အနာထပိဏ်
------------
ဆရာတော် ဘုရား၊ သာဝတ္ထိမြို့မှာ ဇေတဝန်ကျောင်း ရှိပြီးဖြစ်လျက် ဝိသာခါက ပုဗ္ဗာရုံကျောင်းကို ထပ်မံ ဆောက်လုပ်ခြင်း မှာ အနာထပိဏ်နှင့် မတည့်လို့ ဖြစ်နိုင်သည်ဟု လူတစ်ယောက်က ဖေ့စ်ဘုက်မှာ ရေးပါသည်။ အနာထပိဏ်ဆိုတဲ့ နာမည် ဟာ မြတ်စွာဘုရားနဲ့ တွေ့ပြီးမှ တွင်လာတာဟုလည်း သူက ဆိုပါသည်။ ထိုအဆိုများ မှန်နိုင်ပါသလား။ အနာထပိဏ် သူဌေးအကြောင်း သိလိုပါသည် ဘုရား။
နန်းခင်အေး (ယူကေ)
-----------------------
သုတေသနဆန်ဆန် ရေးဖြေနေတာဖြစ်လို့ အနာထပိဏ်အကြောင်း ထူးခြားတာလေးတွေကို မှတ်စုထုတ်ပေး လိုက်ပါ တယ်။ မေးခွန်းရဲ့ အဖြေ အဲဒီ အထဲ ပါသွားမှာပါ။ ရှေးဦးဗုဒ္ဓဝါဒီ
အနာထပိဏ်ဟာ ယောက်ဖဖြစ်သူ ရာဇဂြိုဟ် သူဌေးထံ စီးပွားရေးကိစ္စနဲ့ ရောက်စဉ် ဗုဒ္ဓဖြစ်ခါစ ရာဇဂြိုဟ်မှာ သီတင်းသုံး နေတဲ့ မြတ်ဗုဒ္ဓနဲ့ တွေ့ပြီး သောတာပန် တည်တယ်။ ဒီနောက် မွေးရပ်မြေဖြစ်တဲ့ သာဝတ္ထိမြို့မှာ ဇေတဝန်ကျောင်းကို ဆောက်လုပ်ပြီး မြတ်ဗုဒ္ဓနဲ့ သံဃာကို လှူတယ် (ဝိ ၄၊ ၃ဝ၁-၃ဝ၆)။ ဘုရင် ဗိမ္ဗိသာရ၊ ရာဇဂြိုဟ် သူဌေးတို့လို အစောဆုံး ဗုဒ္ဓဝါဒီ ဖြစ်ခဲ့သူ။
မြတ်ဗုဒ္ဓက သူ့ကို တွေ့တာနဲ့ အများသိ အနာထပိဏ်ဆိုတဲ့ နာမည်ကို မခေါ်ဘဲ ငယ်မည် သုဒတ္တလို့ ခေါ်ခြင်းအပေါ် နှစ် သက်သွားတယ် (ဝိ ၄၊ ၃ဝ၄)ဆိုလို့ မြတ်ဗုဒ္ဓနဲ့ မတွေ့ခင် ကတည်းက စာနာတတ်တဲ့ နှလုံးသား ရှိလို့ အနာထပိဏ်အမည် တွင်နေတာ ဖြစ်နိုင်တယ်။
သူ့မိသားစု
အနာထပိဏ်ဟာ သာဝတ္ထိမြို့နေ သူဌေးကြီး သုမနရဲ့သား (အံ-ဋ္ဌ ၁၊ ၂၉၅)။ ဒါကြောင့် သူက သာဝတ္ထိမြို့ ဇာတိ။ သုဘူတိ အမည်ရှိ ရဟန္တာမထေရ်ဟာ အနာထပိဏ်ရဲ့ညီ (ထေရ-ဋ္ဌ ၁၊ ၂၇)။ အရွယ်ရောက်တော့ ရာဇဂြိုဟ်သူဌေးရဲ့ ညီမ ပုည လက္ခဏဒေဝီနဲ့ အကြောင်းပါတယ် (ဇာ-ဋ္ဌ ၂၊ ၃၆၈)။ ရာဇဂြိုဟ်သူဌေးရဲ့ ဇနီးကလည်း အနာထပိဏ်ရဲ့ ညီမပါပဲ (ဝိ ၄၊ ၃ဝ၁)။ ကာလအမည်ရှိ သားတစ်ယောက်နဲ့ မဟာသုဘဒ္ဒါ စူဠသုဘဒ္ဒါ သုမနဒေဝီလို့ သမီးသုံးယောက်ရဲ့ နာမည် ထင်ရှား တယ် (ဓမ္မပဒ-ဋ္ဌ ၂၊ ၁၂၃)။
သား ကာလဟာ အစပိုင်းမှာ ဆိုးပုံရပေမယ့် ဖခင်လိမ္မာလို့ နောက်တော့ ကောင်းသွားတယ်။ အကြီးသမီး နှစ်ယောက်က သောတာပန်တွေ၊ သူ့အိမ်ထောင်နဲ့သူ။ သမီးအငယ်က သကဒါဂါမ်၊ အိမ်ထောင် မရှိ။
သုမနဒေဝီ
သမီးအငယ် သုမနဒေဝီ အကြောင်းကို 'တထာရူပေန အဖာသုကေန အာတုရာ အာဟာရုပစ္ဆေဒံ ကတွာ (ဓမ္မပဒ-ဋ္ဌ ၁၊ ၉၈)'ကို ကြည့်ပြီး
ဂျီပီ မာလာလာဆေကေရ ဆိုပုံ .. 'Overwhelmed with disappointment because of her failure in finding a husband, she refused to eat and died. = ခင်ပွန်း တစ်ယောက် ရှာမရနိုင်သဖြင့် စိတ်ဆင်းရဲမှု နှိပ်စက်ခြင်း ၌ သုမနဒေဝီသည် အစာမစားဘဲ ကွယ်လွန်ရှာ၏'။ မြန်မာ ပညာရှိတို့က .. 'ထိုသို့ သဘောရှိသော မချမ်းမသာ ကျင်နာ နှိပ်စက် တက်ပွား ထိုးကျင့်သော အနာကြောင့် အစာ အာဟာရ ဖြတ်ခြင်းကို ပြု၍ (ဓမ္မပဒ-မြန် ၁၊ ၂၂၁)'။သီဟိုဠ် ပညာရှင်က သကဒါဂါမ် သုမနဒေဝီ အာဟာရကို ဖြတ်တာဟာ 'ကာမရောဂါ ကုရာနတ္ထိ ဆေးမရှိလို့'။ မြန်မာ ပညာရှိတို့က 'ထိုသို့ သဘောရှိသော ထိုးကျင့်သော အနာကြောင့်'။ ကြိုက်ရာကို ယူပါကုန်။
သမီးလတ်
ဗုဒ္ဓဝါဒီ မဟုတ်သူ ငယ်သူငယ်ချင်း ဥဂ္ဂသူဌေးက သူ့သားနဲ့ စူဠသုဒ္ဒါကို ပေးစားဖို့ ကမ်းလှမ်းတဲ့အခါ အနာထပိဏ်ဟာ မြတ်ဗုဒ္ဓနဲ့ တိုင်ပင်တယ်။ ရှင်တော်ဗုဒ္ဓ အနေနဲ့ ဥဂ္ဂသူဌေးရဲ့ မဂ်ဖိုလ်ရနိုင်ခွင့်ကို သိမြင်လို့ ခွင့်ပြုတော်မူကြောင်း (အနုညာ တော) ဆိုတယ် (ဓမ္မပဒ-ဋ္ဌ ၂၊ ၂၉၁)။ အမှန်တော့ သောတာပန် သုဘဒ္ဒါလည်း ဓမ္မအရည်အချင်း ပြည့်ဝပြီးသားပါပဲ။ ဒီနေ ရာမှာ မြတ်ဗုဒ္ဓဟာ ကြည်ညိုသူ ဥပါသကာရဲ့ သမီး အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ တစ်ခုခု မိန့်တော်မူရတာမျိုး ရှိကြောင်း မှတ်သားရတယ်။
မကင်းသူတွေ
သမီးကြီးလား သမီးလတ်လား မသိရတဲ့ သမီးက မွေးတဲ့ မြေးမတစ်ယောက် (ပေတ-ဋ္ဌ၊ ၁၅)။ ခေမက အမည်နဲ့ တူတစ် ယောက်၊ နာမည်မထင်ရှားတဲ့ အခြား တူတစ်ယောက်၊ ပေါင်း တူနှစ်ယောက် (ဇာ-ဋ္ဌ ၂၊ ၃၈၈။ ဓမ္မပဒ-ဋ္ဌ ၂၊ ၃ဝဝ)။ အိမ်ဖော် အမျိုးသမီး သုံးယောက် .. ပုဏ္ဏာ (မ-ဋ္ဌ ၂၊ ၄၂)၊ ရောဟိဏီ (ဇာ-ဋ္ဌ ၁၊ ၂၆၆)နဲ့ အမည်မသိ အခြားတစ်ယောက် (ဇာ-ဋ္ဌ ၃၊ ၄၁၃)။ အနာထပိဏ်ရဲ့ နွားတွေကို ကျောင်းပေးတဲ့ နန္ဒ၊ ဒီပုဂ္ဂိုလ်က သောတာပန် ဖြစ်ပြီး မကြာခင် ကွယ်လွန် (ဓမ္မပဒ-ဋ္ဌ ၁၊၂ဝ၅)။
ချွေးမ
ဓနဉ္စယသူဌေးရဲ့ သမီးလည်းဟုတ်၊ ဝိသာခါရဲ့ အငယ်ဆုံးညီမလည်း ဖြစ်တဲ့ သုဇာတာဟာ အနာထပိဏ်ရဲ့ ချွေးမ။ ခပ်ကြမ်းကြမ်း၊ ခပ်ထန်ထန်။ မြတ်ဗုဒ္ဓ တရားဟောနေခိုက် အိမ်ဖော်တွေနဲ့ ရန်ဖြစ်လို့ မြတ်ဗုဒ္ဓက ဟောနေဆဲ တရားကို ဖြတ်ပြီး မယား ၇-မျိုး တရားနဲ့ ဆုံးမတော်မူလို့ သောတာပန် ဖြစ်သွားတယ် (ဇာ-ဋ္ဌ ၂၊ ၃၁၃)။ သုဇာတာဟာ ကာလရဲ့ဇနီး ဟုတ်မဟုတ် မသိရပေမယ့် အနာထပိဏ်မှာ သားတစ်ယောက်ပဲ ရှိတယ်ဆိုရင် မဟုတ်ဘူးလို့ ဆိုရခက်သား။
အနာထပိဏ်ဟာ မြတ်ဗုဒ္ဓရဲ့ သာသာနာပြု ပထမနှစ် ရာဇဂြိုဟ်မှာ မြတ်ဗုဒ္ဓကို တွေ့ချိန်က အိမ်ထောင်ကျပြီး စီးပွားရေး လုပ်နေပြီ။ အဲဒီ နှစ်မှာပဲ ဝိသာခါရဲ့ဇာတိ ဘဒ္ဒိယမြို့ကို မြတ်ဗုဒ္ဓ ကြွတယ် ဆိုရင်တောင် အဲဒီ အချိန်က ဝိသာခါရဲ့ အသက် ၇-နှစ်ပဲ ရှိသေးလို့ အနာထပိဏ်ဟာ ဝိသာခါနဲ့ အသက် အတော်ကွာမယ်။ ယောက္ခမနဲ့ သမီးချွေးမ အရွယ်မျိုး ဖြစ်လေ မလား။
သာသနာပြု
အရှင်ကုမာရကဿပရဲ့ မိခင် ဘိက္ခုနီရဲ့ ကိုယ်ဝန်ကိစ္စ ဆုံးဖြတ်တဲ့ အစည်းအဝေးမှာ ကောသလမင်းရဲ့ မင်းပရိသတ်နဲ့ အတူ ပါဝင် (ဓမ္မပဒ-ဋ္ဌ ၂၊ ၉၂)ရပြီး၊ ကောသမင်း ခိုင်းလို့ မူလဗောဓိပင်ရဲ့ မျိုးစေ့က မျိုးပင်ကို ဇေတဝန်ကျောင်း အဝင် တံခါးမှာ စိုက်ပျိုးသူ (ဇာ-ဋ္ဌ ၄၊ ၂၂၈)။ အုပ်စုကွဲတဲ့ ကောသမ္ဗီမြို့သား ရဟန်းတွေ သာဝတ္ထိမြို့ကို ရောက်လာရာမှာ မြတ် ဗုဒ္ဓရဲ့ သြဝါဒအတိုင်း နှစ်ဖက်လုံးကို ဆည်းကပ်ပြီး တရားနဲ့ ညီတဲ့ ရဟန်းတွေကို လှူဒါန်း၊ သူတို့ရဲ့ ဟောပြောမှုကို နာယူ (ဝိ ၃၊ ၅ဝ၄)။ ဓမ္မရေးနဲ့ ပတ်သက်လို့ ပရိဗိုဇ်တွေကို နိုင်အောင် ပြောနိုင်တဲ့ စွမ်းရည်လည်း ရှိတယ် (အံ ၃၊ ၄ဝ၆)။
ဒါနဘုရင်
ဇေတမင်းသားပိုင်တဲ့ ခြံမြေကို ရွှေဒင်္ဂါးတွေ ခင်းပြီးလှူနိုင်တဲ့အထိ ချမ်းသာသလောက် သဒ္ဓါတရားလည်း ကောင်းတယ်။ နေ့စဉ် သံဃာအပါး ၂ဝဝဝ ဆွမ်းလှူတဲ့အပြင် (ဓမ္မပဒ-ဋ္ဌ ၁၊ ၉၇) မိမိရဲ့ အလုပ်သမား ရွာမှာလည်း ဧည့်သည် ရဟန်းများ အတွက် ဆွမ်းကျွေးနိုင်အောင် စီမံထားတယ် (ဝိ ၂၊ ၂၁၁)။ ဘုရားလက်ထက်မှာ ဘယ်သူမှ အနာထပိဏ်လောက် အလှူ ဒါနကို နှစ်သက်သူ မရှိ။ ဒါကြောင့် ဘုရားက အနာထပိဏ်ကို ဒါနအရာမှာ ဧတဒဂ်ဘွဲ့ ပေးတော်မူတယ် (အံ ၁၊ ၂၇)။
မမေးဘူး
အနာထပိဏ်ဟာ တစ်နေ့ကို ဇေတဝန်ကျောင်းကို အနည်းဆုံး နှစ်ကြိမ် ရောက်ပေမယ့် မြတ်ဗုဒ္ဓ ပင်ပန်းမှာ စိုးလို့ ပြဿနာကို မေးလျှောက်လေ့ မရှိ (ဓမ္မပဒ-ဋ္ဌ ၁၊ ၃)။ ဒါပေမယ့် မေးတော့ မေးပါတယ် .. တစ်ခါမှာ 'အလှူခံပုဂ္ဂိုလ် ဘယ်နှစ်မျိုး ရှိပါသလဲ'လို့ လျှောက်လို့ မြတ်ဗုဒ္ဓ္ဓက 'သေက္ခနဲ့ အသေက္ခ'လို့ နှစ်မျိုးရှိကြောင်း ဖြေရတယ် (အံ ၁၊ ၆၄)။ အသေက္ခဆိုတာ ရဟန္တာ၊ သေက္ခဆိုတာ ကျန်အရိယာ ၇-ယောက်။ ဒီနေရာမှာ သီလစင်ကြယ်တဲ့ ပုထုဇဉ် ရဟန်းလည်း သောတာပန် (သေက္ခ)ထဲမှာ ပါတယ် (အံ-ဋ္ဌ ၂၊ ၂၉)။
ကွယ်လွန်
နာမကျန်းဖြစ်ရင် အရှင်သာရိပုတ္တရာနဲ့ အရှင်အာနန္ဒာတို့ကို ပင့်ပြီး တရားလေ့ရှိတယ် (သံ ၃၊ ၃၃၂)။ ကွယ်လွန်ခါနီး ဝေဒနာပြင်းထန်စဉ် အရှင်သာရိပုတ္တရာ ကြွလာပြီး တရားဟောတယ်။ ဘုရား ရှင်ထက်စောပြီး ကွယ်လွန်ပေမယ့် ဘုရား ထက် အသက်ကြီးတယ်လို့ ဆိုဖို့တော့ ခက်သား။ ကွယ်လွန်ပြီးနောက် တုသိတာ နတ်ပြည်မှာ နတ်သား ဖြစ်တယ် (သံ ၁၊ ၃၁)။ သံသရာကို နှစ်သက်သူ ဖြစ်လို့ သုဒ္ဓါဝါသ ငါးဘုံမှာ ဘုံစဉ်စံပြီး အကနိဋ္ဌဘုံမှာ ပရိနိဗ္ဗာန်ပြုမယ်။ သိကြားမင်းနဲ့ ဝိသာခါတို့လည်း ဘုံစဉ်စံ ပုဂ္ဂိုလ်တွေ (ဒီ-ဋ္ဌ ၂၊ ၃၃၂)။
မဖြစ်နိုင်
အနာထပိဏ်ဟာ ဝိသာခါ့ ညီမရဲ့ ယောက္ခမဖြစ်လို့ သူတို့နှစ်ဦးဟာ နီးစပ်ဖို့ ရှိပါတယ်။ နေ့စဉ် လူမှုဘဝမှာ နီးတကျက် ကျက် ဆိုမယ့် အနာထပိဏ်ကို ပြိုင်ချင်လို့ ဝိသာခါက ပုဗ္ဗာရုံကျောင်းကို ဆောက်တယ်လို့တော့ ဘုန်းကြီးအနေနဲ့ မယူဆ ရဲဘူး။ နှစ်ယောက်လုံးက စိတ်ပိုင်းဘဝကို လေ့ကျင့်ပြီးသားတွေပဲ။ မြတ်ဗုဒ္ဓကို ကြည်ညိုလို့ လှူဒါန်းချင်တဲ့ သဒ္ဓါတရား သက်သက်နဲ့ ဆောက်လုပ်တာလို့ပဲ ယူဆပါတယ်။
အရှင်ကေလာသ >> တိပိဋက မြန်မာပြန်
0 Comments