Advertisement

Responsive Advertisement

သာသနာနှင့် အပ်စပ်သော အသုံးအဆောင်များ

💥#သပိတ်နှင့်စပ်_မှတ်ဖွယ်💥 (နှာ ~ ၃၁၀ - ၃၁၆) 🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️ သပိတ်ဟူသည် ရှင်ရဟန်းတို့အတွက် ဆွမ်းခံရန်နှင့်ဆွမ်းဘုဉ်း ပေးရန် ခွက်တစ်မျိုးပင်ဖြစ် သည်။ ဘုရားရှင်ခွင့်ပြုသော သပိတ်သည် သံသပိတ်၊မြေသပိတ်အားဖြင့် နှစ်မျိုးရှိ၏၊ အရွယ် အစားအားဖြင့်အကြီး, အလတ်, အငယ်ဟု သုံးမျိုးရှိ၏။ ယခုခေတ်၌ မြေသပိတ်ကို အသုံးမပြုသလောက် ဖြစ်သွားပါပြီ၊ အချို့နေရာ၌ သုံးကြသေး၏။ ရှေးခေတ်၌ သံသပိတ်ကိုသစ်စေးသရိုးတို့ဖြင့် စီမံထား သည်။ ထိုသပိတ်ကို အသုံးပြုခဲ့ကြသည်။ ယခုအသုံးနည်းပါသည်။ သပိတ်နှင့် သပိတ်ဖုံးတို့ ကွာပျက်ကျိုးပျက်လွယ်သောကြောင့် ဖြစ်သည်။ သပိတ် ကို မည်းနက်အောင် မူလကမီးဖုတ်၍ အသုံးပြုကြသည်။ မြေသပိတ်ကို မီး ၂-ကြိမ် ဖုတ်ရ၍ သံသပိတ်ကို မီး ၅-ကြိမ် ဖုတ်ရပါသည်၊ ထိုသို့ ဆိုရာ၌ ရည်ရွယ်ချက်မှာ ဖြူကြောင် ကြောင် အဆင်းမရှိစေဘဲ ညိုမှောင်မှောင်အဆင်း ရှိစေလိုခြင်း ဖြစ်သည်။ သို့ဖြစ်၍ ကင်္ခါအဋ္ဌကထာ၌ မီးဖုတ်သည့်အကြိမ်ကို မပြတော့ဘဲ “သမဏသာရုပ္ပေန ရဟန်းတို့အား လျောက်ပတ်သောအား ဖြင့်၊ ပက္ကံ - ကျက်ပြီးသော”ဟု မိန့်သည်။ ညိုမှောင်သောအဆင်းအရောင်ရှိလျှင် သပိတ်အရာဝင်ပြီ၊ အဓိဋ္ဌာန်တင် ဝိကပ္ပနာပြုနိုင်ပြီဟု မှတ်ပါ။ 💓(ပါတိမောက်ဘာဋီ၊ ၁၈၉)💓 ယခုအခါ ကြွေရည်သုတ်သပိတ်နှင့် စတီးသပိတ်ကို အသုံးပြုကြ သည်။ အများစုကား ကြွေရည်သုတ်သပိတ်ကို အသုံးပြုကြသည်။ စတီး သပိတ်များကို နှမ်းဆီနှင့်သုတ်၍ မီးဖုတ်လျှင် မည်းနက်ပါသည်။ အချို့က အဖြူအတိုင်းလည်း အသုံးပြုကြသည်၊ ဆေးသုတ်၍လည်း အသုံးပြုကြသည်။ နဂိုကပင် ဆေးသုတ်ထားသော စတီးသပိတ်များလည်း ရှိပါသည်။ မည်းနက်နေသော သပိတ်က သာ၍ သမဏသာရုပ္ပဖြစ်ပါသည်။ ရဟန်းတော်တို့နှင့် သာ၍ လျောက်ပတ်ပါသည်။ အဓိဋ္ဌာန်တင်၍အသုံးပြုလောက် လျှင် အဓိဌာန်တင် အသုံးပြု၍ အဓိဋ္ဌာန်တင်၍ အသုံးမပြုလောက်လျှင် သာမန်ခွက်အနေဖြင့် အသုံးပြုကောင်းပါသည်။ ရဟန်းတော်များ သပိတ်သစ်ရလာလျှင် အဓိဌာန်တင်ရသည်၊ အဓိဋ္ဌာန်မတင်ဘဲ ၁၀-ရက်လွန်သွားလျှင် ထိုသပိတ် နိဿဂ္ဂိ ထိုက်၍ ရဟန်း ပါစိတ်အာပတ် သင့်ပါသည်။ အရွယ်အစားအနေဖြင့် အကြီးဆုံးသပိတ်က ချက်ပြီးထမင်း (ဆွမ်း) ၂-ပြည်နှင့် ပဲဟင်းတစ်ခွက်သား, အသားဟင်းတစ်ခွက်သားအားဖြင့် ထမင်း(ဆွမ်း) ဟင်း ၃-ပြည် ဆန့်ပါသည်။ အလတ်စားသပိတ်က ဆွမ်း၊ဆွမ်းဟင်းအစုံ ၃-ခွက်သား ဆန့်ပါသည်။ အငယ်စားသပိတ် ကား ဆွမ်းဆွမ်းဟင်းအစုံ ၃-စလယ် ဆန့်ပါသည်။ 🌲#ဆောင်။ ။သုံးပြည် သုံးခွက်၊ သုံးစလယ်ချက်၊ဆွမ်းကျက် ဟင်းစုံခတ်။ဥက္ကဋ္ဌ် မဇ္ဈ၊ ဩမက၊ ဝင်ကြ စဉ်တိုင်းမှတ်။ မြတ်စွာဘုရား ခွင့်ပြုတော်မူထားသော အကြီးစားသပိတ်ထက်ပိုကြီးသောသပိတ်, အငယ်စားသပိတ်အောက် ပိုငယ်သောသပိတ်တို့သည် အဓိဋ္ဌာန်တင်၍ သုံးစွဲထိုက်သော သပိတ်မဟုတ်ပါ။ သာမန်ခွက် အနေဖြင့်သာ အသုံးပြုနိုင်ပါသည်။ အချို့ ပလပ်စတစ်ဖြင့် ပြုလုပ်ထားသော သပိတ်(ကော်သပိတ်) များကိုကား ဆရာတော်များက အသုံးမပြုစေကြပါ။ သံသပိတ်, မြေသပိတ် အမျိုးအစားတို့တွင် မပါဝင်၍ တားမြစ်ကြသည်။ အချို့ကတွင်းထွက်ပစ္စည်းဖြစ်၍ မြေနှင့်အလားတူ ယူဆအသုံးပြုကြပါသည်။ နှီးလက်ဖက်ခွက် (ယွန်းခွက်)များကိုလည်း အသုံးမပြုကောင်းပါ။ ယခုအခါ ဒုလ္လဘ ရှင်, ရဟန်း ၁၀၀/၁၀၀၀-စသည်ဖြင့် များစွာ ပြုကြရာ ပေါ့ပေါ့လွယ်လွယ် ပရိက္ခရာများကို စီစဉ်၍ ပလပ်စတစ်(ကော်)သပိတ်, ကော်ဓားအတု, သားရေနွယ်(နေရာထိုင်) အစား စက္ကူ ဆေးဆိုးထားသည့်အတု, ရေစစ်အတု စသည်ဖြင့် ပုံစံပျက် ဆောင်ရွက်ကြ, လှူဒါန်းကြသည်။ တစ်ခဏနေသော ဒုလ္လဘရဟန်း သာမဏေတို့ အတွက် အပေါစား လွယ်လွယ်စီစဉ် ဆောင်ရွက်ရာမှ ထာဝရ နေသော ရဟန်း,သာမဏေများအတွက်ပါ အညံ့စား အပေါစား သင်္ကန်း, သပိတ်, ပရိက္ခရာများကို ဆောင်ရွက်လာကြသည်။ 💥#သပိတ်အိတ်💥 🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️ သပိတ်အိတ်ကိုလည်း အသုံးပြုကြသည်။ ဘုရားလက်ထက်တော်အခါက သပိတ်အိတ်ကား ကျောင်းမှ ရွာထဲသို့ ဆွမ်းခံအသွား ထည့်ယူသွားသော လွယ်အိတ်တစ်မျိုး ဖြစ်၏၊ ရွာထဲဝင်ခါနီး သပိတ်ကိုထုတ်၍ သပိတ်ဖြင့် ဆွမ်းခံကြ၏၊ ယခုခေတ်၌လည်း သပိတ်အိတ်ကို ဘုရား လက်ထက်ပုံစံ မဟုတ်သည့် ပုံစံတစ်မျိုးချုပ်၍ အသုံး ပြုနေကြသည်။ ဘုရားလက်ထက်က ပုံစံနှင့်တော့ မတူနိုင်ပါ၊ အမြဲသပိတ်အိတ်တပ်လျက် အသုံးပြုသော သပိတ် ဆွမ်းခံချိန်၌လည်း ချွတ်စရာမလို၊ ကြည်ညိုဖွယ်-သမဏသာရုပ္ပဖြစ်၍ ဆွမ်းခံရာ၌လည်း သက်သာသည်။ မြန်မာသပိတ် အိတ် အမျိုးမျိုးနှင့် ထိုင်းသပိတ် အိတ် များလည်း ရှိသည်။ 💥#သင်ဓုန်းဓား💥 🕳️🕳️🕳️🕳️🕳️🕳️🕳️ သင်ဓုန်း(ခေါင်းရိတ်ဓား)ကို ယခုအခါ ဘလိတ်ဓားဖြင့် အစားထိုး အသုံးပြုလာကြသည်၊ သင်ဓုန်းဓားကို အနည်းအကျဉ်းသာ အသုံးပြုကြတော့၏။ ဘလိတ်ဓားကား လွယ်လွယ်ကူကူပင် ရနိုင်၍ အသုံးပြုရလွယ်၏၊ တစ်ခါသုံးပြီး စွန့်ပစ်လိုက်လျှင် ပြီး၏၊ အခြားသူများသို့ ကူးစက်ရောဂါများလည်း မကူးစက်နိုင်တော့ပါ။ 💥#အပ်နှင့်အပ်ချည်💥 🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️ ရှေးအခါက သင်္ကန်းများကို ရဟန်းတော်များ ကိုယ်တိုင် တိုင်းထွာဖြတ်တောက်၍ လက်ဖြင့် ချုပ်ကြ၏၊ ဆိုးကြ၏။ ယခုအခါ အများအားဖြင့် စက်ချုပ်သင်္ကန်းများကိုသာ အသုံးပြုကြသည်၊ စုတ်ပြဲလျှင်လည်း လက်ဖြင့်ချုပ်တာ နည်း၍ စက်ဖြင့်သာ အချုပ်များကြသည်။ 💥#ခါးပန်းကြိုး💥 🕳️🕳️🕳️🕳️🕳️🕳️🕳️ မြန်မာနိုင်လွန်ခါးပန်းကြိုး, ထိုင်းခါးပန်းကြိုး-ဟု အမျိုးမျိုး ရှိကြ သည်။ မြို့ထဲ ရွာထဲသို့ကြွသည့်အခါ ခါးပန်းကြိုးပတ်၍ ကြွရသည်။ ခါးပန်းကြိုးမပတ်ဘဲ ရွာထဲ မြို့ထဲသွားလျှင်ဒုက္ကဋ်အာပတ် သင့်ပါ၏။ ခါးပန်းပြား, ဝက်အူသဏ္ဌာန် အတွင်းမှာအခေါင်းရှိသော ခါးပန်းလုံး - ဟု ၂-မျိုး ရှိ၏။ ကြိုးကိုလည်း ခါးပန်းကြိုး လုပ်ကောင်းပါ သည်။ ပန်းပြောက်စသည်နှင့် ပုစွန်မျက်လုံး, ဆင်၏မျက်လုံးနှင့်တူသည့် အပြောက်စသည်ကို ထည့်ပြီး နှစ်ထပ်ချုပ်ထားသည့် ခါးပန်းပြားသည် မအပ်စပ်ပါ၊ ခါးပန်းကြိုးလှပအောင် နှစ်ထပ်သောချည်ကို ထိုထိုနေရာမှ ရက်ခြင်းသည်လည်း မအပ်ပါ။ ယခုအခါ အဝတ်စ(ပိတ်စ)ကိုပင် သင်္ကန်း အရောင် ခါးပန်းကြိုးများ စီစဉ်ဆောင်ရွက်လာကြ၏၊ သင့်လျော်ပါ၏။ 💥#ရေစစ်💥 🕳️🕳️🕳️🕳️🕳️ ရဟန်းတော်များ ပိုးကောင်, ဖုန်, အမှုန် သန့်ရှင်းစေဖို့ ရေကိုစစ်ပြီးမှ သောက်ကြရသည်။ ကတော့ (အချွန်း)ရေစစ်, ဓမ္မကရိုဏ်ရေစစ် - ဟုရှိ၏။ ခရီးသွားလျှင် ရေစစ်ပါရသည်။ ယခုအခါ သောက်ရေသန့်များကား ပိုးကောင်,ဖုန်,အမှုန်သန့်ရှင်းအောင် ဆောင်ရွက်ထားသည်။ 💥#ထီး💥 🕳️🕳️🕳️🕳️🕳️ ပရိက္ခရာ ၁၂-ပါးတွင် ပါဝင်သည့် ထီးကို ရှေးက ဝါး, ချည်, အဝတ် (ပိတ်စ)စသည်ဖြင့်ပြုလုပ်သည်။ အချို့ဆရာတော်များက ဝိနည်း ၌ ဝါးထီးကိုသာ ခွင့်ပြုထား၍ ဝါးထီးမှ အပ်သည်ဟု ယူဆကြ၏။ အချို့ဆရာတော်များက ယခုခေတ်ထီးများလည်း ပယ်သည့်အထဲ၌ မပါ၍အပ်သည်ဟု ယူဆကြ၏။ ဝါးထီးများ၌ ချည်အရောင်အမျိုးမျိုးဖြင့် ပြုလုပ် ထားသော ထီးသည် မအပ်စပ်ပါ။ အရောင်အနေဖြင့် သင့်လျော် သော အညိုရောင်ဖြစ်စေ အဝါရောင်ဖြစ်စေ အနီရောင်ဖြစ်စေ အရောင် တစ်မျိုးတည်းဖြင့်သာ ပြုလုပ်ထားသော ထီး သည် အပ်စပ်၏။ထီးရိုးထိပ်၌ ပွတ်လုံး (အရစ်), ခြင်္သေ့ရုပ်, ကျားရုပ်, သားရဲရုပ်ကြာသွတ်အိုးသဏ္ဌာန်များပါက မအပ်ပါ၊ ဓားဖြင့် ရွှေ၍, ခြစ်ပစ်၍,ဖြတ်၍ အသုံး ပြုရမည်။ ထီးအဝိုင်း၌ မကာရ်းသွားသဏ္ဌာန် (အနားတွန့်) စသည် ပါလျှင်လည်း မအပ်ပါ၊ လခြမ်းသဏ္ဌာန် (ဝိုက်နေ)ချိုင့်နေလျှင်လည်း မအပ်ပါ၊ ဝိုင်းနေမှ အပ်ပါသည်။ ရှေးအခါက ဝါးထီး(ပုသိမ်ထီး, အိမ်တော်ရာထီး)ကို အသုံးပြုခဲ့ကြသော်လည်း ယခုအခါ ခေတ်ပေါ် ထီးအမျိုးမျိုးကို အသုံးပြုနေကြပါပြီ။ အနည်း အကျဉ်းမျှသာ ဝါထီး(ပုသိမ်ထီး, အိမ်တော်ရာထီး)ကို အသုံးပြုကြတော့၏။ 💥 #ဖိနပ်💥 🕳️🕳️🕳️🕳️🕳️ မဇ္ဈိမဒေသ (အိန္ဒိယ)၌ အထပ် ထပ်ဖြစ်သော ဖိနပ်အသစ် မအပ် ပါ။ တစ်ကြိမ်မျှ အသုံးပြုပြီး၍ အဟောင်းဖြစ်လျှင် အပ်ပါ သည်။တစ်ထပ်တစ်လွှာရှိသောဖိနပ်ကို မဇ္ဈိမဒေသအတွက် ခွင့်ပြုတော်ပြီး မြန်မာနိုင်ငံကဲ့သို့သော ပစ္စန္တရစ်အရပ်များ၌ အထပ်အလွှာများသော ဖိနပ်တို့ကို စီးနင်းရန် ခွင့်ပြုတော်မူပါ သည်။ အလုံးစုံညိုသောဖိနပ်,ဖြူသောဖိနပ်, နီရဲသောဖိနပ်, နောက်ပိတ် ခြေဖမိုးဖုံးဖိနပ်, ခုံဖိနပ်စသည်များ မအပ်ပါ။ ခုံအပြင်သားရေ၊ သဲကြိုးသားရေတို့၌ ဆိုးထားသောအရောင်ကို အဝတ်ပိုင်းဖြင့် ပွတ်တိုက်၍ အဆင်းကိုဖျက်ပြီး အနည်းငယ်မျှ အဆင်းပျက်လျှင်ပင် အပ်ပါသည်။ အဆန်းတကြယ် ချုပ်ထားသောဖိနပ်၏ကြိုးများကို ဖြေနိုင်လျှင် ဖြေ၍ မဖြေနိုင်လျှင် အတော် အတန်ပျက်အောင် ဖျက်ပြီးမှ စီးသင့်သည်။ အရောင်ဖျက်ရာ၌ ဖျက်၍မရအောင် အရောင်ခိုင်နေလျှင် သားရေနှင့် သဘောတူဟု ယူဆ၍ သံသယမရှိဘဲ စီးနိုင်သည်၊ ဆရာတို့ကား ပွတ် ဖျက်၍မရလောက်အောင် စွဲနေသောအရောင်များကို သဲကြိုးချုပ်ရိုးများ၌ အဆင်းဖျက်ရာရောက်အောင် မင်စသည်ဖြင့်ခြစ်၍ အနည်းငယ် ဖျက်ကြပါသေးသည်။ 💓(ခုဒ်ဒသိက်ခာဘာဋီ-၂၅၀)💓 💥 #ယပ် 💥 🕳️🕳️🕳️🕳️🕳️ ထန်းရွက်ယပ်, ဝါးယပ် (နှီးယပ်) ဥဒေါင်းမြီးယပ်, သားရေယပ် များ အပ်စပ်ပါသည်။ ယခုအခါ ထန်းရွက်ယပ်နှင့် အဝတ်ယပ်များကို အသုံးပြုနေကြပါသည်။ 💥#သားရေနွယ်(နေရာထိုင်)💥 🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️ ရှေးအခါက သားရေနွယ်အခင်းကို ရဟန်းများ အသုံးပြုကြသည်။ ယခုခေတ်၌လည်း သားရေနွယ်အခင်း သို့မဟုတ် သားရေတု (လယ်သာ) အခင်းကို အသုံးပြုသော ရဟန်းများ ရှိသေး၏။ မအပ်သောအသားကြီး ၁၀-မျိုးတို့၏ အရေကို ချန်ထား ၍ ကျန်သတ္တဝါတို့၏ အရေကို သုံးနိုင်သည်။ ယခုခေတ်၌ အများစုက သားရေ နွယ်အစား အဝတ်နေရာထိုင်ကိုသာ အသုံးပြုကြပါသည်၊ နေရာ ထိုင် အသုံးပြုခြင်းကား သင်္ကန်းညစ်ပတ်ပေကျံမည်ကို စောင့် ရှောက်လိုခြင်းကြောင့်ဖြစ်သည်၊ သင်္ကန်းကို မရိုမသေသုံးလျှင် ဒုက္ကဋ်အာပတ်သင့်ပါသည်။ ထိုနေရာထိုင်ကို ပိတ်စအမျိုးမျိုး (အရောင်အမျိုးမျိုး)ဖြင့် ချုပ်ကြသည်။ သင်္ကန်းရောင်နေရာထိုင်များက သမဏသာရုပ္ပဖြစ်၍ ရဟန်းသံဃာတို့နှင့် သာ၍ သင့်လျော်ပါသည်။ 🌺 အရှင်ကုမာရ (ပဓာန နာယက) 🌺 🍀 သာသနာ့ဝန်ဆောင်ကျောင်းတိုက်များ (မှော်ဘီ) 🍀

Post a Comment

0 Comments