❝ ပရိတ်တွေ ပဌာန်းတွေ ရွတ်နေလို့
ကိုရိုနာရောဂါ ပျောက်မှာလား ❞
══════════════════
••
••
“ပရိတ်တွေ ပဌာန်းတွေ ရွတ်နေလို့ ကိုရိုနာရောဂါ ပျောက်မှာလား” ဆိုတဲ့ မေးခွန်းကို ဆရာတော်တစ်ပါးရဲ့ ယုတ္တိရှိရှိဖြေကြားချက်
” အရှင်ဘုရားတို့..ညစဉ် ပဌာန်းရွတ်၊ရတနသုတ်တွေရွတ်နေရုံနဲ့ Covid.19ရောဂါ ပျောက်မယ်ထင်လို့လား။?
တပည့်တော်အမြင်ကတော့ လုံးဝမသက်ဆိုင်ဘူးလို့မြင်တယ်။
အဲဒီယုံကြည်မှုတွေက ဒုက္ခရောက်မဲ့ယုံကြည်မှုတွေလို့မြင်တယ် ဘုရား။တပည့်တော် ကျောင်းဆရာတစ်ယောက်ပါ။
တရားနာရလို့ ဖားလေး နတ်ဖြစ်တာ၊လင်းနို့သားတွေ ရဟန္တာဖြစ်တာမပြောနဲ့ဘုရား.. တပည့်တော်မယုံဘူး..တဲ့။( ကျောင်းဆရာတစ်ယောက်ရဲ့စာပါ။ )
” အော်..ကျောင်းဆရာကိုး။ ဒကာရေ့..ဘေးနားမှာ လျှပ်စစ်မီးလွှတ်ထားတဲ့ ဝါယာစလေးများရှိရင်.. လက်နဲ့ ကိုင်လိုက်စမ်းပါ။ ဓာတ်လိုက်ပြီး သေသွားလိမ့်မယ်နော်။
လျှပ်စစ်ဟာ သက်မဲ့ဆိုပေမဲ့..ဓာတ်ကူးပြီးအစွမ်းပြ လူသတ်နိုင်တယ် ဒကာရဲ့။ မယုံဘူးဆိုပြီး သွားမစမ်းနဲ့နော်ဒကာ။
(ဒကာ.. စာတတ်အောင် သင်ဖူးခဲ့မယ်ဆိုရင် chemistry မှာ ဓာတ်ပြုခြင်း၊ ဓာတ်ကူးခြင်းသဘောတွေ နားလည်မှာပါ။ အလွတ်ကျက် အောင်လာတဲ့သူဆိုရင်တော့ နားလည်မှာမဟုတ်ဘူး ဒကာရဲ့။)
နောက်တစ်ချက်က.. ဒကာဟာ ကျောင်းဆရာဖြစ်နေပေမဲ့ စကားလုံးတွေရဲ့ စွမ်းအားကို နားမလည်တဲ့ ကျောင်းဆရာဖြစ်နေတာက တပည့်တွေအတွက် ကံဆိုးမှုတစ်ခုပါပဲ။
ဒကာက ရုန့်ရင့်ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ တစ်စုံတစ်ယောက်ကို ပစ်ပေါက်နေမယ် (ဆဲနေမယ်) ဆိုရင်.. အဲဒီစကားလုံးတွေက အဆဲခံရသူထံ ကူးသွားပြီး အစွမ်းပြလိမ့်မယ်ဒကာ။
လောဘ ၊ဒေါသတွေဖြစ်လာပြီး မငြိမ်းချမ်းမှုတွေ ချက်ခြင်းဖြစ်လာပါလိမ့်မယ်။ မတွေးဝံ့စရာ ရလာဒ်တွေလည်း ဖြစ်လာနိုင်ပါတယ်။
( စကားလုံးတွေက အစွမ်းပြလို့ လူသတ်၊ ထောင်ကျ၊ ဒုက္ခရောက်နေသူတွေကို ဒကာကြားဖူးမှာပါ။)
နည်းပေး၊လမ်းညွှန်၊ ဆိုဆုံးမစကားတွေ၊ ကောင်းတဲ့ဂုဏ်သတင်းတွေ၊ သူရဲကောင်းတွေရဲ့ သမိုင်းတွေ၊ မြင့်မြတ် သန့်ရှင်းစင်ကြယ်သူတို့ရဲ့ အကြောင်းတွေကို ကြားရတဲ့အခါမှာ .. စကားလုံးတွေကနေ တစ်ဆင့် ဓာတ်ကူးပြီး၊ ခွန်အားတွေ၊ အသိဉာဏ်တွေဖြစ်ပြီး ဒုက္ခတွေကို ကျော်လွှား၊ အောင်မြင်မှု တွေရသွားတဲ့ လူတွေကို မြင်ဖူး၊တွေ့ဖူးရင် အဲဒါဟာ စကားလုံးတွေရဲ့ စွမ်းအားကနေ ဓာတ်ကူးသွားတာ ဆိုတာကို မှတ်ကွဲ့။
“စကားလုံးတိုင်းမှာ စွမ်းအားကိုယ်စီ ရှိတယ် ကျောင်းဆရာရဲ့။ မကောင်းတဲ့စကားနဲ့ ကောင်းတဲ့စကား၊ ပညာရှိစကားနဲ့ ပညာမဲ့စကား စွမ်းအားတွေက မတူပါဘူးဒကာ။
( ဒကာ့မှာ မိန်းမရှိရင်.. မိန်းမစကားနဲ့ မိဘစကားတောင် စွမ်းအားမတူဘူးဆိုတာ သိမှာပါ။)
ပဋ္ဌာန်းတို့ ရတနသုတ်တို့ရဲ့ စာ၊ စကား အဓိပ္ပါယ် ဘာကိုဆိုလိုတယ်ဆိုတာ ဒကာသိရဲ့လား။ လေ့လာဖူးရဲ့လား။ ?
ရတနသုတ်က စကားလုံးတွေရဲ့ အစွမ်းသိချင်ရင် လေ့လာပါအုံးဒကာ။
သဘောအဓိပ္ပါယ်နဲ့ စွမ်းအားတွေကို သိပြီဆိုရင် စကားစစ်ထိုးပါ။
နောက်တစ်ချက်က စကားလုံးရဲ့ စွမ်းအားအနိမ့်အမြင့်ဟာ ပြောဆို၊ရွတ်ဖတ်သူရဲ့ စိတ်၊စေတနာ စွမ်းအားနဲ့ သက်ဆိုင်သလိုနာကြားသူရဲ့ သဘောပေါက် နားလည်သိမြင်ကျင့်သုံးမှု့နဲ့လည်း ဆိုင်ပါတယ် ဒကာ။
ဒကာ ကျေးညီနောင်ပုံပြင်ကို မှတ်မိအုံးမယ်ထင်ပါတယ်။ ပြောဆိုဆုံးမသူရဲ့ စကားလုံးစွမ်းအားတွေ မတူညီတော့ရလာဒ်တွေလည်း မတူဘူးပေါ့။
နောက်တစ်ချက် ဆရာတစ်ဦးထဲကဆုံးမစကားကို အတူတူပြောပေမဲ့.. နာယူသူရဲ့ ဉာဏ်ပညာအနိမ့်အမြင့်ပေါ် မူတည်ပြီးတပည့်တွေမှာ လူတော်၊ လူညံ့ကွဲပြားသွား
တာတွေလည်း မြင်ဖူးမှာပါ။
ထားပါတော့ ဒကာရေ့။ ဆိုလိုချင်တာကစကားလုံးတွေမှာ စွမ်းအားကိုယ်စီရှိတယ်ဆိုတာ သိစေချင်တာပါ။
နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ရဲ့ စကားစွမ်းအားဟာ အဓမ္မနဲ့ ယှဉ်တဲ့စကားသာ ဖြစ်ခဲ့မယ်ဆိုရင်.. နိုင်ငံကိုတောင် ပျက်သွားစေနိုင်ပါတယ်။
စကားလေး တစ်ခွန်းကြောင့် ဘဝတွေတိုးတက်ပြောင်းလဲ အောင်မြင်သွားတာတွေ စာဖတ်ဖူးရင် သိမှာပါဒကာ။
မြတ်ဗုဒ္ဓရဲ့ စကားတော်တွေဟာ သုဂတဂုဏ်နဲ့ ပြည့်စုံတော်မူသတဲ့ ဒကာရဲ့။ သတ္တဝါတွေရဲ့ အကျိုးမဲ့ကို ဖြစ်စေတဲ့စကားမပါဘူး။
စကားလုံးတိုင်းဟာ ဒုက္ခလွတ်မြောက်ဖို့ အတွက် ဦးတည်ထားတယ်။ လေ့လာလို့ရပါတယ်။ သူခိုး ၊ဂျပိုး၊ လူယုတ်မာ၊ လူမိုက်၊တွေထံကထွက်လာတဲ့ စကားမျိုးမဟုတ်ဘူးကွဲ့။ စွမ်းအား အပြည့်နဲ့စကား။
ငါတို့ပရိတ်ရွတ်တယ်ဆိုတာ ဒကာနားလည်အောင်ပြောရရင် စွမ်းအားပြည့်စကားလုံးတွေကို မိတ္တူကူးတာပါပဲ။ ပရိတ်ရွတ်လို့ Covid ပျောက်တာ၊ မပျောက်တာ ငါတို့စိတ်မဝင်စားပါဘူးဒကာ။ ပျောက်မယ်လို့လည်းမပြောပါဘူး။
စွမ်းအားရှိတဲ့ စကားလုံးတွေကို မိတ္တူကူးခြင်း၊ ဓာတ်ကူးခြင်းကြောင့် ငါတို့မှာ စိတ်ဓာတ်စွမ်းအားတွေရတယ်။ ဒါဟာ ငါတို့ရဲ့ယုံကြည်ချက်ပါ။ ဒါ့ကြောင့် ငါတို့ပရိတ်ရွတ်ပါတယ်။
မြင်နိုင်တဲ့သတ္တဝါရှိသလို၊ မမြင်နိုင်တဲ့သတ္တဝါ ဆိုတာလည်းရှိတယ်ဒကာရဲ့။ နောက်တစ်ခုက စည်းကမ်းလိုက်နာတဲ့သတ္တဝါရှိသလို၊ မလိုက်နာတဲ့ သတ္တဝါလည်းရှိတာပါပဲ။ သတ္တဝါတွေမှာ သူ့အဖွဲ့အစည်းနဲ့သူ ဓာတ်တူရာစုကြသကွဲ့။
သူတို့နဲ့ဓာတ်မတူ၊ ဓာတ်မတဲ့ရင် ရှောင်ပြေးကြပါတယ်။ အစိုးရက အမိန့်စာထွက်လာရင် လိုက်နာသူမလိုက်နာသူ ရှိစမြဲပါ။ အစိုးရကိုယ်တိုင်မလာပေမဲ့ အမိန့်စာမှာ စွမ်းအားတွေပါသကွဲ့။ အစိုးရနဲ့ သူခိုးဓားပြ ဓာတ်မတူပါဘူး။
ဒါပေမဲ့.. ညမထွက်ရလို့ အမိန့်စကားထုတ်လိုက်ရင် .. ဘယ်သူအပြင်ထွက်ရဲလို့လည်း။ ဒါက စကားလုံးစွမ်းအားနဲ့ အမိန့်စွမ်းအားကို ဥပမာပြတာပါ။အစိုးရမင်းလာရင် ရဲတွေပါမယ်။ ရဲတွေပါရင် လူဆိုးတွေပြေးမယ်။ အမွှေးနံ့လာရင်၊ အပုတ်နံ့ပျောက်မယ်။
အပူဓာတ်လာရင် အအေးဓာတ်ပျောက်မယ်။
ပြောရတာလည်းရှည်ပါသကွယ်။
ဥပမာတစ်ခုပြောပါ့မယ်။ ဒကာတို့ကျောင်းမှာ..အမှိုက်တွေရှုပ်နေပေမဲ့ လူကြီးလာသတဲ့ဆိုရင် သန့်ရှင်းရေးလုပ်ကြရတယ်မဟုတ်လား။
ဒီလိုပါပဲ။ လောကရဲ့ကောင်းကျိုးကိုသာ ဆောင်ရွက်တော်မူတဲ့ မြတ်ဗုဒ္ဓရဲ့ဂုဏ်တွေကို ရွတ်ဖတ်ပူဇော်ကြတဲ့အခါ..မြတ်ဗုဒ္ဓကို ကြည်ညိုလေးစား တန်ဖိုးထားကြတဲ့ သူတော်ကောင်း လူ၊နတ် ၊ဗြဟ္မာတွေ ဓာတ်တူရာစုကြသကွဲ့။
ဆင်ဖြူမျက်နှာဆင်မဲ မကြည့်ဝံ့ ဆိုသလို.. မကြည်ညိုမလေးစား တန်ဖိုးမထားတတ်၊ နားမလည်သူလူ့ဗာလကတော့.. ရှောင်သွားကြတာပေါ့လေ။
ဓာတ်မှ မတူတာကိုး။ငါတို့ ပရိတ်လှည့်ရွတ်တယ်ဆိုတာ.. ဓာတ်မတူတာတွေ ရှောင်ရှားဖို့အတွက် ဓာတ်တူတာတွေကို ဆောင်ထားတဲ့သဘောပါ ဒကာ။ ဒါဟာတို့ရဲ့ယုံကြည်မှုပါ။
••
မျှဝေ ပူဇော်ပါသည်
Admin
{ပဋ္ဌာန်းပူဇော်ကြသူများ}
.
ပဋ္ဌာန်း ပူဇော်ကြသူများ
Credit:
မိဘမေတ္တာ=ကိုရင်=သထုံ=ရာမညမြေ
0 Comments