Advertisement

Responsive Advertisement

ဘဝအရေး စိတ်အေးရစေကြောင်း



🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

တစ်နေ့သောအခါတွင် မြတ်စွာဘုရားရှင်သည် အာဠာဝကဘီလူး၏ ဘုံ ဗိမာန်သို့ကြွရောက်တော်မူလာ၏။ အာဠာဝကဘီလူးမှာ အစည်းအဝေး 

သွားနေသဖြင့် စောင့်လျက်နေတော်မူသည်။ ဗိမာန်သို့ပြန်လည်ရောက် 

ရှိလာသော အာဠာဝကဘီလူးသည် ဘုရားရှင်ကို မြင်သည်နှင့် ဒေါသ ထွက်တော့သည်။ ဘုရားအား ထွက်သွားပါ၊ ပြန်ဝင်ပါနှင့် သုံးကြိမ်တိုင် တိုင် ပြုလုပ်ခိုင်းသည်။ ဘီလူးကျေနပ်အောင် သူ့အလိုကျ  ပြုလုပ်ခြင်းဖြင့် ဘီလူး၏ စိတ်ဓါတ်ကို ဗုဒ္ဓက ကုစားလိုက် သည်။ စတုတ္ထအကြိမ်တွင် ဘီလူးက ဘုရား၏ ခြေနှစ်ချောင်းကို ဆွဲကိုင်ပြီး ပစ်မည်ဟု ကြံထား သည်။ သိနှင့်နေသော ဘုရားက ဤအကြိမ် ဘီလူးထွက်ခိုင်းသည့်အခါ ထွက် မသွားတော့ချေ ။ နောက်ဆုံး၌ ဘီလူးတွင် ဘုရားသည် အကြောင်းမဲ့ 

ကြွလာခြင်း မဖြစ်နိုင်ဟူသော အတွေးပေါ်လာသဖြင့် နည်းတစ်မျိုး

ပြောင်းကာ ဓမ္မမေးခွန်းများကို မေးလေသည်။ 

ဘီလူး 

ကသာပဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ ဘဝအရေးနဲ့

ပတ်သက်သော အမေးအဖြေများကို ဘိုးဘွားစဉ်ဆက် မှတ်သားလာခဲ့ကြပါတယ်။ အကျွနု်ပ်၏ လက်ထက်တွင် အမေးများကိုသာသိတော့ပြီး အဖြေများကို မေ့ကုန်ပါပြီ။ 

အဲဒီအမေးတွေကို မေးချင်ပါတယ်၊ ဖြေမှာ ပါလားဘုရား။ 

ဘုရား 

မေးပါ။ ဖြေပါမယ် အသင်ဘီလူး။  

ဘီလူး 

လောကမှာ အကောင်းဆုံးပစ္စည်းဥစ္စာဆိုတာ ဘာပါလဲ။

ဘုရား 

သဒ္ဓါတရားဟာ အကောင်းဆုံးပစ္စည်းဥစ္စာ ဖြစ်ပေတယ်။ 

ဘီလူး 

ဘာကို ကျင့်သုံးရင် ချမ်းသာမှာပါလဲ။ 

ဘုရား 

ဓမ္မကို ကျင့်သုံးရင် ချမ်းသာမှာဖြစ်တယ်။ 

ဘီလူး 

အရသာတွေထဲမှာ အကောင်းဆုံးအရသာဟာ ဘာပါလဲ။ 

ဘုရား 

လောကမှာ မှန်တာကိုပြောတဲ့ သစ္စာစကားဟာ အကောင်းဆုံး အရသာပါပဲ။ 

ဘီလူး 

လောကလူသားတွေဟာ နည်းအမျိုးမျိုးနဲ့အသက်ရှင်နေကြ ပါတယ်။ ဘာနဲ့အသက်ရှင်တာ အကောင်းဆုံးဖြစ်ပါသလဲ။ 

ဘုရား 

အကြောင်းအကျိုး အကောင်းအဆိုး ခွဲခြားသိတဲ့ ပညာဉာဏ်နဲ့ အသက်ရှင်တာ အကောင်းဆုံး ဖြစ်ပေတယ်။ 

ဘီလူး 

လောကမှာရှိတဲ့ အခက်အခဲတွေကို ဖြတ်ကျော်ရမယ်ဆိုရင် ဘာရှိဖို့လိုပါသလဲ။ 

ဘုရား 

ယုံကြည်ချက်ရှိဖို့လိုပေတယ်။ 

ဘီလူး 

အင်မတန်ကျယ်ပြောတဲ့ ဘဝပင်လယ်ကို ဘာနဲ့ဖြတ်ကူးရ ပါမလဲ။ 

ဘုရား 

ကာမဂုဏ် အာရုံတွေပေါ်မှာ အမြဲစိတ်ညွတ်မနေဘဲ ကုသိုလ်

ကောင်းမှုတွေကို သတိ ရနေတဲ့ အပ္ပမာဒတရားနဲ့ဖြတ်ကူးရ မယ်။ သတိကြီးစွာထားပြီး ဖြတ်ကျော်ရမယ်။ 

ဘီလူး 

ဘာနဲ့ဆင်းရဲဒုက္ခတွေကို ကျော်ဖြတ်ရပါမလဲ။

ဘုရား 

ကြိုးစားအားထုတ်မှု ဝီရိယ ဖြင့်သာ ဒုက္ခဆင်းရဲအပေါင်းကို

ကျော်ဖြတ်ရပေမယ်။ 

ဘီလူး 

လူတွေရဲ့ စိတ်ကို ဖြူစင်အောင် ဘာနဲ့ဆေးကြောပေးရပါမလဲ။ 

ဘုရား 

ပညာနဲ့သာလျှင် စိတ်အညစ်အကြေးတွေကို ဖြူ စင်အောင် 

ဆေးကြောပေးနိုင်တယ်။ 

ဘီလူး 

စိတ်ကို စင်ကြယ်စေတတ်တဲ့ ပညာကို ဘယ်လိုရအောင် ယူရပါမလဲ။ 

ဘုရား 

ပညာကို ရယူလိုတဲ့ စိတ်ဆန္ဒရှိရင် ရနိုင်ပေတယ်။ 

ဘီလူး 

ဘဝအရေးမှာ လောကီဥစ္စာတိုးတက်ဖို့ဘာလုပ်ရပါမလဲ။ 

ဘုရား 

လုံ့လဝီရိယရှိဖို့ လိုတယ်။ တက်တက်ကြွကြွ ကြိုးစားရင် ပစ္စည်းဥစ္စာတိုးပွါးမှာ ဖြစ်တယ်။ 

ဘီလူး 

ပစ္စည်းဥစ္စာရှိပေမဲ့ ကျော်စောမှုမဲ့ ကြတာရှိပါတယ်။ ဘဝ 

အရေးမှာ ထင်ပေါ်ကျော်စောဖို့ဘာလုပ်ရပါမလဲ။ 

ဘုရား 

မှန်ကန်ရင် ထင်ပေါ်ကျော်စောလာမှာ ဖြစ်တယ်။ 

ဘီလူး 

ခြွေရံမိတ်ဆွေ များများရဖို့ဘာလုပ်ရပါမလဲ။ 

ဘုရား 

ပေးကမ်းရင် ခြွေရံမိတ်ဆွေ များများရပါလိမ့်မယ်။ 

ဘီလူး 

ဒီဘဝအတွက် ဒီမျှသိရရင် လုံလောက်ပါပြီ။ နောင်ဘဝအရေး စိတ်အေးဖို့အတွက် အဘယ်တရားတွေကို ကျင့်သုံးရပါမလဲ။ 

ဘုရား 

နောင်ဘဝအတွက် စိတ်အေးလိုရင် မှန်ကန်မှု-သစ္စာ၊ ပညာ၊ ကြိုးပမ်းအားထုတ်မှု ဝီရိယနဲ့ပေးကမ်းစွန့်ကြဲမှု စာဂ၊ ဒီတရားလေးပါးတို့ကို ကျင့်သုံးရမှာ ဖြစ်တယ်။ 

ဘီလူး 

ကျေးဇူးကြီးမားလှပါတယ် အရှင်မြတ်ဘုရား။ တပည့်တော် သွားလေရာရာမှာ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ဦးခိုက်ရှိခိုးမည် ဖြစ်ကြောင်းပါဘုရား။ 

ဘုရား 

ကောင်းလေစွ ကောင်းလေစွ။ သာဓု သာဓု သာဓု 

ကျမ်းကိုး။  ။နန္ဒမာလာဘိဝံသ၊ ဒေါက်တာဘဒ္ဒန္တ။ ဘဝအရေး စိတ်အေးရလေအောင် တရားတော်။ 


Post a Comment

0 Comments