မရင့်ကျက်သူတို့၏ အကျင့်စရိုက်များ
လောကမှာ.. ပြဿနာ တစ်ခုခုကြုံလာတဲ့အခါမျိုုးမှာ မဖြေရှင်းနိုင်ဘူးဆိုရင်..
အများက ဒီလူဟာ မရင့်ကျက်သေးဘူး ရင့်ကျက်မှုမရှိဘူး.. စသည်ဖြင့် ပြောဆိုကြတာကို သင်လည်း ကြားဖူးပါလိမ့်မယ်။
မရင့်ကျက်တဲ့လူ ….၊ ရင့်ကျက်ပြီးတဲ့လူအဖြစ် ဘယ်လိုသတ်မှတ်ကြပါသလဲ။ ဘာပေတံနှင့်
ဘယ်လို တိုင်းတာမလဲ??
ဒီနေရာမှာ.. မရင့်ကျက်တဲ့လူတစ်ယောက်ရဲ့အကျင့်စရိုက်များကို
အကြမ်းဖျင်း ဖော်ပြပေးလိုက်ပါတယ်။
၁) သူများကိုချည်း အပြစ်တင်တယ်
မရင့်ကျက်တဲ့သူဟာ ကိစ္စတစ်ခု ပြုလုပ်ပြီး လွဲမှားသွားတဲ့အခါ ကိုယ့်ရဲ့အမှားကို ခပ်လွယ်လွယ်နဲ့ဝန်မခံတတ်ကြပါဘူး။ ငါလုပ်လိုက်တယ်..
ငါ့ကြောင့် ဖြစ်သွားတယ်..၊ ငါတောင်းပန်တယ်.. စသည်ဖြင့်လည်း ဝန်မခံတတ်ကြပေ။ တချို့ဆိုရင် ကိုယ့်အမှားကို ဝန်ခံဖို့ နေနေသာသာ
သူများအပေါ်အပြစ်ပုံချတတ်ပါသေးတယ်။ ရင့်ကျက်သူအများစုဟာ
ကိုယ့်ရဲ့အပြစ်ကို ရဲရဲကြီးဝန်ခံတတ်သလို၊ ထိုအမှားကနေ
နောက်ထပ်မဖြစ်ရအောင် သင်ခန်းစာယူတတ်ကြတယ်။
၂) ကိုယ်မှန်တယ်လို့အမြဲထင်တယ်
အမြဲလိုလို ကိုယ်သာအမှန်၊ ကိုယ်သာသိ၊ ကိုယ်သာတတ်၊
ကျန်တဲ့လူတွေအားလုံးက သူ့လောက်မတတ်ဘူးရယ်လို့ အမြဲအထင်ရောက်နေတဲ့သူမျိုးပါ။
အဲဒါကြောင့်လည်း အခြားသူက ပိုသိလို့ ပိုတတ်လို့ ချပြတဲ့အခြေအနေတစ်ခုကို ဘယ်တော့မှ
လက်မခံတတ်ပါဘူး။ တနည်းအားဖြင့် သူ့ကို
ကြောတယ်လို့အထင်ရောက်တတ်ပါတယ်။ သူတို့ကသာ ပိုသိတယ်လို့ ခံယူထားတာကြောင့်
အခြားလူဆီက အကြံဉာဏ်ကို လက်မခံတာမျိုးပါ။ အဲဒါကြောင့်လည်း မရင့်ကျက်သူဟာ
အမှားများတယ်။ ဆုံးရှုံးများတယ်..။ အမှားတွေထဲကနေလည်း သင်ခန်းစာယူရကောင်းမှန်းမသိသလို
နောင်တရရကောင်းမှန်းတောင် မသိတဲ့သူမျိုးများဖြစ်တယ်.။
၃) သူများကိုပဲ အားကိုးတယ်..
နောက်တစ်မျိုးက သူများကိုချည်းအားကိုးတတ်သူပါ..
တခုခု အခက်အခဲ၊ အကြပ်အတည်း ၊ ပြဿနာကြုံလာရင်လည်း
“ကိုယ့်ဟာကိုယ်ဖြေရှင်းနိုင်မယ့်နည်းလမ်းက ဘာရှိမလဲ..” လို့ မစဉ်းစားဘဲ
“ဘယ်သူကတော့ ကိုယ့်ကို ဘယ်လိုကူညီမှာပဲ” ဆိုတဲ့စိတ်ထားမျိုးရှိနေပါတယ်။
အဲဒီလိုစိတ်ကြောင့် တကယ်တမ်းအခက်အခဲနဲ့ရင်ဆိုင်ရချိန်၊ အကြပ်အတည်းတွေ့ချိန်မှာ
ကူညီမယ့်သူမရှိတဲ့အခါ ကိုယ့်အားကိုယ်ကိုးပြီးလည်း မဖြေရှင်းနိုင်တော့ပါဘူး။
အဲဒီ့အခါ မကူညီနိုင်သူကိုလည်း အပြစ်တင်တတ်ပါသေးတယ်။ မရင့်ကျက်သူရဲ့အဓိကအမှားကတော့
အခြားသူကို သူကိုယ်တိုင်တောင်မသိလိုက်ဘဲ အားကိုးနေတဲ့စိတ်ပါ။
ဥပမာ - လိုချင်တာတစ်ခုခုရှိရင်တောင်
ငါ့ဘယ်လိုငွေစုပြီးဝယ်လိုက်မယ်ဆိုတာထက် ငါ့မွေးနေ့မှာ ဘယ်သူ့ဆီက
မွေးနေ့လက်ဆောင်အဖြစ်တောင်းလိုက်မယ်ဆိုတာမျိုးတွေးတာပေါ့။ ဒါက မသိလိုက်ဘဲနဲ့
အခြားသူဆီက မျှော်လင့်အားကိုးတဲ့စိတ် မသိမသာဖြစ်ပေါ်နေတာမျိုးကို
ပြောပြတာဖြစ်ပါတယ်။ အဲဒီ့ထက်ပိုပြီးကြီးမားတဲ့ပြဿနာ၊ အခက်အခဲ၊ အကြပ်အတည်းမျိုးမှာ
အဲဒီလိုသူများကို အားကိုးဖို့ တွေးတတ်တဲ့စိတ်ကြောင့် ဒုက္ခရောက်နိုင်သလို
အမှားလည်းများပါတယ်။
၄) နှိမ့်ချရကောင်းမှန်းမသိဘူး
နောက်ထပ်အကျင့်တစ်ခုကတော့
ကိုယ့်ကိုယ်ကိုယ်နှိမ်ချရကောင်းမှန်းမသိတာပါ။
ကိုယ်သာအမှန်လို့အမြဲယူဆနေတာကြောင့်ကိုပဲ သူသာလျှင်
အတော်ဆုံးထင်နေတဲ့စိတ်အခံကြောင့် သူထက်ပိုသိပိုတတ်တဲ့လူမျိုးနဲ့တွေ့ခဲ့ရင်လည်း
သင်ယူရကောင်းမှန်း နားမလည်ပါဘူး။ အဲ့ကြောင့်လည်း အတတ်ပညာတစ်ခုခုဆိုရင်
တတ်သလိုလိုနဲ့ အလုံးစုံ ဆုံးခန်းတိုင်အောင် မသိသူတွေသာ များကြပါတယ်..။
ဒီနေရာမျိုးမှာ ရင့်ကျက်သူတွေက
အဲဒီလိုမဟုတ်ပါဘူး။ တခုခုကို သူကပိုသိနေရင်တောင် တဖက်လူကို လေးစားသမှုနဲ့
သိထားသမျှကို ချပြပြီး လူတတ်ကြီးမလုပ်တတ်ဘဲ ဘာမှမသိတဲ့လူပုံစံမျိုးနဲ့
ကိုယ့်ကိုယ်ကိုယ်နှိမ့်ချရကောင်းမှန်းသိသူတွေပါ။ တကယ်အရေးကြုံလာမှသာ
သူတို့ရဲ့စွမ်းရည်ကို ဖော်ထုတ်ပြသတတ်သူတွေဖြစ်ပါတယ်။
၅) အခြားသူရဲ့အခက်အခဲကိုနားမလည်ပေးနိုင်ဘူး
ဒါကတော့ တနည်းအားဖြင့် အခြားသူက ဘာအခက်အခဲ၊ အကြပ်အတည်းရှိသလဲဆိုတာ
သူတို့နားမလည်ပေးနိုင်ဘဲ သူတို့ဖြစ်ချင်တာ၊ လုပ်ချင်တာကိုသာ သိတဲ့သူတွေဖြစ်ပါတယ်။
အဲဒီလိုတစ်ဖက်လူကို နားလည်မပေးနိုင်တဲ့အတွက်ကြောင့်ပဲ မရင့်ကျက်သူတွေဟာ
စိတ်ဆိုးစိတ်ကောက်လွယ်သူတွေဖြစ်နေတတ်ပါတယ်။
ထစ်ခနဲဆို စိတ်ဆိုးတာ၊ ထစ်ခနဲ့ဆို စိတ်ကောက်လိုက်တာမျိုးတွေ
ဖြစ်ကြတယ်..။ တဖက်လူက
ဘာအခက်အခဲရှိပါလိမ့်၊ ဘာတွေများပြဿနာရှိနေပါလိမ့်လို့
လုံးဝမျှမတွေးပေးနိုင်တဲ့လူမျိုးတွေဖြစ်ပါတယ်။ ရင့်ကျက်သူတွေကတော့
ကိုယ့်မှာအခက်အခဲရှိသလို တဖက်လူမှာလည်း အခက်အခဲရှိနေတာဖြစ်နိုင်တယ်ရယ်လို့
မျှတစွာတွေးပေးတတ်သူဖြစ်ပါတယ်။
အထက်ကဖော်ပြထားတဲ့အချက်တွေကတော့ မရင့်ကျက်သူတွေရဲ့ လက္ခဏာအကျင့်စရိုက်တွေပဲဖြစ်ပါတယ်..
အကယ်၍များ
ဒီလိုအကျင့်စရိုက်ရှိတဲ့သူမျိုးတွေနဲ့ကြုံရတဲ့အခါ ပညာရှိနည်းနဲ့
ရင့်ကျက်တည်ငြိမ်စွာတုံ့ပြန်နိုင်ဖို့ ကြိုတင်သိနိုင်အောင် ဖော်ပြလိုက်ရပါတယ်။
0 Comments