ကထိန်နုတ်ခြင်း
++++++++++++
မေး..“ ကျောင်းတိုက်တစ်တိုင်အတွင်းမှာ ကထိန်တစ်ကြိမ်သာ ခင်းကောင်း ပါသလား ? ဒါမှမဟုတ် ခင်းပြီး ကထိန်ကို နုတ်ပြီး နောက်ထပ် အကြိမ်ကြိမ် ခင်းကောင်း ပါသလားဘုရား” ?
ဖြေ.. “ကျောင်းတိုက် တစ်တိုက်အတွင်းမှာ ကထိန်ကို တစ်ကြိမ်သာ ခင်း ကောင်းတယ်၊ အကြိမ်ကြိမ် မခင်းကောင်းဘူး၊ ကထိန်နုတ်တယ်ဆိုတာ ကထိန်ခင်းချင် လို့ မဟုတ်ဘူး၊ ကထိန်ရဲ့ အာနိသင်မရကြတဲ့ ရဟန်းတော်များ သင်္ကန်းအလှူ ခံယူနိုင်အောင် ကထိန်ရဲ့ အာနိသင်ကို အာဏာတော်ဖြင့် ဖျစ်ပစ်လိုက်ခြင်းသာ ဖြစ်တယ်ကွယ့်”
“ကထိန်နုတ်တာနှင့် ကထိန်အာနိသင်မရတဲ့ ရဟန်းတော်များ သင်္ကန်း အလှူ ခံယူနိုင်တာနှင့် ဘယ်လို ဆက်စပ်ပါသလဲ ဘုရား”
“သည်အကြောင်းသိရအောင် ပါစိတ်ပါဠိတော် ဘိက္ခုနီဝိဘင်း နဂ္ဂဝဂ် ဒသမ သိက္ခာပုဒ်ကို ပြောပြဦးမယ်”
“မိန့်တော်မူပါ ဘုရား”
“ဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်း အရာမ်မှာ မွေ့လျော် တော်မူစဉ် ကာလက ဒါယကာတစ်ဦးဟာ သံဃာတော်ကို ရည်စူးပြီး ကျောင်း ဆောက်တယ်၊ ကျောင်းရေစက်ချပွဲမှာ သံဃာတော် အားလုံးကို သင်္ကန်းလှူ ချင်တယ်၊ သည်အချိန်မှာ သံဃာကလည်း ကထိန်ခင်းပြီး ဖြစ်နေတယ်၊ ကထိန်ခင်းပြီးတော့ ‘ယော စ တ္ထ ဝီဝရုပ္ပါဒ’ အကျိုးအရ ဖြစ်ပေါ် လာသမျှသော သံဃိက သင်္ကန်းဟာ ကထိန်ခင်းပြီးသော ရဟန်းအားသာ ရထိုက်တယ်၊ ကထိန်အာနိသင် မရတဲ့ ရဟန်း, ဝါကျိုးပျက်သော ရဟန်း, ကျောင်းတိုက် အတွင်းသို့ ကထိန်ခင်းပြီး မှ ရောက်လာတဲ့ ရဟန်းများ သင်္ကန်းကိုမရ ထိုက်ဘူး၊ သင်္ကန်းလှူသူက ကထိန်အကျိုး ရ,မရ အားလုံးသော ရဟန်းတော် များအား လှူလိုတယ်၊
ဒါကြောင့် ခင်းပြီး ကထိန် နုတ်တော်မူပါ ဘုရား..လို့ လျှောက်ထားတယ်၊ ကထိန် နုတ်တော်မူပါ ဆိုတာက ကထိန်အကျိုး ဖျက်ပေးပါလို့ လျှောက်ထား တာပဲ၊ သည်အကြောင်း ဘုရားရှင်ထံ လျှောက်ထားတာတော့ ဘုရားရှင်က ဒါယကာရဲ့ သဒ္ဒါတရားကို ထောက်ထားပြီး နုတ်စေလို့ အခွင့်ပေးတော်မူတယ်၊ ကထိန်နုတ်ခွင့် ပေးရာမှာလည်း ‘ကီဒိသော ကထိနုဒ္ဓါရော ဒါတဗ္ဗော’ လို့ အဋ္ဌကထာက ဖွင်ပြတဲ့အတိုင်း မူလ ကထိန်ခင်းစဉ်က ရတဲ့ လှူဖွယ်ဝတ္ထုထက် နောက် ဒါယကာရဲ့ လှူဖွယ်တ္ထုက များပါမှ ကထိန်နုတ်ရတယ်၊ မူလ ကထိန် အောက် လှူဖွယ်ပစ္စည်းနည်းလျှင် နုတ်ခွင့်မရဘူး၊ မူလလှူဖွယ် ဝတ္ထုနှင့် နောက်အလှူဝတ္ထု တူမျှလျှင်လည်း ဒါယကာရဲ့ သဒ္ဓါကိုငဲ့ပြီး ကထိန် နုတ်ခွင့် ရတယ်၊ သည်အခြေခံ ပညတ်တော်ကို ကြည့်ခဲ့လျှင် ကထိန်နုတ်တယ် ဆိုတာ ဟာ နောက်တစ်ကြိမ် ကထိန်ခင်းလို၍ မဟုတ်ကြောင်း ထင်ရှားပါတယ်၊ ဒါကြောင့် ကျောင်းတိုက် တစ်တိုက်အတွင်း တစ်နှစ်လျှင် တစ်ကြိမ်မျှသာ ကထိန်ခင်းခွင့်ရှိတယ်၊ ကထိန်နုတ်ပြီး နောက် မခင်းအပ်ဘူးလို့ အဖြေ ပေးလိုက်ပါတယ်ကွယ်”
“သာဓု - သာဓု - သာဓု”
အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (ထီးချိုင့်မြို့ - တည်တောဆရာတော်ကြီး)
0 Comments