ဘုန်းဘုန်းအမျိုးမျိုး
ချောဘုန်းကတော့ မတတ်နိုင်ဘူး
သူ့ဘာသာချောလာတာကို
(ချောတဲ့အရှင်မြတ်တွေကိုပြောတာပါ)
“ပေးဘုန်း၊ ကျွေးဘုန်း၊ ဗေဒင်ဘုန်းနှင့်၊
ဆေးဘုန်း၊ ကူဘုန်း၊ လူကြီးဘုန်းပြင်၊
ချဲဘုန်း၊ ချွဲဘုန်း၊ စကားဘုန်းပါ။
ခေတ်ဘုန်း၊ ခင်ဘုန်း၊ ဘေးတီးဘုန်းနှော၊
ချောဘုန်း၊ သံဘုန်း၊ ဟန်ဆောင်ဘုန်းတို့၊
စာဘုန်း၊ ကျင့်ဘုန်း၊ တရားဘုန်းဟု၊
ဘုန်းအမျိုးမျိုး၊ နောက်သုံးမျိုးသာ၊
ပြစ်မျိုးကင်းကွာ၊ အားကိုးရာ၏။
ရှေ့မှာဘုန်းများ၊ မကိုးစားရ၊
ဘုရားစက်ဆုပ်၊ ကဲ့ရဲ့ ရှုတ်ချ။
ဝဋ်ဒုက္ခမှလွတ်ရဖို့ရေး၊
မျှော်ထောက်တွေး၍၊
ဝေးဝေးရှောင်လေရာသတည်း။”
#ပေးဘုန်း
•••••••••••••
တချို့ရဟန်းတော်တွေက “ပုပ္ဖဒါနံ ဖလဒါနံ ဒေတိ”
သစ်သီးပေးတယ် ပန်းပေးတယ်။
“ဝေဠုဒါနံ ဒေတိ” ဝါးကို ပေးတယ်။ မြေညက်ကို ပေးတယ်။ အဲဒီလို ဒါယကာ၊ ဒါယိကာမတွေကို ဝါးတွေ၊ သစ်သီးတွေ၊ ပန်းတွေပေးလိုက်တဲ့အခါမှာ ဒါယကာ,ဒါယိကာမတွေက တုံ့ပြန်တဲ့အနေနဲ့ လှူဒါန်းကြတယ်၊ ပူဇော်ကြတယ်။ အဲဒီလို လှူဒါန်းပူဇော်ကြလို့ ကြီးတဲ့ဘုန်းကို (ပေးဘုန်း)
(မှတ်ချက်။ ။ တရားစာအုပ်၊ တရားခွေ၊ ဘုရားဆင်းတုစသည် ပေးကောင်းသည်။ နောက် မိဘ၊ ဝေယျာဝစ္စပုဂ္ဂိုလ် စသည် ပေးကောင်းသည်။)
#ကျွေးဘုန်း
••••••••••••••••
နောက်တစ်ခုက မိမိကျောင်းကို ရောက်လာတဲ့ ဒါယကာ၊ဒါယိကာမတွေကို မိမိတို့မှာ ရှိတဲ့စားစရာတွေ ချကျွေးလိုက်လို့ ဒါယကာ,ဒါယိကာမတွေက တုံ့ပြန်တဲ့အနေနဲ့ လှူဒါန်းပူဇော်လို့ ရတဲ့ လာဘ်လာဘမျိုးကိုတော့ (ကျွေးဘုန်း)
#ဗေဒင်ဘုန်း
••••••••••••••••
တချို့ ရဟန်းဖြစ်ပါလျက်နဲ့ ဗေဒင်တွေ ဟောကြတယ်။ မိမိကိုယ်တိုင် မဟောနိုင်ဘူးဆိုရင် ဟောနိုင်တဲ့ပုဂ္ဂိုလ်တွေနဲ့ ချိတ်ဆက်ပေးကြတယ်။ အဲဒီလို ဗေဒင်တွေ ဟောလိုက်လို့ ဒါယကာ ဒါယိကာမတွေက တုံ့ပြန်တဲ့အနေနဲ့ လှူကြပူဇော်ကြလို့ရတဲ့ဘုန်းကိုတော့ (ဗေဒင်ဘုန်း)
#ဆေးဘုန်း
•••••••••••••••
နောက်တစ်ခါ တချို့ဘုန်းကြီးတွေက ဆေးကုတာတွေ ရှိတယ်။ မြတ်စွာဘုရားက ရဟန်းအချင်းချင်းကလွဲလို့ လူတွေကို ဆေးကုတာကို စက်ဆုပ်တော်မူတယ်။ ဒါပေမယ့် ဆေးကုနေကြတဲ့ ဘုန်းကြီးတွေလည်း လောကမှာ အများကြီးရှိတယ်။ ဒါကြောင့်မို့ ဆေးကုလို့ ဒါယကာ,ဒါယိကာမတွေက တုံ့ပြန်တဲ့အနေနဲ့ ပူဇော်လို့ လာဘ်လာဘပေါများတဲ့ ပုဂ္ဂိုလ်ကိုတော့ (ဆေးဘုန်း)
#ကူဘုန်း
••••••••••••
နောက်တစ်ခါ ဒါယကာ,ဒါယိကာမတွေကို အကူအညီပေးလို့ နိုင်ငံခြားရောက်အောင် ဘယ်လိုကူညီပေးမယ်။ ရာထူး ရာခံတွေရအောင် ဘယ်လိုကူညီပေးမယ် စသည်ဖြင့် အဲဒီလိုအကူအညီတွေပေးလို့ ဒါယကာ,ဒါယိကာမတွေက တုံ့ပြန်တဲ့အနေနဲ့ ပူဇော်လို့ ဘုန်းကံကြီးမားတဲ့ ပုဂ္ဂိုလ်ကိုတော့ (ကူဘုန်း)
#လူကြီးဘုန်း
••••••••••••••••••
အသက်အရွယ်ကြီးရင့်တဲ့ ဆရာတော်ကြီးတွေကို သက်တော် ရှည်ဆရာတော်ကြီးတွေဆိုတဲ့ အသက်ရှည်တဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ ဆည်းကပ်ခစားကြတယ်။ အဲဒီလိုကြီးတဲ့ ဘုန်းကိုတော့ လူကြီးဘုန်း။ တစ်နည်းအားဖြင့် တချို့ပုဂ္ဂိုလ်တွေ ရာထူးရာခံရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ပိုင်တယ်။ အဲဒီလို ပိုင်တဲ့အခါကျတော့ “ဪ... ရာထူးရာခံကြီးတဲ့ ပုဂ္ဂိုလ်တွေ သူဌေး၊ သူကြွယ်တွေတောင်မှ ဒီဆရာတော်ကြီးကို ဆည်းကပ်ကြသေးတာပဲ။ ဒို့လည်း ဆည်းကပ်ရမှာပဲဆိုပြီး ဒါယကာ,ဒါယိကာမတွေက လာကြတယ်၊ ဆည်းကပ်ကြတယ်၊ လှူဒါန်းကြတယ်။ အဲဒီလိုကြီးတဲ့ ဘုန်းကိုတော့ (လူကြီးဘုန်း)
#ချဲဘုန်း
••••••••••••
တချို့ဘုန်းကြီးတွေက ချဲနံပါတ်တွေ ပေးကြတယ်နော်။ အဲ့ဒါ ဒါယကာကြီးတွေလည်း သွားပြီးတော့ ယူဖူးကြမယ်ထင်ပါတယ်။ ချဲပေါက်တဲ့ပုဂ္ဂိုလ်တွေက ဒီဘုန်းကြီးပေးလို့ ပေါက်တာဆိုပြီး ဒီဘုန်းကြီးကို မေ့မထားဘူးလေ။ ဒါကြောင့်မို့ ချဲနံပါတ်ပေးတဲ့ ပုဂ္ဂိုလ်တွေကို လှူဒါန်းကြတယ်။ အဲဒီလို ချဲနံပါတ်ပေးလို့ ဘုန်းကြီးတဲ့ ဘုန်းကြီးကိုတော့ (ချဲဘုန်း) ဘုန်းကြီးဆိုပေမယ့် ကျန်တဲ့ သီလရှင်တွေလည်း ပါချင်ပါမှာပေါ့ ဟုတ်လား။
#ချွဲဘုန်း
••••••••••••
တချို့ပုဂ္ဂိုလ်တွေကစကားပြောတဲ့အခါမှာ
ချွဲချွဲနွဲ့နွဲ့လေးတွေ ပြောတတ်ကြတယ်။
မယ်တော်ကြီး,ခမည်းတော်ကြီးဆိုပြီး
မိမိနဲ့ ဘာမှမတော်တဲ့ ဒါယကာ,ဒါယိကာမတွေကို အဲဒီလိုပြောတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။
အဲဒီလို ချွဲချွဲနွဲ့နွဲ့ပြောလို့ ဒါယကာ,
ဒါယိကာမတွေက ပြန်လည်ပြီးတော့ လှူဒါန်းကြ၊ ဆည်းကပ်ကြလို့ ကြီးတဲ့ ဘုန်းကိုတော့ (ချွဲဘုန်း)
#စကားဘုန်း
••••••••••••••••
နောက်တစ်ခါ စကားဘုန်းတဲ့။ တချို့ပုဂ္ဂိုလ်တွေဟာ ဒါယကာ,ဒါယိကာမတွေနဲ့ တွေ့တဲ့အချိန်အခါမှာ စကားတွေ ပြောတတ်ကြတယ်။ ဘယ်လို ဒါယကာ,ဒါယိကာမတွေကို ဘယ်လိုပြောဆို ဆက်ဆံရင်တော့ ငါ့ကို ကြည်ညိုမှာပဲဆိုတဲ့ အထာတွေကို သိကြတယ်။ ဒါကြောင့်မို့ အဲဒီလို စကားအပြောကောင်းလို့ ဒါယကာ,ဒါယိကာမတွေက ကြည်ညိုပြီးမှ လှူဒါန်းကြလို့ ရတဲ့ဘုန်းကိုတော့ (စကားဘုန်း)
#ခေတ်ဘုန်း
••••••••••••••••
ခေတ်နဲ့အညီနေထိုင်တဲ့ ရဟန်း တချို့ရှိတယ်။ တချို့နေကာမျက်မှန်လေးနဲ့၊ တချို့ ကိုယ်တိုင် ဆိုင်ကယ်မောင်းကြ၊ တချို့ကိုယ်တိုင် ကားမောင်းကြ၊ စီးပွားရေးလုပ်ကြ၊ ခေတ်ပေါ်ပစ္စည်းအဆန်းတွေ သုံးပြုကြ။ အဲဒီလိုခေတ်နဲ့အညီနေတဲ့ ရဟန်းတော်တွေကို ခေတ်နဲ့အညီနေကြလို့ ဒါယကာ,ဒါယိကာမတွေက အထင်ကြီးပြီးမှ ကြည်ညိုကြ၊ဆည်းကပ်ကြ လှူဒါန်းကြလို့ ရတဲ့ဘုန်းကိုတော့ (ခေတ်ဘုန်း)
#ခင်ဘုန်း
•••••••••••••
နောက်တစ်ခါ ခင်ဘုန်းဆိုတာကတော့ “ခင်ရာခင်ရာ ဂစ္ဆတိ ဘဇတီတိ ခင်ဘုန်း” ဒီလို ဝိဂြိုလ်ဆိုရလိမ့်မယ်။ ခင်ရာ ခင်ရာကို သွားကြဆည်းကပ်ကြတယ်။ “ခင်ရာ ခင်ရာ ဒါနံ ဒတွာ လာဘော”တိ အတ္တော။ ဒီလိုဖွင့်ရလိမ့်မယ်။ ခင်ရာမင်ရာကို လှူဒါန်းကြတယ်တဲ့။ ခင်ရာ ခင်ရာကို လှူဒါန်းကြဆည်းကပ်ကြလို့ရတဲ့ဘုန်းကိုတော့ (ခင်ဘုန်း)
#ဘေးတီးဘုန်း
•••••••••••••••••••
နောက်တစ်ခါ ဘေးက လိုက်တီးတဲ့ဘုန်း။ တချို့ပုဂ္ဂိုလ်တွေက သီလမရှိဘဲနဲ့ ဒီဆရာတော်ကြီးက သီလရှိတယ်။ သမာဓိမရှိဘဲနဲ့ သူတို့နဲ့ နီးစပ်တဲ့ပုဂ္ဂိုလ်တွေက ဒီဆရာတော်ကြီးက သမာဓိရှိတဲ့ ပုဂ္ဂိုလ်ပဲ စသည်ဖြင့် ဘေးပတ်ဝန်းကျင်ကို ကြေညာလိုက်တယ်။ ဘေးပတ်ဝန်းကျင်ကို သီတင်းတွေ လွှင့်လိုက်တော့ ဘေးပတ်ဝန်းကျင်က တကယ်ထင်ပြီးမှ ဆည်းကပ်ကြတယ်။ တကယ်ဟုတ်တာလည်း ရှိချင်ရှိမယ်။ တကယ်မဟုတ်ဘဲ အယောင်အဆောင်
တွေလည်း ရှိကောင်းရှိလိမ့်မယ်။ အဲဒီလို ဘေးကတီးလို့ ဒါယကာ,ဒါယိကာမတွေက လှူဒါန်းကြဆည်းကပ်ကြလို့ ကြီးတဲ့ ဘုန်းကိုတော့ (ဘေးတီးဘုန်း)
#ချောဘုန်း
•••••••••••••••
ရုပ်ရည် ဥပဓိချောမောလို့ ရုပ်ရည်ဥပဓိကို ကြည့်ပြီးမှ လှူဒါန်းကြ ဆည်းကပ်ကြလို့ ကြီးတဲ့ဘုန်းကိုတော့ (ချောဘုန်း)
ဒီနေရာမှာ ချောဘုန်းကို ထည့်ထားပေမယ့် အဋ္ဌကထာကတော့ ဓမ္မိယလဒ္ဓတရားနှင့်လျော်ညီတဲ့ လာဘ်လာဘလို့ ခွင့်ပြုထားပါတယ်။
#သံဘုန်း
•••••••••••••
တချို့ပုဂ္ဂိုလ်တွေက အသံကောင်းတယ်။ အသံကောင်းတဲ့ အခါကြတော့ အသံကို ကြည်ညိုတဲ့ပုဂ္ဂိုလ်တွေက လှူဒါန်းကြ ဆည်းကပ်ကြလို့ ကြီးတဲ့ဘုန်းကိုတော့ (သံဘုန်း)
#ဟန်ဆောင်ဘုန်း
•••••••••••••••••••••••
တချို့ပုဂ္ဂိုလ်တွေဟာ သီလမရှိဘဲနဲ့ သီလရှိဟန် ဆောင်ကြတယ်။ သမာဓိမရှိဘဲနဲ့ သမာဓိရှိဟန် ဆောင်ကြတယ်။ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တွေကို မရဘဲနဲ့ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တွေကို ရဟန် ဆောင်ကြတယ်။ အရိယာမဟုတ်ဘဲနဲ့ အရိယာဟန် ဆောင်ကြတယ်။ ရဟန္တာမဟုတ်ဘဲနဲ့ ရဟန္တာဟန် ဆောင်ကြတယ်။ တချို့ ပုဂ္ဂိုလ်တွေက လာဘ်လာဘတွေကို ရချင်လို့ အဲဒီလို ဟန်အမျိုးမျိုးဆောင်နေကြတယ်။ အဲဒီလိုဟန်အမျိုးမျိုးဆောင်နေကြတော့ ဒါယကာ,ဒါယိကာမတွေက တကယ်သီလရှိတဲ့ပုဂ္ဂိုလ်၊ တကယ်သမာဓိရှိတဲ့ပုဂ္ဂိုလ်၊ တကယ်အရိယာပုဂ္ဂိုလ်၊ တကယ် ရဟန္တာပုဂ္ဂိုလ်ရယ်လို့ ထင်ပြီးမှ လှူဒါန်းကြ ဆည်းကပ်ကြတယ်။ အဲဒီလိုလှူဒါန်းဆည်းကပ်ကြလို့ ကြီးတဲ့ ဘုန်းကိုတော့ ... (ဟန်ဆောင်ဘုန်း)
#စာဘုန်း
••••••••••••
စာပေပရိယတ်တွေကို သင်ယူလို့ စာပေပရိယတ်တွေ ပြန်လည်ပြီးမှ ပို့ချလို့ ကြီးတဲ့ဘုန်းကိုတော့ (စာဘုန်း)
(ပရိယတ္တိအလုပ်ကို လုပ်လို့ ကြီးတဲ့ဘုန်း)
#ကျင့်ဘုန်း
•••••••••••••••
နောက်တစ်ခါ စာပေပရိယတ်တွေကို မိမိသင်ယူထားတဲ့အတိုင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြတယ်။ အဲဒီလို သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို စာပေပရိယတ်မှာလာတဲ့အတိုင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြတဲ့အခါကျတော့ ဒါယကာ,ဒါယိကာမတွေက ကြည်ညိုကြတယ်။ လှူဒါန်းကြတယ်၊ ဆည်းကပ်ကြတယ်။ အဲဒီလို လှူဒါန်းဆည်းကပ်ကြလို့ ကြီးတဲ့ဘုန်းကိုတော့ (ကျင့်ဘုန်း)
#တရားဘုန်း
•••••••••••••••••
နောက်တစ်ခါ တရားဘုန်းဆိုတာကတော့ အဲဒီလို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုက်တဲ့အချိန်အခါကျတော့၊ မိမိရဲ့ သန္တာန်မှာ သမာဓိတွေနဲ့ ပြည့်စုံလာမယ်။ ပညာတွေနဲ့ ပြည့်စုံလာမယ်၊ အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်တွေဆိုတဲ့ လောကုတ္တရာတရားထူးတရားမြတ်တွေကို ရလာလိမ့်မယ်။ အဲဒီလို ရလာတဲ့အခါကျတော့ အဲဒီလို တရားထူးတရားမြတ်တွေကိုကြည်ညိုပြီးတော့ လှူဒါန်းဆည်းကပ်ကြလို့ ကြီးတဲ့ ဘုန်းကိုတော့ (တရားဘုန်း)တဲ့။
အဲဒီတော့ -
#စာဘုန်း_ကျင့်ဘုန်း_တရားဘုန်း ဟု...
ဘုန်းအမျိုးမျိုး နောက်သုံးမျိုးသာ
ပြစ်မျိုးကင်းကွာ အားကိုးရာ၏။
ရှေ့မှာဘုန်းများ မကိုးစားရ၊
ဘုရားစက်ဆုပ် ကဲ့ရဲ့ ရှုတ်ချ။
ဝဋ်ဒုက္ခမှ လွတ်ရဖို့ရေး၊မျှော်ထောက်တွေး၍ ဝေးဝေးရှောင်လေရာသတည်း။
အရှင်ကုမာရာဘိဝံသ
(ဖားအောက်တောရ-
ပြင်ဦးလွင်)၏ “နိဗ္ဗာန်ရောက်ကြောင်း
အကျင့်ကောင်း”စာအုပ်မှ ကူးယူပါသည်။
မူရင်းရေးသားသောအရှင်ကောင်းကို
ခရက်ဒစ် ပေးပါသည်
0 Comments