တင်းတောင့်လို့
ပြောင်းမယ်ဆိုရင်တော့ ညောင်းညာ တောင့်တင်းနေတဲ့သဘောကို ထင်မြင်အောင်အာရုံစိုက်
ရှုမှတ်ပြီး ပြောင်းပါ။
ပြောင်းရွှေ့ပြင်ဆင်ချိန်မှာ
ခြေလက်အင်္ဂါအစိတ်အပိုင်း၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့ရဲ့ ရွေ့လျားတဲ့သဘော၊
တွန်းကန်တဲ့သဘော၊ လှုပ်ရှားတဲ့သဘော၊ လေးသွားပေါ့သွားတဲ့ သဘောတရားတို့ကို အသေအချာ
ရှုမှတ်သွားရင် ကိုယ်ခန္ဓာအနေအထားပျက်ပေမယ့် တရားမပျက်ပါဘူး။
ပြောင်းရွှေ့ပြင်ဆင်လိုက်လို့
နေရခက်တာ၊ ပင်ပန်းဆင်းရဲတာတွေ ပျောက်ပြီး စိတ်ချမ်းသာကိုယ်ချမ်းသာ
ဖြစ်သွားပြီဆိုရင် မူလ ရှုနေတဲ့ကမ္မဋ္ဌာန်း .. နှာသီးဖျားမှာ သတိထားလို့ဖြစ်စေ၊
ရင်မှာ တိုးတုန်တာကိုဖြစ်စေ၊ ကိုယ်ခန္ဓာမှာ ထင်ရှားတဲ့နေရာကိုဖြစ်စေ
ပြန်ရှုမှတ်ပါ။
မြတ်စွာဘုရားက
တရားဓမ္မ ကျင့်ကြံအားထုတ်တဲ့နေရာမှာ အစွန်းမရောက်ဖို့၊ မဇ္ဈိမပဋိပဒါ
အလယ်အလတ်မျှတတဲ့ လမ်းစဉ်ကို လိုက်ဖို့ ဟောကြားတော်မူပါတယ်။ မိမိကိုယ်မိမိ
ညှဉ်းဆဲရာရောက်တဲ့ အစွန်းတစ်ဖက်၊ သက်သာခိုရေသာခိုတဲ့ အစွန်းတစ်ဖက်၊
ဒီအစွန်းနှစ်ဖက် လွတ်အောင် ကျင့်ရမှာပါ။
တရားအားထုတ်စဉ်မှာ
မပြောင်းမရွှေ့ဘဲ ပင်ပန်းဆင်းရဲတာကို ပေတေကြိတ်မှိတ် မရှုမှတ်နိုင်ဘဲနေရင်လည်း
အစွန်းမလွတ်ပါဘူးး။ ပြောင်းလို့ ရွှေ့လို့ရတယ်ဆိုပြီး နည်းနည်းလေးတောင် သည်းမခံဘဲ
ပြောင်းရွှေ့လွန်း၊ သက်သာခိုလွန်းရင်လည်း အစွန်းမလွတ်ပါဘူး။ မိမိရဲ့
ရှုမှတ်နိုင်မှု အခြေအနေကိုကြည့်ပြီး မျှတအောင်နေ၊ မျှတအောင် ကျင့်ရမှာပါ။
ဣရိယာပုတ်
ပြောင်းပြင်သင့်တဲ့အချိန်မှာ မပြောင်းပြင်ရင်
၁။ ဒုက္ခဝေဒနာ
ပြင်းထန်စွာဖြစ်လာပါတယ်။
၂။
တည်ကြည်မှုမရှိဘဲ သမာဓိ ပျက်တတ်ပါတယ်။
၃။ အားထုတ်နေတဲ့
ကမ္မဋ္ဌာန်း ပျောက်ပျက်သွားပါတယ်။
၄။ တရားထူး
မရနိုင်ပါဘူးလို့ ဖြစ်ပေါ်လာမယ့် အပြစ်လေးချက် သင့်တယ်လို့ အဋ္ဌကထာမှာ
ဖော်ပြထားပါတယ်။
ဆက်လက်ဖော်ပြပါမည်။
မေတ္တာဖြင့်
တရားအားထုတ်တယ်ဆိုတာ
(၂)
တရားနဲ့နေတယ်ဆိုတာ
နေတတ်ရင် အနေအထား မရွေး၊ ဣရိယာပုတ်မရွေး တရားနဲ့နေလို့ရပါတယ်။ လျောင်း ထိုင် ရပ်
သွား အနေအထား လေးမျိုးမှာ တစ်သက်လုံး ဘယ်သူမျှ အနေအထား တစ်မျိုးတည်းနဲ့
မနေကြပါဘူး။ မနေနိုင်ပါဘူး။ တစ်မျိုးပြီး တစ်မျိုး ပြောင်းနေလို့သာ
အသက်ရှင်နေကြတာပါ။
မဟာသတိပဋ္ဌာနသုတ္တန်မှာလည်း
တရားကျင့်သူတို့အတွက် လျောင်း ထိုင် ရပ် သွား အနေအထားတွေနဲ့ စနစ်တကျအားထုတ်ဖို့
မြတ်စွာဘုရားညွှန်ကြားခဲ့ပါတယ်။
ဒါကြောင့်
ရပ်နေစဉ်မှာ တရားနဲ့နေနည်းလေး ပြောချင်ပါတယ်။
ထိုင်ရာက ထပြီး
တစ်နေရာရာကို သွားမယ်ဆိုရင် ခြေမကြွခင် မလှမ်းခင်မှာ ခြေစုံမတ်မတ်ရပ်ရပါတယ်။
ဒါမှမဟုတ် ရပ်ပြီး အားထုတ်ချင်တယ်ဆိုရင်လည်း ခြေအစုံပေါ်မတ်မတ်ရပ်ရပါတယ်။
မတ်တပ်ရပ်နေစဉ်မှာ
လက်အနေအထားကို အဆင်ပြေသလို ထားလို့ရပေမယ့် ဦးခေါင်းကိုတော့ ငုံမထားပါနဲ့။
ရှေ့တည့်တည့်ကို ကြည့်ပြီး မျက်လုံးမှိတ်နေပြီး၊ မိမိရဲ့စိတ်ကိုလည်း ခြေဖဝါးနဲ့
ကြမ်းပြင်ထိတဲ့ နေရာအာရုံစိုက် ထားရပါတယ်။
ကိုယ်ခန္ဓာကြီးတစ်ခုလုံးရဲ့အလေးချိန်က
ခြေဖဝါးပေါ်မှာ အားပြုဖိထားတာမို့ လေးနေတဲ့သဘောကို တွေ့ရပါမယ်။ လေးသဘောကို
ရုပ်လို့ ရှုပါ။ လေးနေတယ်လို့ သိတဲ့အသိကို နာမ်လို့ ရှုပါ။
ခြေဖဝါးမှာ
ပူနေအေးနေတဲ့သဘော၊ ကြမ်းတမ်းခက်မာတဲ့သဘော၊ နူးညံ့ချောမွေ့တဲ့သဘောတွေကိုလည်း
သတိပြုကြည့်ရင် တွေ့ရပါမယ်။
ပူသဘော၊ အေးသဘော၊
ကြမ်းသဘော၊ နုသဘောတွေကို ရုပ်လို့ ရှုနိုင်ပါတယ်။ ပူသဘော၊ အေးသဘော စတာတွေကို
သိနေတဲ့အသိကို နာမ် လို့ ရှုနိုင်ပါတယ်။
နောက်တစ်ခါ
ခန္ဓာကိုယ်ကြီး ယိမ်းယိုင်မသွားအောင် လဲပြိုကျ မသွားအောင် ခြေသလုံးတို့၊
ဒူးခေါင်းတို့ ထိန်းထားပေးရပါတယ်၊ တောင့်ထားပေးရပါတယ်။ ခြေသလုံးကြွက်သားနေရာ
ဒူးခေါင်းနေရာတို့မှာ အသေအချာ သတိထားရင် တောင့်တင်းသဘော ထိန်းထားတဲ့ သဘောတွေကို
တွေ့ပါမယ်။ ခြေသလုံး ဒူးခေါင်းစတဲ့ ပုံသဏ္ဍာန်တွေ၊ အသားစု အသားစိုင်တွေ မပါစေဘဲနဲ့
သဘောသက်သက်ကို ကြည့်ပြီး ရုပ်လို့ ရှုပါ၊ သိတဲ့အသိကို နာမ်လို့ ရှုပါ။
ရပ်နေခိုက်မှာ
ထိုင်စဉ်တုန်းကလို နှာသီးဖျားတို့ ရင်ခေါင်းတို့မှာ မရှုရပါဘူး။ အရှုမြဲရင်
ကိုယ်ခန္ဓာပေါ် အာရုံစိုက်မှု အားနည်းသွားလို့၊ အသိစိတ်လွတ်သွားလို့
ယိုင်သွားတတ်ပါတယ်။ လဲကျတတ်ပါတယ်။
ရှုနေရင်းမှာလည်း
ခန္ဓာကိုယ်အနေအထားကို မကြာခဏပြန် သတိပြုရပါမယ်။ ဘာလို့လဲဆိုတော့ ရှုနေတယ်ထင်ပြီး
အမှတ်လွတ်သွားချိန်မှာ၊ အိပ်ချင်ငိုက်မြည်းမှုတွေ ဝင်လာချိန်မှာ ကိုယ်အနေအထား
ဟန်ချက် ပျက်ပြီး ရှေ့ကို ငိုက်ဆင်းသွားတာ၊ နောက်ကို လန်ကျသွားတာတို့
ဖြစ်တတ်လို့ပါ။
ထိုင်စဉ်
ရပ်စဉ်မှာ တရားနဲ့နေလို့ ရသလို တစ်နေရာကနေ တစ်နေရာကို လျှောက်သွားတဲ့အခါ၊
လှမ်းသွားတဲ့အခါ၊ စင်္ကြ ံသွားတဲ့အခါမျိုးတွေမှာလည်း အမှတ်တမဲ မဟုတ်ဘဲ သတိနဲ့
ရုပ်နာမ်အစဉ်ကို ရှုမှတ်နေတယ်ဆိုရင် တရားဖြစ်ပါတယ်။
တစ်နေရာက
တစ်နေရာကို သွားမယ်ဆိုရင် သွားချင်တဲ့စိတ်က နာမ်တရား၊ သွားနေတာက ရုပ်တရားလို့
ရှုပွားရပါတယ်။ တကယ်တမ်းသွားနေတာက ငါလည်း မဟုတ်ဘူး။ သူလည်းမဟုတ်ပါဘူး။
ပုဂ္ဂိုလ်သတ္တဝါလည်း မဟုတ်ပါဘူး။ ယောက်ျားသွားတာ .. မိန်းမ သွားတာလည်း မဟုတ်ပါဘူး။
နာမ်တရားနဲ့ ရုပ်တရားက သွားလာ လှုပ်ရှားနေတာပါ။ နာမ်နဲ့ရုပ်တို့ ဆင့်ကာ ဆင့်ကာ
ဖြစ်နေပျက်နေတာပါ။
လိုရာခရီးတစ်ခုရောက်ဖို့အတွက်
သွားချင်တဲ့စိတ် နာမ်တရားတွေ သွားတဲ့ ရုပ်တရားတွေ အမြောက်အမြား ဖြစ်ပျက်သွားကြတာ၊
ဖြစ်ပျက် နေကြတာကို ကြည့်ရှုပြီးသွားရင် သွားလာနေစဉ်မှာ တရားနဲ့နေတယ်လို့
ခေါ်ပါတယ်။
ရပ်နေရာကနေ
တစ်နေရာကို သွားမယ်ဆိုရင် ပထမဦးဆုံး ခြေထောက်ကို ကြွချင်လှမ်းချင်တဲ့
စိတ်ပေါ်ပါတယ်။ ကြွချင်လှမ်းချင် စိတ်ကို နာမ်လို့ ရှုပါ။ ခြေထောက်ကို
ကြွလိုက်တဲ့အခါ ဒူးခေါင်းကို သတိထားကြည့်ရင် သိသာပါတယ်။ အပေါ်ဘက်ကတင်းသွားပြီး
အောက်ဘက်လျော့သွားပါတယ်။ ဒူးကွေးသွားတော့ အပေါ်က တင်းတဲ့သဘော၊ အတွင်းကလျော့တဲ့သဘော
တွေ့ရမှာပါ။ ခြေထောက်ကို ကြွ တင် မ တင်လိုက်တော့ လေးတဲ့သဘော၊ ပင့်မရတဲ့သဘောတွေ
တွေ့ရမှာပါ။ တင်းသဘော၊ လျော့သဘော၊ လေးသဘောတွေကို ရုပ်လို့ မှတ်ရပါတယ်။
အထူးသတိထားဖို့
ခြေထောက်ဆိုတဲ့ ပုံသဏ္ဍာန်ကို မရှုဖို့ပါ။ ခြေထောက်ဆိုတာက ပညတ်ပါ။ တင်းသဘော၊
လျော့သဘော၊ လေးပေါ့သဘောဆိုတဲ့ ပရမတ်ကို ကြည့်ရမှာ ပရမတ်ကို ရှုရမှာပါ။ ပရမတ်ရှုမှ
ဖောက်ပြန်မှု တွေ့ပါတယ်။ ရုပ်သဘော တွေ့ပါတယ်။
ခြေထောက်ကို
ကြွပြီးရင် ရှေ့ကို လှမ်းပါတယ်။ လှမ်းနေတဲ့ တစ်ခဏလေးမှာ ကွေးထာတာတွေ
စန့်သွားပါတယ်။ တင်းနေတာတွေ လျော့သွားပါတယ်။ ကြွစဉ်က ဖြစ်ပေါ်နေတဲ့ ရုပ်သဘောတွေ
ချုပ်ပျောက်ပြီး သဘောအသစ်တွေ ဖြစ်လာပါပြီ။ လျော့သွားတဲ့ သဘော၊ လှုပ်ယမ်းသွားတဲ့
သဘော၊ ရွေ့သွားတဲ့ သဘောတွေကို အာရုံပြုပြီး ရုပ်လို့ ရှုပါ။
ရှုနေရင်
ခြေထောက်ကို အောက်ပြန်ချလိုက်ချိန်မှာ ထိန်းချုပ်ထား ပင့်မထားတာတွေကို
လွှတ်ချလိုက်၊ တွန်းချလိုက်တဲ့သဘောကို တွေ့ပါမယ်။ ခြေထောက်နဲ့ မြေကြီး၊ ခြေဖဝါးနဲ့
ကြမ်းပြင်ကို ထိတွေ့သွားစဉ် မှာလည်း ကြမ်းသဘော၊ နုသဘော၊ ပူသဘော၊ အေးသဘော၊ နာသဘော၊
လေးသဘောတွေ တွေ့ပါလိမ့်မယ်။ အဲဒီသဘောတွေကို ရုပ်လို့ ရှုမှတ်ရပါတယ်။
ကြွခိုက်၊
လှမ်းခိုက်၊ ချခိုက်မှာ ရုပ်သဘောတရားတွေဟာ အဆင့်ဆင့် ပြောင်းလဲသွားကြပါတယ်။
ဉာဏ်နဲ့သာ မြင်အောင် ကြည့်ရင် ကြွစဉ်မှာတစ်မျိုး၊ လှမ်းစဉ်မှာတစ်မျိုး၊
ချစဉ်မှာတစ်မျိုး အမျိုးမျိုး ဖောက်ပြန်ပြောင်းလဲတာ တွေ့ရပါမယ်။
ကြွ လှမ်း ချ
လို့ သုံးချက် ရှုကွက်ရှိရာမှာ အနည်းဆုံး တစ်ချက်မှာတော့ ရအောင် မိအောင်
ရှုမှတ်ပါ။ မြန်မြန်သွားတတ်သူနဲ့ နှေးနှေးသွားတတ်သူလို အလေ့အကျင့်က ကွားခြားကြတော့
တစ်ယောက်နဲ့တစ်ယောက် ခြေတစ်လှမ်းမှာ ရှုကွက်ပေါ်ကြတာချင်းကျတော့ တူညီမှာ
မဟုတ်ပါဘူး။
တစ်နေကုန်
အလုပ်လုပ်နေရတဲ့သူဟာ အလုပ်ပြီးချိန်မှာ ခြေကုန်လက်ပန်းကျပြီး လျောင်းအိပ်ပြီးသာ
နေလိုပါတယ်။ တရားအလုပ် အားထုတ်နေတဲ့သူတွေမှာလည်း တစ်နေ့လုံး သွား ရပ် ထိုင်ပြီး
အားထုတ်ခဲ့လို့ ညပိုင်းရောက်ရင် ပင်ပန်းနွမ်းနယ်လာပြီး အိပ်ချင်စိတ်ပေါ်ပါတယ်။
လဲလျောင်းအနားယူချင်စိတ်တွေ ဖြစ်လာပါတယ်။
အမှန်ပြောရရင်
ဝိပဿနာတရား အားထုတ်တယ်ဆိုတာ ကိုယ်ရော စိတ်ပါ အနားပေးပြီး အပန်းဖြေတာမျိုးပါ။
စိတ်ထဲမှာ ဖြစ်နေတဲ့ ပူလောင်တဲ့အကုသိုလ်တွေ ကိုယ်မှာဖြစ်နေတဲ့
တင်းကျပ်ပင်ပန်းမှုတွေ ပြေလျော့သွားအောင် သက်သက်သာသာနဲ့အားထုတ်ရမှာပါ။
တီဗီကြည့်ကြသလို၊
ဗီဒီယိုကြည့်ကြသလို ရုပ်နာမ်တရားတွေ ဖြစ်ပျက်လှုပ်ရှားနေတာကို ပွဲကြည့်ပရိသတ်လို
ကြည့်နေတာမျိုးပါ။
အိပ်ရာပေါ်ကို
လှဲချတော့မယ်ဆိုရင် လှဲချချင်တဲ့စိတ်က အရင်ဖြစ်ပါတယ်။ နာမ်တရားလို့ ရှုမှတ်ပါ။ လှဲချလိုက်တဲ့အချိန်မှာ
အပေါ်ပိုင်း ခန္ဓာက တဖြည်းဖြည်း လေးလာတဲ့သဘော၊ အောက်ကိုကျအောင် ဖိချ
တွန်းချတဲ့သဘော၊ တရွေ့ရွေ့ယိုင်လဲသွားတဲ့သဘောတွေ ကိုယ်ထဲမှာဖြစ်လာပါတယ်။ လေးသဘော၊
ဖိသဘော၊ တွန်းသဘော၊ ရွေ့သဘော၊ ယိုင်သွားတဲ့သဘောတွေဟာ ရုပ်တရားပါ။ ရုပ်လို့
ရှုမှတ်ရပါတယ်။
အိပ်ရာပေါ်ရောက်သွားပြီး
ကိုယ်ခန္ဓာကြီးအိပ်ရာပေါ်မှာ တည်ရှိသွားပြီဆိုရင် ခုနက သဘောတွေ မရှိတော့တာ
ချုပ်ပျောက်သွားတာ တွေ့ရပါမယ်။ သဘောတရားအသစ်တွေ ပေါ်လာတာကို တွေ့ရပါမယ်။
မိမိရဲ့ဦးခေါင်းနဲ့
ခေါင်းအုံး ထိနေချိန်မှာ တဒိတ်ဒိတ်နဲ့ တုန်နေခုန်နေ လှုပ်နေတာတွေ တွေ့ရပါသေးတယ်။
ထိနေတဲ့ နေရာများမှာ ပူတဲ့ အေးတဲ့ သဘောလေးတွေ တွေ့နိုင်ပါတယ်။ ကျောပြင်နဲ့အိပ်ရာ
ထိကပ်နေတဲ့ နေရာ၊ နံပါးနဲ့အိပ်ရာ ထိကပ်နေတဲ့ နေရာတွေမှာလည်း ပူအေးသဘော၊
ကြမ်းနုသဘော၊ လေးနေ ပိနေတဲ့ သဘောတွေ ရှုစရာအဖြစ် အရှုခံအဖြစ် ဖော်ပြနေပါတယ်။
ရုပ်သဘောတွေပါ။ ရုပ် ရုပ်လို့ သတိကပ်ရှုမှတ်ပါ။ စိတ်တိုင်းကျရာ ထင်ရှားရာ
သဘောတစ်ခုခုကို အရအမိ ရှုမှတ်ပါ။
ဒါမှမဟုတ်
ထိုင်တရားနဲ့နေစဉ်ကလိုပဲ နှာသီးဖျားမှာ သတိထားပြီး ဝင်လေ ထွက်လေကြောင့် တွန်းတိုး
လှုပ်ရှား ပူးအေးနေတဲ့ ရုပ်တရားကို ရှုလိုက ရှုပါ။ ရင်ခေါင်းမှာ အသက်ရှူတိုင်း
တဒိတ်ဒိတ်နဲ့ တိုးတွန်း လှုပ်ရှားနေတာ ခုန်နေတာကို ရှုချင်က ရှုပါ။
ကြိုက်ရာရှုပြီး အရှုအမှတ် တရားနဲ့ နေပါ။
အထိုင်ကြာလို့
ပင်ပန်းမှု၊ အလျှောက်များလို့ ညောင်းညာမှုတွေဟာ အိပ်ရာပေါ်လှဲပြီး အနားယူလိုက်တော့
သက်သာသွားပါတယ်။ ဒါပေမယ့် ဒီအတိုင်း မလှုပ်မယှက်လည်း မနေနိုင်ပြန်ပါဘူး။ ဘယ်ညာစောင်းငဲ့ပြီး
လှည့်ချင်လာပါသေးတယ်။
လှည့်ချင်
ပြောင်းချင်တဲ့ စိတ်ကို နာမ်လို့ ရှုမှတ်ပါ။ ပြောင်းလှည့်ချိန် စောင့်ငဲ့ချိန်မှာ
ဖြစ်ပေါ်လာတဲ့ တွန်းကန်မှု၊ လှုပ်ရှားမှု၊ ပိမှု၊ မမှု၊ ပေါ့မှု၊ လေးမှု၊ တင်းမှု၊
လျော့မှုသဘောတွေကို ရုပ် လို့ ရှုမှတ်ပေးပါ။
ကိုယ်အင်္ဂါအစိတ်အပိုင်း
ကြီးငယ်တို့ရဲ့အနေအထား ပြောင်းသွားတဲ့အတွက် အားစိုက်လှုပ်ရှားရတဲ့အတွက်
ဖြစ်ပျက်သွားတဲ့ ရုပ်နာမ်သဘောတွေကို အလွတ်မပေးဘဲ ရှုဖို့ အမှတ်တမဲ့ မဖြစ်ဖို့
ဂရုစိုက် ရှုမှတ်သွားဖို့ပါပဲ။
လျောင်း ထိုင်
ရပ် သွား ဣရိယာပုတ်လေးပါးမှာ ရှုမှတ်စိတ်တွေ မလွတ်အောင် မပျောက်အောင် တရားနဲ့နေတဲ့
သူဟာ ရောက်တတ်ရာရာ အာရုံမျိုးစုံကို စိတ်ကအသွားနဲ့ သွားတာမို့
တဖြည်းဖြည်းနဲ့စိတ်တွေ တည်ငြိမ်လာပါတယ်။
စိတ်အစဉ်မှာ
ကိလေသာအညစ်အကြေးတွေ ကင်းဝေးလို့ ဖြူစင်လာပါတယ်။ အပူသောက မီးတောက်တွေ၊
ဒေါသမီးလျှံတွေ လောင်ကျွမ်းခွင့်မရလို့ အေးချမ်းကြည်လင်လာပါတယ်။
ကိလေသာတွေပါးလာတယ်ဆိုယင်
တရားတိုးတက်တာပါပဲ။ ပုဂ္ဂိုလ်ရဲ့အလုပ်က သတိထားနေဖို့ပါပဲ။ ဓမ္မဗျာပါရ ဖြစ်လာရင်
ဉာဏ်ဖြစ်တော့တာပါပဲ။
မေတ္တာဖြင့်
တရားအားထုတ်တယ်ဆိုတာ
(၃)
မြတ်စွာဘုရားက
အင်္ဂုတ္တရနိကာယ် ပဏိဟိတအစ္ဆရဝဂ်၊ ဆဋ္ဌမသုတ် ဒေသနာတော်မှာ စိတ်ကြည်လင်တဲ့
ပုဂ္ဂိုလ်ဟာ ကြည်လင်တဲ့ ရေကန်နှင့်တူကြောင်း မိန့်ကြားထားပါတယ်။
မြတ်စွာဘုရား
မိန့်ကြားတော်မူလိုတာက စိတ်ထဲမှာ ကိလေသာ အညစ်အကြေးမတင် စိတ်ဖြူစင်ပြီး
စိတ်ကြည်လင်နေသူဟာ အသိဉာဏ်လဲ ထက်မြက်ကြည်လင်တဲ့အတွက် အကောင်းအဆိုး
အကြောင်းအကျိုးကိုလဲ ဝေဖန် ခွဲ့ခြမ်းပြီး သိတယ်၊ အမှားအမှန်ကိုလဲ ဝေဖန်ခွဲခြားပြီး
သိတယ်၊ လုပ်သင့်မလုပ်သင့် ပြောသင့်မပြောသင့် အစရှိသည်လဲပဲ ခွဲခြမ်းပြီးသိတယ်၊
ဒါတင်မကသေးဘူး ဝိပဿနာ အသိ မဂ်အသိ ဖိုလ်အသိ အထိ ရရှိနိုင်တယ်လို့
မိန့်ကြားတော်မူလိုတာပါပဲ။ အဲဒါကို ကြည်လင်တဲ့ ရေကန်နှင့် ဥပမာပြုထားတာပါပဲ။
ရေမှော်ရေညှိ
သစ်ပင် မြက်ပင် အမှိုက်သရိုက် ရွှံ့ညွှန်မရှိ ပကတိကြည်လင်နေတဲ့ ရေကန်ထဲကို
ကြည့်လိုက်လျှင် ရေအောက်မှာရှိတဲ့ ငါး လိပ် ဖား ယောက်သွား ခရု အစရှိတဲ့
ရေထဲမှာရှိတဲ့ အရာမှန်သမျှကို ထင်ထင်လင်းလင်း တွေ့မြင်ရသလို ကိလေသာ
အညစ်အကြေးကင်းလို့ ဖြူစင် ကြည်လင်နေတဲ့စိတ်ရှိတဲ့ သူဟာလဲ အကောင်းအဆိုး၊
အကြောင်းအကျိုးတွေကို ခွဲခြမ်းဝေဖန်ပြီး ရှင်းရှင်းလင်းလင်း သိနိုင်တယ်လို့ ဥပမာ
ပြုတာပါပဲ။
ဒါကြောင့်
တရားအားထတ်နေတဲ့ တချိန်လုံး ယောဂီရဲ့ စိတ်ကို ဖြူစင် ကြည်လင်နေအောင် ထားရမယ် ဆိုတာ
အင်မတန် သဘာဝကျပါတယ်။
ပြီးတော့
အထူးဂရုပြုဖို့ မြတ်စွာဘုရား မိန့်ကြားတဲ့အချက်ထဲမှာ စိတ်ကို ငြောင့်မစူးစေနဲ့တဲ့။
ခရီးသွားတဲ့ပုဂ္ဂိုလ်များ
ဆူးစူးတယ်၊ ငြောင့်စူးတယ်ဆိုရင် ခြေထောက်စူးရင် မသွားနိုင်တော့ဘူး၊ သွားနိုင်
တောင်မှပဲ ထော့နဲ့ထော့နဲ့နဲ့ ကောင်းကောင်း မသွားနိုင်တော့ဘူး၊ ဒါကြောင့်
ခရီးမတွင်ဘူးတဲ့။
အဲဒီအတိုင်းပဲ
စိတ်လဲပဲ ရှုမှတ်ပွားများ အားထုတ်နေတဲ့ ပုဂ္ဂိုလ်စိတ်မှာ ငြောင့်စူးရင်
ရှုမှတ်ပွားများ အားထုတ်မှုကို သူ အားတက်သရော မပြုတော့ဘူး၊ အားတက်သရော
မရှုမှတ်ဘူး၊ အားတက်သရော မပွားများဘူး၊ စိတ်ဝင်တစားလဲ မရှိဘူး။ အဲဒီတော့
သူရဲ့ဝိပဿနာ ခရီး နှောင့်နှေးတယ်၊ ဒါမှမဟုတ် ပျက်စီးတယ်ပေါ့။ ဒါကြောင့်
ငြောင့်မစူးစေနဲ့တဲ့။
စိတ်ကို
စူးတဲ့ငြောင့် ငါးချောင်းရှိတယ်၊ စေတောခိလ လို့ ခေါ်တယ်၊ စိတ်ကို စူးတဲ့ငြောင့်
ငါးချောင်းက ဘာလဲလို့ဆိုတော့ ဗုဒ္ဓေ ကင်္ခတိ ဝိစိကိစ္ဆတိ၊ ဓမ္မေ ကင်္ခတိ
ဝိစိကိစ္ဆတိ၊ သံဃေ ကင်္ခတိ ဝိစိကိစ္ဆတိ၊ သိက္ခာယ ကင်္ခတိ ဝိစိကိစ္ဆတိ၊
သဗြဟ္မစရိယာနံ ကုပိတော ဟောတိ .. တဲ့။
မြတ်စွာဘုရားအပေါ်
ယုံမှားသံသယဖြစ်ခြင်း ဝိစိကိစ္ဆာ၊ တရားတော်အပေါ် ယုံမှားသံသယဖြစ်ခြင်း ဝိစိကိစ္ဆာ၊
သံဃာတော်အပေါ် ယုံမှားသံသယဖြစ်ခြင်း ဝိစိကိစ္ဆာ၊ သိက္ခာသုံးပါးအပေါ် ယုံမှားသံသယဖြစ်ခြင်း
ဝိစိကိစ္ဆာ၊ အားထုတ်ဖော် အားထုတ်ဖက်အပေါ် စိတ်ခုခြင်း ဒေါသ၊ အဲဒီငြောင့် ငါးမျိုး
မစူးစေနဲ့တဲ့။
အဲဒါကို
ကျမ်းဂန်မှာ စေတောခိလတရား ငါးပါးလို့ ခေါ်ပါတယ်။ စေတောခိလဆိုတာ စိတ်စူးတဲ့ငြောင့်၊
စေတောခိလတရားငါးပါးပေါ့။
ချမ်းမြေ့ဆရာတော်
0 Comments