Advertisement

Responsive Advertisement

ခွေးစားမခံရစေနဲ့




 

          ဖြစ်ရပ်က ဘဒ္ဒကမ္ဘာမှာ ပွင့်ခဲ့ပြီးဖြစ်တဲ့ တတိယမြောက်ဘုရား၊ ကဿပဘုရားသာသနာကွယ်လုလုအချိန်ကာလက ဖြစ်ရပ်တစ်ခုပါ။ ထိုစဉ်က ဗာရာဏသီပြည် ဥသီနကမင်းကြီး မင်းပြုနေစဉ်ပေါ့။ ရဟန်းတွေကလည်း ဝိနည်းပျက်နေကြတယ်။ အနေသန- မလျှော်ကန်တဲ့ အသက်မွေးဝမ်းကြောင်းတွေနဲ့ ဝမ်းစာရှာစားနေကြတယ်။ ရဟန်းတရားမလုပ်ဘဲ ရဟန်းမတရားတွေ လုပ်နေကြတယ်။ တရားချိုချိုလေးတွေ တိုက်ကျွေးဖို့တော့ ဝေလာဝေး၊ ဟိုအော် ဒီဆဲနဲ့ ဒေါသတွေနဲ့သာ အသားကျနေကြသတဲ့။ ချိုသာတဲ့တရားတွေ ဟောရမယ့်ပါးစပ်က နတ်ကောင်းမကပ်တော့ဘူးလေ။ နတ်ဆိုးပူးနေသလား ထင်ရအောင် မကြားဝံ့မနာသာစကားတွေနဲ့ ကလော်ဆဲနေပြန်တော့လဲ ဘာသာရေးခေါင်းဆောင်တွေရဲ့ စရိုက်အတုလိုက်နေရတဲ့ လူသားတွေမှာလည်း အဆဲသာ တတ်နေကြတော့တာပေါ့။ ဒီလိုနဲ့ လူတွေနဲ့ သောကော ရောဂေါ ဝိနဿတု ဆိုသလိုပါပဲ။ ရဟန်းတွေက လူနဲ့ရော၊ လူအလုပ်သာလုပ်နေကြသတဲ့။ ဒါနဲ့ လူလိုနေကြဆိုပဲ။ ကလေးတွေဘာတွေနဲ့ပေါ့လေ။ ခေတ်မီတယ်ပြောရမလားပဲ။ ဘုန်းကြီးကျောင်းက ကလေးငိုသံ တေးဆိုချော့သိပ်သံက တေးသံသာ ချိုမြမြ။ အုန်းမောင်း ကုလားတက်တို့ အသံတွေက ဆိတ်သုဉ်းစပြုနေပြီ။

ဘိက္ခုနီတွေဘက်ကြည့်ပြန်တော့လဲ ထိုနည်း၎င်း။ ရဟန်းတရားအစား လူတရားလိုက်စားကြတော့ ကလေးဆူသံ တညံညံနဲ့။ ကျောင်းလို့ပြောရမလား အိမ်လို့ပြောရမလားပင် မသိနိုင်တော့။ အိမ်ကျောင်းလား ကျောင်းအိမ်လားပင် ခွဲခြားမရနိုင်တော့တဲ့ခေတ်ကြီး။

ဒီလိုနဲ့ ဘာသာရေးခေါင်းဆောင်တွေက အကျင့်ပျက်ခြစားနေမှတော့ ဒကာ ဒကာမတွေကတော့ ဘာပြောကောင်းမလဲ။ ခြစားရုံတင်မကဘဲ ပိုးဟပ်ပါစားနေကြသတဲ့။ အကုသိုလ် ကမ္မပထတရား (၁၀)ပါးသာ ရှိလို့ပေါ့။ (၁၂)ပါးရှိရင်လည်း အကုန်လိုက်စားမှာပဲ။ ဒါဖြင့် လုပ်သမျှ ဒုက္ခဆိုသလို ဒီလို ကံမြောက်တဲ့ ကမ္မပထတရားတွေကို လိုက်စားမှတော့ ကံတွေက ရင့်ကျက်၊ ကံတွေခိုင်မာလာပြီး သေပြီးနောက် အပါယ်ချည်း ရောက်ကြလေသတဲ့။ အပါယ်ဆိုတာ ဆင်းရဲဒုက္ခ ဆိုးဆိုးဝါးဝါးခံစားနေရတဲ့နေရာဌာနပါပဲ။ သေတဲ့သူတိုင်းက ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်ဆိုတဲ့ အပါယ်လေးဘုံသို့သာ ရောက်ရောက်သွားလိုက်ကြတာ။ နတ်ပြည်ရောက်သူက တစ်ယောက်တစ်လေမျှပင် မရှိဘူးတဲ့။ ဘယ်ရောက်မလဲ။ နတ်ပြည်ဆိုတာ စာရိတ္တအဆင့်အတန်းမြင့်မှ ရောက်ရတဲ့နေရာ။ အကျင့်စာရိတ္တခြစားနေမှတော့ ဘယ်လိုရောက်နိုင်ပါ့မလဲ။ လူသားအစွမ်းအစတွေကို အကုသိုလ်တွေနဲ့သာ စတေးပြစ်နေကြတာလေ။

ဒီလိုနဲ့ သိကြားမင်းကြီးက နတ်သစ်တစ်ဖန်မွေးဖွားနှုန်းကို စောင့်ကြည့်နေတာ၊ နတ်ပြည်သို့ နတ်သား နတ်သမီးအသစ်တွေ တစ်ယောက်မှ တိုးမလာတော့ဘူး။ နတ်ဦးရေတွေ လျော့ကျနေတာ၊ ပျင်းစရာကြီးဖြစ်နေမှာပေါ့။ သာမန်ကြည့်လိုက်တော့ နတ်ဦးရေ အတော်များမယ်ထင်နေတာ သေသေချာချာ သန်းခေါင်စာရင်းကောက်ကြည့်တော့ ထင်နေတာတွေနဲ့ တစ်ခြားစီဖြစ်နေတယ်တဲ့။ နေစရာတွေက အကျယ်ကြီး၊ နတ်ဦးရေကနဲနဲလေး။ ဒီကြားထဲ နတ်သက်ကြွေသွားလို့ မတိုးတဲ့အပြင် လျော့လျော့သွားသေး။ တစ်ခုကောင်းတာက နတ်ပြည်မှာတော့ ဟိုက ခိုးဝင် ဒီကခိုးဝင် အဲလိုခိုးဝင်လို့မရဘူး၊ ခိုးဝင် ပိုက်ဆံပေးပြီး မှတ်ပုံတင်လုပ်လို့လဲ လက်သင့်မခံတော့ နတ်ပြည်မှာ လူ့ပြည်လို နိုင်ငံသားကတ်အတုတို့ ပတ်စပို့အတုတို့ ဗီဇာအတုတို့လိုမျိုး အင်ထုလို့မရဘူး။ တကယ် ရောက်ထိုက်မှရောက်တာလေ။ မရောက်ထိုက်သူ ဘယ်လိုလူမှ ရောက်ခွင့်မရှိတဲ့နတ်ပြည်။

ဒါနဲ့ပဲ သိကြားမင်းကြီးက ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။ လူ့ပြည် သာသနာပြုသွားမှဖြစ်မယ်တဲ့။ သိကြားမင်းက မုဆိုးအသွင်ဖန်ဆင်း၊ မာတလိက အာဇာနည်ဆင်အရွယ်လောက်ရှိတဲ့ ခွေးနက်ကြီးဖန်ဆင်းပြီး အတူဆင်းသွားကြတာ။ ဗာရာဏသီမြို့နဲ့တစ်ယူဇနာလောက်ဝေးတဲ့အရပ်မှာ ဆင်းလာကြပြီး လောကကြီးပျက်တော့မည်- လို့ အော်ဟစ်၊ ဗာရာဏသီမြို့ဆီ ချီတက်လာကြသတဲ့။ အသံကလည်း ဟီးနေတာ။ လူတွေ ကြောက်လို့ ပြေးကြ ပုန်းကြ၊ အိမ်ထဲဝင် တံခါးပိတ်နေကြသတဲ့။ ဗာရာဏသီမြို့ထဲရောက်သည့်တိုင် အော်လာတာ – လောကကြီး ပျက်တော့မယ်- တဲ့လေ။ ခွေးနက်ကြီးကလည်း အသက်နက်ကြီးနဲ့ ကျယ်လောင်စွာဟောင်လိုက်တာ တစ်လောကလုံးကို ဟိန်းသွားတာပဲ။ မုဆိုးက အော်၊ ခွေးနက်က ဟောင်။

ဥသီနကမင်းကြီးက ဒီအသံကို အဝေးကတည်းက ကြားတော့ နန်းတွင်း တံခါးပေါက်ကြီးတွေ အစောကတည်းက ကြိုပိတ်ထားတာ။ အလုံပိတ်ထားတဲ့ ဗိုလ်ခြေတစ်ထောင်ဖွင့်မှ ပွင့်တဲ့တံခါးကြီး ခွေးနက်ကြီးက အသာလေးပဲ ခုန်ကျော်ပြီး ဝင်လိုက်တယ်။ မုဆိုးကလဲ နောက်က ခုန်ကျော်ဝင်လိုက်တာ သူတို့အတွက်တော့ အဆင်သင့်လိုက်တာ၊ ဂုံးကျော်တံတားတောင်မလိုတော့ဘူး။ ဘုရင်ကြီးလည်း ကြောက်လန့်တကြားနဲ့ မိဖုရားတွေ ရံရွေတော်တွေ အကုန်ခေါ်ပြီး နန်းမဆောင်ထဲဝင်ပုန်းနေကြတာ။ ရုပ်ပျက်ဆင်းပျက် ဖြစ်ကုန်ရော။ မကြောက်ချင်ယောင်ဆောင်နေရတဲ့ ဘုရင်ကြီးဟာ အတားအဆီးမဲ့ ခွေးနက်ကြီးနဲ့တွေ့တော့ ဟန်ဆောင်တရားတွေ မြောင်းထဲရောက်ကုန်တော့တယ်။ ခွေးနက်ကြီးက ဘုရင့်ပြာသာဒ်လေသာပြူတင်းပေါ် မေးတင်ပြီး အသံကျယ်ကြီးနဲ့ တဝုန်းဝုန်း ဟောင်လေသတဲ့။ ဘယ်လောက် အင်အားပျင်းတဲ့အသံလည်းဆိုရင် အထက်ဘဝဂ် အောက် အဝီစိကတောင် ထုတ်ချင်းပေါက် ကြားရသတဲ့။

ဘုရင်ကြီးက ခွေးနောက်က မုဆိုးကို လှမ်းမေးတယ်။

ခင်ဗျားခွေးကြီးက ဘာလို့ ဒါလောက် ဆူညံနေအောင် ဟောင်နေရတာလဲ။

ဆာလို့ ဟောင်နေတာပါ မင်းကြီး။

ဒါနဲ့ နန်းတွင်းရှိသမျှ အသားတွေ အကုန်ကျွေးခိုင်းတယ်။ ကျွေးသမျှအကုန်စားပြီး ဟောင်တာပဲ။ ဟောင်တာက သူ့အလုပ်လေ။ ကျွေးလဲ ဟောင်မြဲဟောင်မှာပေါ့။ နောက်တစ်ခါ ထပ်မေးတယ်။ ဆာလို့ဟောင်တာဆိုလို့ ကျွေးပြီးပြီ။ ခုလဲ ဟောင်နေသေးတယ်။ ဘာကြောင့်တုန်းဗျာ။

သူက အဲဒီအသားတွေ စားချင်တာမဟုတ်ဘူး။ ရန်သူတွေရဲ့ အသားတွေကို စားချင်နေတာ။ ဒါကြောင့် ဟောင်နေတာ။

ဒါဖြင့် သူ့ရန်သူတွေဆိုတာက ဘယ်လိုလူတွေတုန်း။

မင်းကြီး မတရားလုပ်နေတဲ့သူတွေဟာ သူ့ရန်သူတွေပဲ။ ရဟန်းတွေကလည်း ရဟန်းအလုပ်မလုပ်ဘဲ လယ်ထွန်၊ ကြွေးပေး၊ အတိုးပေး၊ မရတော့ရန်ဖြစ်၊ ရတော့ သားမယားကျွေး၊ လောင်းကစားဒိုင်လုပ်နေရင် အဲဒါ ရန်သူပဲ။ ဒီခွေးကြီးက စားလိမ့်မယ်။ လူတွေကလည်း မိဘကို မလုပ်ကျွေးတဲ့အပြင် စော်ကား၊ သူများသားမယား ပြစ်မှား၊ လုယက်တိုက်ခိုက်၊ လိမ်ညာလှည့်ဖျားနေရင် သူတို့ဟာ ရန်သူပဲ။ ဒီခွေးကြီးက စားလိမ့်မယ်။ ဒီလို တရားပျက်တဲ့သူတွေထဲမှာ သင်မင်းကြီးလည်း ပါတယ်။ တိုင်းသူပြည်သားတွေအတွက် ငဲ့ကွက်မှုဆိုတာမရှိဘူး။ မလိုရင် မလိုသလိုလုပ်နေတာ။ တရားတာ မတရားတာက သင်မင်းကြီးရဲ့ ပါးစပ်ထဲမှာပဲ ရှိနေတာ။ သင်မင်းကြီးရဲ့ ဘက်တော်သားတွေဆိုရင် ဘာတွေဘယ်လိုပဲ မတရားလုပ်နေပါစေ၊ သင်မင်းကြီးက ရေငုံနှုတ်ပိတ်နေတယ်။ မသိချင်ယောင်ဆောင်နေတယ်။ သင်မင်းကြီးနဲ့ ဘာမှ ပတ်သက်မှုမရှိရင်တော့ အရေးယူတယ်။ မလိုတစ်မျိုး လိုတစ်မျိုး။ တိုင်းသူပြည်သားတွေမှာ ဘာကိုမှ သတ်သတ်မှတ်မှတ်ပိုင်ဆိုင်ခွင့် မရှိအောင်၊ သင်မင်းကြီးဘက်တော်သားတွေကိုသာ လုပ်ကိုင်ခွင့်ပေးထားပြီး ကျန်တဲ့သူတွေကို အခွန်ဖြင့်နှိပ်စက်၊ အပိုင်သိမ်းယူပြီး ဒုက္ခပေး၊ လာဘ်ကိုလည်း ပေးသလောက်ယူ၊ ပြီးရင် ဘာတစ်ခုကိုမှ တာဝန်ယူလုပ်မပေးဘဲ ထားတော့ နောက်တစ်ခါ ထပ်ပေးလည်း ထပ်ယူပြီး ဒီလိုချည်း လုပ်နေတာ။ ဂုတ်သွေးတင်မကဘဲ လည်ချောင်းသွေးပါ စုပ်နေတဲ့ သင်မင်းကြီးကြောင့် ပြည်သူတွေ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်နေရရှာတယ်။ သင်မင်းကြီးတို့ လူနည်းစုလေးပဲ ကောင်းကောင်းစား ကောင်းကောင်းသုံးနေတာ သင်မင်းကြီးက ငါ့နိုင်ငံတိုးတက်လှပြီ ထင်နေတာ။ တကယ်တော့ သင်မင်းကြီးကအစ မတရားလုပ်နေတာပဲ။ သင်မင်းကြီးကို ပထမဆုံး စပြီး စားလိမ့်မယ်လို့ပြောလိုက်တော့ ခွေးကြီးက ရပ်ပြီး စားမယ်လုပ်၊ မင်းကြီး နောက်ပက်လက်လန်လဲကျသွားခိုက် သိကြားမင်းက ကောင်းကင်ပျံတက်ပြီး-

မင်းကြီး ငါ သိကြားမင်းဖြစ်တယ်။ ရဟန်းရှင်လူတရားပျက်နေလို့ ငါလာတာ။ ကုသိုလ်ကို မေ့နေတဲ့သူတွေဟာ သေပြီးနောက် အပါယ်ချည်းရောက်ကြတယ်။ အပါယ်တံခါးပွင့်ပြီး နတ်ပြည်တံခါးပိတ်နေတယ်။ ဒီနေ့ကစပြီး တရားပျက်တဲ့သူတွေကို ဟောဒီခွေးကြီးက စားလိမ့်မယ်။ မင်းကြီး တရားပျက်ရင် မင်းကြီးကိုစားမယ်။ ရဟန်းရှင်လူတွေ တရားပျက်ရင် ရဟန်းရှင်လူ ပျက်တဲ့သူကို စားမယ်။ ဒါကြောင့် မင်းကြီး မမေ့လျော့ပါနဲ့ဟု မှာကြားခဲ့ပါသတဲ့။

ဒီလိုနဲ့ သိကြားမင်းက လာပြီး ကုသိုလ်ဆိုတာ ဘာလဲ၊ အကုသိုလ်ဆိုတာ ဘာလဲဆိုတာ သိနားလည်အောင် မင်းကြီးအား ရှင်းပြပြီး သာသနာပြုလိုက်တာ။ မင်းကြီးလည်း ခွေးအစားခံရမှာကြောက်တာနဲ့ တစ်တိုင်းပြည်လုံးရှိ ရဟန်းရှင်လူတို့အား တရားမပျက်စေရန်၊ ဒါန၊ သီလ ဆောက်တည်ကျင့်သုံးကြရန် စည်လည်စေတယ်။ ထိုအခါမှ သိကြားမင်းလည်း ခွေးနက်ယောင်ဆောင်မာတလိအားခေါ်ပြီး တာဝတိံသာ ပြန်တက်သွားတော့တယ်။ ထိုအခါမှစ၍ ရဟန်းရှင်လူတွေလည်း ဒါနပြု သီလတွေ ဆောက်တည်ကြ၊ ဘုရင်ကြီးလည်း မင်းကျင့်တရားနှင့်အညီ တိုင်းပြည်ကိုအုပ်ချုပ်။ ကွယ်လုလုဖြစ်နေတဲ့ သူတော်ကောင်းတရားသာသနာ ထိုအခါမှစ၍ အနှစ်တစ်ထောင်ပြန်တည်လေသတဲ့။ ဒါကြောင့် သိကြားသာသနာ အနှစ်တစ်ထောင်တည်တယ်လို့ လောကမှာ ပြောလေ့ရှိကြတယ်လေ။

ဇာတ်တော်ကို ပေါင်းလိုက်တော့ ထိုစဉ်က မာတလိက ယခုအခါ အာနန္ဒာ၊ သိကြားမင်းက ငါဘုရားဖြစ်သတည်းဟူ၍။

မဟာကဏှဇာတ် (၅၅၀ ဇာတ်တော်)

#တိပိဋကမြန်မာပြန်


Post a Comment

0 Comments