စိတ်ဓါတ်ကျခြင်းမှ ကိုယ်တိုင်ကျော်လွှားခြင်း
*****
ဘဝမှာ အသက်ရှင်ရပ်တည်ရုန်းကန်ဖို့ကြိုးစားနေသမျှ
ကာလပတ်လုံးမှာ စိတ်ပျော်စရာ၊ စိတ်ညစ်စရာ၊ ဝမ်းနည်းစရာ၊ စိတ်ဓာတ်ကျစရာစသဖြင့်
ကြုံမြဲကြုံရမှာပါပဲ။ဖြစ်တယ်.. ဘဝဆိုတာက အမြဲလိုတသတ်မတ်တည်း
မရှိဘဲ တက်လိုက်ကျလိုက်နဲ့မို့ အမြဲတမ်း အဆင်ပြေချောမွေ့နေတယ်ဆိုတာ ရှိမှာမဟုတ်ပါဘူး။
အမြဲတမ်းလည်း ကြမ်းတမ်းပြီး အခက်အခဲတွေနဲ့ချည်း ကြုံနေရမှာလည်း မဟုတ်ပါဘူး။
အဆင်ပြေနေတဲ့အခြေအနေမျိုးက ဘယ်သူ့ကိုမှ မထိခိုက်စေပေမယ့်
အဆင်မပြေတာတွေကြုံလာတဲ့အခါမှာတော့ ပုထုဇဉ်လူသားတွေပီပီ စိတ်ညစ်မှု၊
စိတ်ဆင်းရဲမှုတွေ ဖြစ်ပေါ်ခံစားရတော့မှာဘဲဖြစ်တယ်..
ဒီလို.. စိတ်ညစ်မှုတွေကြုံလာတဲ့အခါမှာ ကိုယ့်ရဲ့စိတ်တွေကလည်း
ကယောက်ကယက်နဲ့ မတည်မငြိမ်ဖြစ်နေလေ့ရှိတယ်။ အဲဒီ့အခါ စိတ်ဖိစီးမှုခံစားရပြီး
တဖြေးဖြေးစိတ်ဓာတ်ကျတဲ့အဆင့်ရောက်လာပါတော့တယ်။ စိတ်ဓာတ်ကျခြင်းက
ရောဂါတခုလိုပါပဲ…အချိန်မီကုသဖို့မကြိုးစားဘူးဆိုရင် ရေရှည်မှာ
ကျန်းမာရေးကိုထိခိုက်လာနိုင်သလို၊ လူမှုဘဝကိုလည်း ထိခိုက်လာနိုင်ပါတယ်။
အဲဒါကြောင့် စိတ်ညစ်နေချိန်မှာ ကိုယ်တိုင်ကလွဲပြီး အခြားဘယ်သူကမှ စိတ်ပျော်အောင်
မကြိုးစားပေးနိုင်ပါဘူး။ ကိုယ့်စိတ်ကို ကိုယ်တိုင်သာပြုပြင်ပြီး
ကုစားနိုင်တာဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ သင့်ကိုသင်ဘယ်လိုပြန်ပြီး
စိတ်ဓာတ်ခွန်အားယူမလဲဆိုတာလေးဖော်ပြပေးချင်ပါတယ်။
၁) စိတ်တည်ငြိမ်အောင်လုပ်သင့်ပါတယ်။ပထမဆုံး ကိုယ့်ရဲ့စိတ်ထဲမှာ တခုခုကြောင့် ဆိုးဝါးတဲ့ဝေဒနာ၊
ခံစားချက်တွေခံစားလာရပြီဆိုရင် ကိုယ်တိုင်ပဲအရင်ဆုံးသိရတာပါ။
အဲဒီ့အခါမှာ ကိုယ့်ကိုကိုယ်သတိထားကြည့်လိုက်ပါ..
စိတ်ဖိစီးမှု၊ စိတ်ညစ်မှု၊ နာကျင်မှုတွေခံစားနေရပြီဆိုရင် စိတ်တွေက
ကမောက်ကမဖြစ်ကာ ပြဿနာကိုပဲထပ်တလဲလဲတွေးနေမိတော့တာပါပဲ။ အဲဒါကြောင့်ကိုပဲ ပိုပြီး
စိတ်ဖိစီးမယ်၊ ပိုပြီး စိတ်မတည်ငြိမ်ဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ
ကိုယ့်စိတ်က အဓိကဆိုတာ နားလည်ပါ။ ကိုယ့်စိတ်ကို အရင်ဆုံးတည်ငြိမ်အောင် လုပ်သင့်ပါတယ်။
ဥပမာ။ တရားထိုင်လိုက်တာမျိုး၊ စိတ်ဝင်စားဖွယ်..
ပေါ့ပေါ့ပါးပါး ဟာသ စာအုပ်လေးဖတ်လိုက်ပါ..၊ ဒါမှမဟုတ်ရင်လည်း
တစ်ယောက်တည်း ဆိတ်ငြိမ်တဲ့နေရာမှာ မျက်လုံးမှိတ်ပြီး
ခဏလောက်ထိုင်နေလိုက်တာမျိုးလုပ်ပါ။ ဘုရားစာကို ခပ်ကြာကြာလေးရွတ်ကြည့်ပါ။
စရွတ်ရွတ်ခြင်းတော့ စိတ်ကပြဿနာတွေကိုတွေးလိုက် ဟိုတွေးဒီတွေးဖြစ်နေပေမယ့် ခဏလောက်အာရုံကို
ဘုရားစာသေချာရွတ်ဖို့အာရုံစိုက်ကြည့်လိုက်ပါ။ ဘုရားစာထဲအာရုံရောက်သွားတဲ့အခါ
ပြဿနာတွေကိုမေ့ပြီး စိတ်တည်ငြိမ်လာပါလိမ့်မယ်။
ကိုယ်ကိုးကွယ်ရာဘာသာအလိုက်ဘာသာရေးကိုလုပ်ပါ။ ဒီလိုလုပ်တဲ့အခါ.. အတန်ငယ်..
စိတ်ကလေး အေးချမ်းငြိမ်သက်လာတာကို တွေ့ရပါလိမ့်မယ်..
၂) ကိုယ်အောင်မြင်အောင်လုပ်ခဲ့တာတွေကို ပြန်တွေးကြည့်ပါ။
ဘဝမှာ စိတ်ညစ်စရာ၊ စိတ်ဒုက္ခရောက်စရာတွေအများကြီးကြုံဖူးခဲ့မှာပါ။
အရင်က ကိုယ်မဖြေရှင်းနိုင်ဘူးလို့ ထင်ခဲ့ပြီး
ကိုယ်ဖြတ်သန်းကျော်လွှားနိုင်ခဲ့တဲ့ပြဿနာတွေ၊ အရမ်းကြီးမားပြီး ဘယ်လိုမှ
မဖြစ်နိုင်ဘူးလို့ထင်ပြီး အောင်မြင်အောင်လုပ်နိုင်သွားတဲ့ကိစ္စတွေကို
ပြန်တွေးကြည့်ပါ။ အရင်တစ်ချိန်တုန်းကလည်း သင့်ကိုယ်သင် မဖြေရှင်းနိုင်ဘူးလို့
ထင်ခဲ့တာပဲမဟုတ်လား။ ခုချိန်မှာ ထိုပြဿနာတွေ ဆက်လက်တည်ရှိနေသေးရဲ့လား ဒါမှမဟုတ်
ထိုပြဿနာတွေ ခုထိဖြစ်နေတုန်းပဲလား။ သင်ဘယ်လိုဖြတ်သန်းနိုင်ခဲ့သလဲ။
သင်လုပ်နိုင်ခဲ့တယ်မဟုတ်လား။ အချိန်တစ်ခုရောက်တဲ့အခါ
ဘယ်လောက်ကြီးမားတဲ့အခက်အခဲဖြစ်ဖြစ် ကျော်ဖြတ်နိုင်သွားတာပါပဲ။ သင့်ကိုသင်
ယုံကြည်ဖို့ပဲလိုပါတယ်။
၃) ကိုယ်ကိုကိုယ်ပြန်အားပေးပါ။ကိုယ့်စိတ်ကဖြစ်နေတဲ့ပြဿနာကို ကိုယ်ပဲဖြေရှင်းနိုင်ပါတယ်။
အခြားသူပယောကကြောင့်ဆိုရင်တော့ ကိုယ်အကောင်းဆုံးဖြေရှင်းနိုင်မယ့်နည်းလမ်းကိုတွေးပြီး
ဖြေရှင်းလိုက်ပါ။ ကိုယ်ဖြေရှင်းမရတဲ့ပြဿနာဆိုရင်တော့ တနည်းအားဖြင့်
ကိုယ်မထိန်းချုပ်နိုင်တဲ့ပြဿနာဆိုရင်တော့ အာရုံထဲမထည့်ပါနဲ့တော့ ။
ကိုယ်ပြုပြင်နိုင်တာကိုပဲ အာရုံစိုက်ခြင်းက
ကိုယ်တိုင်ပြုပြင်ပြောင်းလဲပစ်လို့ရတယ်လေ။ အဲဒီလိုပြဿနာကို ကိုယ့်စိတ်ထဲ ထည့်ပြီး
မခံစားပါနဲ့။ ကိုယ့်စိတ်ထဲကနေဖြစ်နေတဲ့ပြဿနာဆိုရင်တော့ ကိုယ့်စိတ်ကိုကိုယ်ပြန်ပြီး
အားပေးပါ။ “ငါဖြေရှင်းနိုင်ပါတယ်….အရင်ကလည်း အဲဒီလိုခက်ခဲတယ်ထင်တာကို
ကျော်လွှားနိုင်ခဲ့သားပဲ။” ဆိုတဲ့စကားနဲ့အလားတူစကားမျိုးကို
ကိုယ့်ကိုကိုယ်ပြောပေးပါ။ ကိုယ့်စိတ်ကြောင့်ဖြစ်တဲ့ပြဿနာက
ကိုယ့်ကိုကိုယ်ပဲအားပေးမှဖြစ်မှာပါ။ “ငါလုပ်နိုင်တယ်။
ငါအောင်မြင်အောင်လုပ်နိုင်ပါတယ်။ ငါဒီတိုင်းအရှုံးပေးရမလား။ ငါ့ကိုဘယ်သူမှ
ပြိုလဲအောင်မတိုက်ခိုက်နိုင်ပါဘူး” စသဖြင့် ကိုယ့်ကိုကိုယ်အားပေးလိုက်မယ်ဆိုရင်..
တကယ်ကို အားတတ်လာပါလိမ့်မယ်..
၄) အသက်ရှင်နေခြင်းက ကံအကောင်းဆုံးအခွင့်အရေးပါပဲ။
ဘယ်လောက်အခက်အခဲတွေ၊ အကြပ်အတည်းတွေနဲ့ကြုံပါစေ။ ကိုယ့်မှာ
အသက်ရှိနေသရွေ့၊ အသက်ရှင်နေသရွေ့ ပြန်လည်ကြိုးစားဖို့၊ အနိုင်တိုက်ဖို့
အခွင့်အရေးရပါသေးတယ်။ အသက်ရှင်လျက်သာမရှိတော့ရင် ဘာကိုကြိုးစားနိုင်ပါအုံးမလဲ။
သင်ကြိုးစားချင်စိတ်ရှိနေသေးပေမယ့် အသက်ရှင်လျက်မရှိရင်
ဘာမှမကြိုးစားနိုင်တော့ပါဘူး။ အဲဒီ့တော့ ခုလို အသက်ရှင်လျက်ရှိနေခြင်းက
သင်ပြန်ပြီး ကြိုးစားဖို့ အကောင်းဆုံးအခွင့်အရေးမဟုတ်ဘူးလား။ အဲဒါကြောင့်
အသက်ရှင်လျက်ရှိနေခြင်း အခွင့်အရေးကို ကောင်းကောင်းအသုံးချပါ။ ကိုယ့်အတွက် အခက်အခဲဆိုတာ
ကိုယ်ဖြေရှင်းလိုက်ရင် ကြီးမားတဲ့ ပြဿနာကြီးတောင်မှ
ဘာမှမဟုတ်တဲ့ မြူမှုန်လေး ဖြစ်သွားပါလိမ့်မယ်..,
၅) ကိုယ့်ကိုချစ်တဲ့သူတွေကိုတွေးကြည့်ပါ။
နောက်ဆုံးအချက်ကတော့ ကိုယ့်ကိုချစ်တဲ့သူတွေကိုတွေးကြည့်ပါ။
ကိုယ့်ကိုချစ်တဲ့သူတွေအများကြီးရှိပါသေးတယ်။ နောက်ဆုံး ကိုယ့်မိဘ ဒါမှမဟုတ်
ကိုယ့်သားသမီး ဒါမှမဟုတ် ကိုယ့်မိတ်ဆွေအရင်းတွေ၊ ဒါမှမဟုတ်
ကိုယ့်ကျောင်းကသူငယ်ချင်းတွေ ၊ အလုပ်ခွင်ထဲကသူငယ်ချင်းတွေ စသဖြင့် ကိုယ့်ကို
စိတ်ရင်းနဲ့ချစ်ခင်သူတွေအများကြီးရှိပါသေးတယ်။ အဲဒါကြောင့် ကိုယ့်မှာ
ဘာမှမဟုတ်တဲ့အခက်အခဲတွေအတွက်နဲ့ စိတ်ညစ်ပြီး ပြိုလဲကြေကွဲမနေသင့်ပါဘူး။
စိတ်ဓာတ်ကျစရာလည်း မလိုပါဘူး။ ကိုယ်တစ်ယောက်တည်းဒုက္ခရောက်၊
အခက်အခဲတွေ့တတ်တာမဟုတ်ပါဘူး။ ဘဝတစ်လျှောက်လုံးမှာ လူတွေက ကိုယ့်လိုပဲ
အခက်အခဲကြုံလိုက်၊ ဖြေရှင်းလိုက်၊ ပြေလည်သွားလိုက် ပြဿနအသစ်တွေထပ်ကြုံရလိုက်နဲ့
သံသရာလည်နေကြတာချည်းပါပဲ။ သင်တစ်ယောက်ထဲမဟုတ်ပါဘူး။ သင့်မှာမှ သင့်ကိုချစ်ခင်တဲ့သူတွေအများကြီးရှိနေပါသေးတယ်။
ဘယ်လောက်အားတက်စရာကောင်းလိုက်သလဲနော်။ဘဝမှာလူတိုင်းက ကိုယ့်ကိုကိုယ်ကယ်ဆယ်ဖို့ကြိုးစားရင်း
အလုပ်ရှုပ်နေကြတာချည်းပါပဲတဲ့။ အဲဒီ့တော့ အခြားသူတွေက သင့်ကို
လာပြီးကယ်ဆယ်ပေးတာကို စာင့်နေတာထက် သင့်ကိုသင်ကယ်ဆယ်ဖို့ သင့်စိတ်ကို ပြန်လည်တက်ကြွ
အားမာန်တင်းပြီး ဘဝကိုရှေ့ဆက်ပါ။ သင့်ကိုသင်သာ စိတ်ဓာတ်ခွန်အားဖြစ်အောင်
အထက်ကအချက်တွေကိုကြိုးစားကြည့်လိုက်မယ်ဆိုရင်.. စိတ်ညစ်ခြင်းများထဲမှ
ကိုယ်တိုင် ထိုးဖောက်နိုင်ပါလိမ့်မယ်..,.
0 Comments