ဇယော ဗုဒ္ဓေါ ဇယော
ဓမ္မော ဇယော သံဃော ဇယတ္တယံ၊
ဇယံ ဝန္ဒေ ဇယံ ဒါတုံ ဇယံ ဒေတု ဇယုတ္တရော၊
ဗုဒ္ဓေါ = သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် ကိုယ်တိုင်မြင်၍ များမြင်ဝေနေ တပည့်တွေကို သိမြင်စေတတ် ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။ ဇယော = တွင်းပနှစ်တန် ဘေးဒဏ် အန္တရာယ် ရန်အသွယ်သွယ်ကို ကိုယ်ဝယ်မကပ် ရှင်းရှင်း ပြတ်အောင် ပယ်သတ်သုတ်သင် အောင်မြင်တော် မူခဲ့ပါပေ၏။
ဓမ္မော = မဂ် , ဖိုလ် , နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်အကျော် တရားတော် မြတ်သည်လည်း။ ဇယော = အဝိဇ္ဇာ , တဏှာ ဉီးစီးကာဖြင့် ဆယ်ဖြာဖြန့်နေ ကိလေသာ ရန်သူတွေကို သုံးထွေပရိညာ ကိုင်စွဲကာဖြင့် ဖွေရှာသုတ်သင် အောင်မြင်တော်မူခဲ့ ပါပေ၏။ သံဃော = မဂ္ဂဋ္ဌန် , ဖလဋ္ဌာန် ရှစ်တန် ထင်ဖော် အရိယာ သံဃာတော်မြတ်တို့သည်လည်း။ ဇယော = လှူသူ , တန်းသူ များဗိုလ်လူတို့ ကြည်ဖြူမြတ်နိုး ဆယ်ဆတိုးအောင် ကောင်းကျိုးထွေထွေ ဖြစ်ပွားစေတတ် လယ်ယာမြေမြတ် နှိုင်းအပ်ပုံသွင် ပမာဆင်ကာ အောင်မြင်တော် မူခဲ့ပါပေပြီ။ ဇယံ ဇယန္တံ = ပွဲတကာပွဲ ဝင်ရောက် နွှဲသော် အောင်ပွဲရလို့ အောင်မြင်လိုကြကုန်သော။ မယံ = တရားဟော တရားနာ ဖြစ်ကြကုန်သော တပည့်တော်တို့သည်။ ဇယတ္တယံ = လောက , သံသရာ နှစ်ဖြာအောင်ကြောင်း နည်းလမ်းကောင်းကို နှစ်ထောင်းအားရ ရွင်ပြပြဖြင့် ကျနသေချာ ပေးတတ်စွာသည့် သုံးဖြာရတနာ အောင်အရာကို။ ဇယံ ဒါတုံ = စီးပွားလာဘ်မိုး ပြိုင်ပြိုင်ဖြိုးလျှက် မဂ်မျိုးဖိုလ်ပေါက် နိဗ္ဗာန်ရောက်အောင် ထောက်ပံ့ပေးကူ အောင်မြင်ပါစေခြင်း အကျိုးငှာ။ ဝန္ဒေ ဝန္ဒာမ = ရှင်တော်မြတ်ဘုရား၏ အောင်ခဲ့သည့်ပုံ တန်ခိုးဂုဏ်ကို အမျိုးစုံမှန်းဆ၍ တမ်းတရှိခိုးလိုက်ကြပါကုန်၏ မြတ်စွာဘုရား။ ဇယုတ္တရော = အောင်မြင်သူထံ တစ်ကစွဲသည့် အောင်ပွဲမှူးသခင် ရတနာ သုံးပါးအရှင်သည်၊ ဇယေသိနံ = အရာရာတွင် ဆရာတင်၍ အောင်မြင်လိုငြား ဘုရားတပည့်တော်တို့အား။ ဇယံ = ဘောဂ , ကုသလ ဉာဏပြည့်ဖြိုး တရားပိုင်စိုးအောင် ကောင်းကျိုး ဝေဖြာ အောင်မြင်ခြင်းမင်္ဂလာကို။ ဒေတု = ရင်သွေးရာဟု ပမာပြုလျှက် ယခုမကြာ ပေးသနားတော်မူပါ့ အောင်တော်မူသခင် အရှင်မြတ်ကြီး ဘုရား…။သတ္တဝါများစွာ ဘေးရန်ကွာ ချမ်းသာကြပါစေ
သက်ရှည် , ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ။
မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ထားနိုင်ပါစေ။
မေတ္တာရေချမ်း သွန်းကာဖြန်း အေးချမ်း ကြပါစေ။
ဒါန ,သီလာ ဘာဝနာ ကောင်းစွာပြုနိုင်ကြပါစေ။
နိဗ္ဗာန်စခန်း အရောက်လှမ်း ငြိမ်းချမ်းကြပါစေ။
0 Comments