ဘုရားရှင်သည် သတ္တဝါတို့အပေါ်
တရားမဟောချင်စိတ် ဖြစ်သနည်း..
*************************
အရှင်နာဂသေနဘုရား၊ ဘုရားရှင်သည် များစွာသောလူအပေါင်းကို သံသရာဝဋ်ဆင်းရဲမှ ကယ်ထုတ်တော်မူခြင်းဌာ သဗ္ဗုညုတဉာဏ်တော်ကို ရခြင်းအတွက် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပတ်လုံး ပါရမီဖြည့်တော်မူခဲ့၏ ဟူ၍ အရှင်ဘုရားတို့ မိန့်ဆိုခဲ့ကြပါ၏ ထိုမှတစ်ဖန် ဘုရားအဖြစ်သို့ ရောက်တော်မူခါစအချိန်တွင် ဘုရားရှင်၏ စိတ်တော်သည် တရားဟောခြင်းဌာ ညွတ်တော်မမူပေ ဟူ၍လည်း အရှင်ဘုရားတို့ မိန့်ဆိုကြပြန်ပါ၏ ။
‘အရှင်ဘုရား၊ ဉပမာအားဖြင့် လေးသမားသည် လည်းကောင်း၊ လေးသမား၏တပည့် သည်လည်းကောင်း ရက်ပေါင်းများစွာ စစ်တိုက်ခြင်း အလို့ဌာ မြားပစ်လေ့ကျင့်ပြီးလျှင် စစ်ပွဲကြီး ဖြစ်လာခါမှ ဆုတ်နစ်လေရာ၏ ဤအတူပင် ဘုရားရှင်သည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ပတ်လုံး ပါရမီဖြည့်ကာ ဘုရားအဖြစ်သို့ ရောက်တော်မူခါမှ တရားဟောရန် ဆုတ်နစ်တော် မူဘိ၏ ။
‘အရှင်ဘုရား၊ မည်သို့ပါနည်း။ ဘုရားရှင်သည် ကြောက်သောကြောင့် ဆုတ်နစ်တော် မူပါသလော။ ဒေသနာဉာဏ်တော် မပေါ်လွင်သောကြောင့် ဆုတ်နစ်တော်မူပါသလော။ ကိုယ်အား ဉာဏ်အား နည်းပါးသောကြောင့် ဆုတ်နစ်တော်မူပါသလော။ အရှင်ဘုရား၊ ထိုစကားနှစ်ရပ်တို့တွင် အကယ်၍ ရှေ့စကားသည် မှန်ခဲ့ငြားအံ့။ နောက်စကားသည် မှားပေရာ၏။ အကယ်၍ နောက်စကားသည် မှန်ခဲ့ငြားအံ့။ ရှေ့စကားသည် မှားပေရာ၏ ။ အစွန်းနှစ်ဖက်ထက်၍နေသော ဤပြဿနာသည် အရှင်ဘုရားထံ ကပ်ရောက်လာ၏ ။ ဤပြဿနာကို ဖြေရှင်းတော်မူပါလော့’
၂၁၉ မာဏဝ
‘မင်းမြတ်၊ စကားနှစ်ရပ်လုံးပင် မှန်ကန်ပေ၏ ။ ဘုရားအဖြစ်သို့ ရောက်တော်မူခါစအချိန်၌ တရားဟောရန် စိတ်ညွတ်တော်မမူခြင်းမှာ တရားတော်၏ နက်နဲသောသဘော၊ သိမ်မွေ့သော သဘော၊ မြင်နိုင်ခဲသောသဘော၊ သိနိုင်ခဲသော သဘော၊ နူးညံ့သောသဘော၊ ထိုးထွင်း၍ သိနိုင်ခဲသော သဘောကို ရှုမြင်သုံးသပ်တော်မူမိ၍လည်းကောင်း၊ သတ္တဝါတို့၏ တဏှာ၌ ပျော်ပိုက်သောသဘော၊ ငါဟူသော သက္ကာယဒိဌိဖြင့် စွဲမြဲစွာ ယူနေကြသော သဘောကိုလည်းကောင်း ရှုမြင်သုံးသပ်တော်မူ၍ မည်သို့ဟောရပါအံ့နည်း၊ အဘယ်အကြောင်းဖြင့် ဟောရပါအံ့နည်းဟု စူးစမ်းတော် မူလိုသောကြောင့် ဖြစ်ပေ၏ ။ လျင်လျင်မြန်မြန် တရားဟောကြားရန် စိတ်ညျွတ်တော်မမူပေ။ ဤသို့ စိတ်ညွတ်တော် မမူခြင်းမှာလည်း သတ္တဝါတို့ တရားသိလာနိုင်မည့် နည်းလမ်းကို ကြံစည်သောစိတ် ဖြစ်ရုံမျှသာ တည်း။
‘မင်းမြတ်၊ ဥပမာအားဖြင့် ရောဂါကို ပယ်ထုတ်နိုင်စွမ်းရှိသော ဆေးဆရာသည် အနာရောဂါ မြောက်မြားစွာ ခံစားနေရသော လူနာထံသို့ချဉ်းကပ်၍ အဘယ်သို့သော ကုသခြင်း၊ အဘယ်သို့သော ဆေးဝါးဖြင့် ရောဂါပျောက်အောင် ကုသရပါမည်နည်းဟု ကြံစည်၏ ။ ဤအတူသာပင် ဘုရားရှင်သည် သတ္တဝါတို့ တရားသိလာနိုင်မည့် နည်းလမ်းကို ကြံစည်သောစိတ် ဖြစ်ရုံမျှသာတည်း။
‘မင်းမြတ်၊ အကြောင်းတစ်ပါးသော်ကား - အလုံးစုံသော ဘုရားရှင်တို့သည် သဟမ္ပတိ ဗြဟ္မာကြီး တောင်းပန်လာခါမှ တရားဟောတော်မူကြခြင်းမှာ ဓမ္မတာပေတည်း။ ဤလောကရှိ ရသေ့၊ ပရိဗိုဇ်၊ ရဟန်း၊ ပုဏ္ဏားတို့သည် ဗြဟ္မာကြီးများကို ကိုးကွယ်ကြကုန်၏ ။ အလေးအမြတ် ပြုကြကုန် ၏ ။ ဉပမာအားဖြင့် ပြည့်ရှင်မင်းနှင့် အမတ်ကြီးတို့က ဦးညွတ်နှိမ့်ချခြင်း၊ အရိုအသေပြုခြင်းကို ခံယူ ရသော လူတစ်ယောက်အား လူအပေါင်းတို့က ဦးညွတ်နှိမ့်ချ ကြရကုန်၏ ။ အရိုအသေ ပြုကြကုန် ၏ ။ ဤအတူသာပင် ထင်ရှားကျော်ကြား၍ အလွန်တရာ မြင့်မြတ်လှစွာသော ဗြဟ္မာကြီးက ဦးညွတ် ရှိခိုးလာသဖြင့် နတ်လူအများတို့ကလည်း ဦးညွတ်ရှိခိုး ကြရကုန်လတ္တံ့။ သက်ဝင်ယုံကြည်ကြရကုန် လတ္တံ့။ စိတ်ဝင်စား ကြရကုန်လတ္တံ။ ဤသို့သော အကြောင်းကြောင့်လည်း ဘုရားရှင်တို့သည် ဗြဟ္မာကြီး တောင်းပန်မှ တရားဟောတော် မူကြပေကုန်၏’
‘အရှင်ဘုရား၊ ကောင်းလှပါပေ၏’
[ကျမ်းရင်း၌ မိလိန္ဒမင်းက ရက်ပေါင်းများစွာ လေ့ကျင့်ပြီးလျှင် ပွဲရက်ကျခါမှ နောက်ဆုတ်သွားသော လက်ဝှေ့ သမားကို ဉပမာပြုသေး၏ ။ အရှင်နာဂသေနက အဘိသိက်သွန်းပြီးခါစ ပြည့်ရှင်မည်းသည် မိမိထံ ခစားနေကြသော သူအပေါင်းအား ချီးမြှောက်ရန် စဉ်းစားနေပုံတို့ကိုလည်း ဉပမာ ပြုသေး၏ ။]
#တိပိဋကမြန်မာပြန်
0 Comments