ပရိတ်ကြီး ၁၁-သုတ်အကျိုးများနှင့် စနစ်တကျ ရွတ်ဖတ်ပုံ အစီအစဉ်
* အစိန္တေယျ, ဂုဏ်ပေါင်းခသည့်, လောကတန်ဆောင်, ငါးမာရ်အောင်ဟု, ဘုန်းရောင်လျှံကြွား, ရှင်တော်ဘုရား၏, ဘေးဆီးရန်တား, ဟောကြားညွှန်ပြီး, ပရိတ်ကြီးလာ, ကျိုးများမှာကား, မသိသူချော်, သိသူဖော်၍, သုံးခဲ့လေပြီး, ကိုယ်တွေ့နည်းကို, ပြညွှန်းဆိုအံ့---
* မင်္ဂလသုတ်---ကျိုးညွှန်းထုတ်သော်, လောကုတ်လောကီ, နှစ်လီမင်္ဂလာ, ချမ်းသာကောင်းကျိုး, ရွာသွန်းမိုးသို့, ဝေဖြိုးလျှံပ, တိုးပွားရသည်, သုံး၍မကုန်, မြဲအောင်ခြုံလော့---
* ရတနသုတ်---သုံးကြိမ်ထုတ်က, သက်ပြတ်ခန္ဓာ, ရောဂါဥပါဒ်, ငတ်မွတ်ခေါင်းပါး, ကပ်သုံးပါးတို့, ရှောင်ရှားဝေးက, ငြိမ်းအေးလှသည်, သုံးစားမကုန်, ရတနာစုံတည်း---
* မေတ္တသုတ်မှာ---ဒေဝါနတ်များ, ချစ်ခင်ပွား၍, ဆိုးရွားအိပ်မက်, မမြင်မက်ဘဲ, အိပ်မက်နိုးထ, ချမ်းသာရလျက်, ရန်စရန်ညှောင့်, မြန်ပျောက်လိုက, ရွတ်ကြအဟုတ်, ခုနစ်အုပ်တည်း---
* ခန္ဓသုတ်မွန်---ဆိတ်ထန်ဆိုးရွား, မြွေကင်းများနှင့်, သစ်ကျားဝန်အောင်း, သရဲပေါင်းတို့, ကွာရှောင်းဝေးရာ, ဖယ်သွားခွါအောင်, ရွတ်ဆောင်နေ့ည, ကိုးကြိမ်ပြသည်, မှတ်ယူသုံးတော့, ကိုယ်တွေ့တည်း---
* မောရသုတ်မှာ---ရာဇဝတ်ဘေး, ပြေး၍မလွတ်, မချွတ်ရောက်ကြ, ရင်ဆိုင်ရသော်, စိတ်အားမပျက်, နေထွက်-နေဝင်, မြဲလျှင်မပြတ်, ကိုးကြိမ်မှတ်ခါ, ရွတ်အပ်ပါ၏---
* ဝဋ္ဋသုတ်မှာ---ရွာမီးမြို့မီး, တောမီးမကျန်, မီးမှန်သမျှ, ဘေးရန်ပအောင်, မိမိမျက်နှာ, တည်ရာအရ, ရွတ်ပွားကြသည်, ရှေးကသူသုံး, နည်းညွှန်ထုံးတည်း---
* ဓဇဂ္ဂသုတ်မှာ---ပြင်းစွာကြောက်လှ, တုံလှုပ်ကြ၍, စိတ်ကချောက်ခြား, ထိတ်လန့်များလျှက်, ကြောက်အားဖိစီး, ကြက်သီးဖြန်းလာ, ရွတ်ဆိုရာကား, ဆယ်ကာဆယ်ခေါက်, ခရီးရောက်၏---
* အာဋာနာဋိယ---ရှစ်ကြိမ်ရွတ်လေ, တစ္ဆေ-မှင်စာ, မာတြာ-မြေဘုတ်, ဖုတ်-သဘက်-ကြတ်, နတ်ဆိုးမကျန်, ကုမ္ဘဏ်-ဘီလူး, ထူးထူးနှောင့်ယှက်, နှိပ်စက်မရှိ, ချမ်းသာဘိ၏---
* အင်္ဂုလိမာလ---သုတ်အရမူ, မိမ္မ-ဓမ္မတာ, မီးဖွားခါနီး, ဆင်းရဲကြီးက, မငြီးသန့်စင်, ဖွားမြင်စေလို, ရေကို-သုံးခါ, စစ်ပြီးပါမှ, ခုနစ်ခါမန်း, တိုက်လျှင်ဘေးဘျမ်း, စင်စစ်လမ်းတည်း---
* ဗောဇ္ဈင်သုတ်မြတ်---သုံးကြိမ်ထပ်မူ, စွဲကပ်ရောဂါ, ဝေဒနာမှာ, ပိန်းကြာဖက်ပြား, ရေမနားသလို, ဘေးပချမ်းသာ,
အေးမြပါ၏---
* ပုဗ္ဗဏှသုတ်---ဆယ့်နှစ်အုပ်ကို, ရွတ်ဆိုပူဇော်, ဂြိုဟ်သော်စီးနင်း, ဆိုးရွားခြင်းတွင်, နိမ့်ဆင်းကြမ္မာ, ဆိုးဒသာနှင့်, ဇာတာစန်းလဂ်, ညှိုးနွမ်းချက်မှ, ဆက်ဆက်ကာလျှင်း, ကင်းကြသည်, ဒိဋ္ဌလာဘ်ကောင်း, အကျိုးတည်း။
* မဟာမင်္ဂလ---ပရိတ္တကား, သုခများစွာ, မင်္ဂလာပွားတက်, ဘုန်းကြက်သရေ, ပြည့်ဖြိုးဝေ၏၊
* သုံးထွေသောကပ်, သက်ပြတ်ဒုဗ္ဘိက်, နံနှိပ်ဖျက်ဆီး, မှုကြီးရောက်လာ, ရတနပရိတ်, ရည်ညွှန်းနှိပ်၍, စိတ်သစ္စာပြု, ရွတ်မှုမှန်စွာ, လွန်ချမ်းသာ၏၊
* ဗျာပါသောက, စိတ်ဒုက္ခနှင့်, နေ့ညမရွှင်, အိပ်လျှင်မပျော်, သူတို့သော်ကား, အော်အော်ညှင်းဆဲ, မေတ္တာနဲက, ရွတ်မြဲရိုတုပ်, မေတ္တသုတ်တည်း၊
* ကြမ်းကြုတ်သစ်ကျား, မြွေများ ကင်းသန်း, စုန်းဖမ်းနတ်တိုက်, အလိုက်သူပြု, အမှုရှိက, ရွတ်ပါခန္ဓ, ပရိတ္တတည်း၊
* ဘယနှောင်သွင်း, ခြေကျင်းကျိုးတတ်, ထိပ်ခပ်ဗန္ဓ, ရှိလေကမူ, မောရပရိတ်, မအိပ်မနေ, ရိုသေနေ့ည, ကြိုးလုံ့လလော့၊
* တေဇအဂ္ဂိ, မီးဘေးရှိက, ဝဋ္ဋသုတ်ပင်, ရွတ်လေခြင်လော့၊
* မှုအင်ဘေးကြီး, ရောက်တုံပြီးသော်, ကြက်သီးမွှေးညှင်း, ပူပြင်းထန်စွာ, ရှိသောခါလျှင်, မဟာဓဇဂ္ဂ, သုတ်မြတ်လှကို, မှန်လှစေ့စေ့, ရွတ်အောက်မေ့က, ပျောက်ပျက်ရ၏၊
* ကိုယ်မှာရောဂါ, ဖျားနာတထူး, ဘီလူးသဘက်, နှိပ်စက်ဖမ်းခါ, အာဋာနာဋိယ, ပရိတ္တကို, နေ့ညရွတ်ပါ, ကျန်းမာပကတိ, ဧကန်ရှိ၏၊
* မချိပြင်းပြ, ဣတ္ထိယတို့, ဂဗ္ဘကိုယ်ဝန်, သားမွန်မဖွား, ခက်ခဲငြားမူ, စကားသစ္စာ, မှန်စွာကြီးဘိ, အင်္ဂုလိဟု, မည်ရှိပရိတ္တာ, ရေသာ မန်းတိုက်, ကိုယ်၌အန္တရာယ်, သားဖွားလွယ်၏၊
* လူငယ်လူကြီး, ဖျက်ဆီးဆန်များ, နာဖျားတာရှည်, မတည်စိတ်စက်, မသက်မသာ, ရှိသောခါလျှင်, မဟာဗောဇ္ဈင်, ပရိတ်ပင်တည်း၊
* အိပ်လျှင်နိမိတ်, အတိတ်အနာဂတ်, မြင်လတ်သောအခါ, သင်္ချာဗေဒ, ပုဗ္ဗဏှကို, နေ့ညရွတ်လေ, ပျောက်ပေအန္တရာယ်, ရှင်းရှင်းပယ်သည်, မှတ်ဖွယ်ကျမ်းလာ အပြီးတည်း။
( ပရိတ်ကို ဤသို့ စီရင်၍ ရွတ်သင့်သည် )
ပရိတ်ရွတ်ရာ၌ ရေ, ချည် တို့ကို ယူလာသူ ဒါယကာ ဒါယိကာမတို့အား “ငါ ရွတ်သော ပရိတ်တရား၏ တန်ခိုးတေဇော် အာဏာတော်သည် ထို ရေ, ချည် ထဲသို့ ဝင်စေအံ့” ဟု လက်ဖြင့် ရေကို လှုပ်ခြင်း၊ ချည်ကို နယ်ခြင်း၊ ပြုလျက် ရွတ်ဖတ်ပေးအပ်၏-ဟု ပါရာဇိကဏ် အဋ္ဌကထာ၌ ဆို၏။ ထိုသို့ လှုပ်နယ်ခြင်းသည် ထို ရေ, ချည် တို့၌ ပရိတ်အာဏာ ထည့်သွင်းပေးသည် မည်၏-ဟု ဝိမတိဋီကာ၌ ဆို၏။
ထို့ပြင် ဘီလူးဘေး ကာကွယ်ရန် အိမ်တံခါးဝ၌ မဏ္ဍပ်အလယ် အင်းပျဉ်ပေါ်တွင် သူငယ်ကို အိပ်စေ၍ ရဟန်းတော်တို့ ဝန်းရံလျက် ၇-ရက်တိုင်တိုင် နေ့ညမပြတ် ဘုရားရှင်အမိန့်အရ ပရိတ်ရွတ်ဖတ်ကြ၍ ထိုသူငယ် ၇-ရက်နှင့် သေမည်ဖြစ်သော်လည်း အသက် ၁၂၀-တိုးရှည်သောကြောင့် အာယုဝဍ္ဎန သတို့သားဟု ထင်ရှား၏။(ဓမ္မပဒ အဋ္ဌကထာ) ဤသူငယ်ကို အလယ်ထား၍ ရွတ်ဖတ်ကြသည်ကို အတုပြုသင့်၏။
အလောင်းတော် ဗြဟ္မဒတ်မင်းသား ဖြစ်စဉ်က အရှင်ပစ္စေကဗုဒ္ဓါများက ပရိတ်ချည် ပရိတ်ပန်း ပရိတ်သဲများ ရွတ်ဖတ်ပေးလိုက်သည်ကို ဆောင်ယူသွား၍ ဘီလူးဘေး ကင်းလွတ်ကြောင်း, ဧကနိပါတ် တေလပတ္တဇာတ်-၌ ဆိုသဖြင့် ပရိတ်ရွတ်ရာတွင် ပရိတ်ချည်, ပန်း, သဲ, ရေမန်း, စုံလင်စွာ ထားသင့်သည်ဟု သိရသည်။
ရေကို လှုပ်, ချည်ကို နယ်, ပန်းကို ကိုင်, သဲကို ဆုတ်ခြင်းပြု၍ ရွတ်သင့်၏။
၁။ သမန္တာ-ဓမ္မဿဝန-နမော၊ ဤသုံးကျော်၊ မှတ်လော နေ့စဉ်ရွတ်ရမည်။
၂။ တနင်္ဂနွေနေ့မှာ၊ ဟေသန္တာ၊ မင်္ဂလာ၊ မှတ်ပါရွတ်ရမည်။
၃။ တနင်္လာနေ့မှာ၊ ရတနာ၊ မှတ်ပါရွတ်ရမည်။
၄။ အင်္ဂါနေ့မှာ၊ သုတ်မေတ္တာ၊ မှတ်ပါရွတ်ရမည်။
၅။ ဗုဒ္ဓဟူးနေ့မှာ၊ ခန်-မော-ဝဋ္ဋာ၊ သုတ်သုံးဖြာ၊ မှတ်ပါရွတ်ရမည်။
၆။ ကြာသပတေးနေ့မှာ၊ ဓဇဂ္ဂါ၊ မှတ်ပါရွတ်ရမည်။
၇။ သောကြာနေ့မှာ၊ အာဋာနာ၊ မှတ်ပါရွတ်ရမည်။
၈။ စနေနေ့မှာ၊ အင်-ဗော-ပုဗ္ဗာ၊ သုတ်သုံးဖြာ၊ မှတ်ပါရွတ်ရမည်။
ရှင်းချက်။
၁။ သမန္တာ စက္ကဝါဠေသု-စသည်
ဓမ္မဿဝန ကာလော -စသည်
နမော တဿ-စသည်
ဤသုံးမျိုးသည် နေ့စဉ်ရွတ်ရမည်။
၂။ တနင်္ဂနွေနေ့မှာ ယေ သန္တာ သန္တစိတ္တာ-စသည်နှင့်
မင်္ဂလသုတ်ကို ရွတ်ရမည်။
၃။ တနင်္လာနေ့မှာ-ရတနသုတ်ကို ရွတ်ရမည်။
၄။ အင်္ဂါနေ့မှာ-မေတ္တသုတ်ကို ရွတ်ရမည်။
၅။ ဗုဒ္ဓဟူးနေ့မှာ-ခန္ဓသုတ်, မောရသုတ်, ဝဋ္ဋသုတ်တို့ကို ရွတ်ရမည်။
၆။ ကြာသပတေးနေ့မှာ-ဓဇဂ္ဂသုတ်ကို ရွတ်ရမည်။
၇။ သောကြာနေ့မှာ-အာဋာနာဋိယသုတ်ကို ရွတ်ရမည်။
၈။ စနေနေ့မှာ-အင်္ဂုလိမာလသုတ်, ဗောဇ္ဈင်္ဂသုတ်, ပုဗ္ဗဏှသုတ်တို့ကို ရွတ်ရမည်။
0 Comments