Advertisement

Responsive Advertisement

ဒိဋ္ဌိ ( ၆၂ )ပါး အကျယ်

ဒိဋ္ဌိ ( ၆၂ )ပါး အကျယ် ............~.............~............~............ { ဒီဃနိကာယ၊ သီလက္ခန် } { ဗြဟ္မဇာလသုတ္တန် } { မိစ္ဆာဒိဋ္ဌိ( ၆၂ )ပါးကို အနိုင်းမဲ့မြတ်ဗုဒ္ဓသည်ဤ ဗြဟ္မဇာလသုတ်တွင် အကုန်သိမ်းကြုံးပြီး ကောင်းစွာမသွေ ဟောကြားတော် မူထားပါပေ၏။ } မိစ္ဆာဒိဋ္ဌိ ( ၆၂ )ပါးထဲမှာ အတိတ်ဘဝနဲ့ ပတ်သတ်ပြီး အယူမှားတာက (၁၈)ခု။ အနာဂတ်နဲ့ပတ်သတ်ပြီး အယူမှားတာက (၃၉)ခု။ ပစ္စုပ္ပန်နဲ့ ပတ်သတ်ပြီး အယူမှားတာက (၅)ခု။ ပေါင်း (၆၂)ခု ဖြစ်သည်ကို တွေ့ရပေ၏။ ----------------------------------------- သဿတဒိဋ္ဌိ( ၄ )မျိုး •••••••••••••••••••••••• ၁။ ဘဝသိန်းပေါင်းများစွာ ရှေးကဖြစ်ခဲ့ဖူးတဲ့၊ ခန္ဓာအစဉ်ကို တွေးတောကြည့်နိုင်တဲ့၊ ``ပုဗ္ဗေနိဝါသာနုဿတိဉာဏ်´´ကိုရသော သူသည် မိမိဟာ ထိုဘဝသိန်းပေါင်းများစွာတွင် ဒီနာမည်၊ အမျိုးအနွယ်နဲ့ နေခဲ့ရတာကြောင့် ငါ၏ခန္ဓာအိမ် အတ္တနှင့် သတ္တဝါတွေနေထိုင်တဲ့ သတ္တလောကဟာ မြဲတယ်လို့ ယူဆခြင်း။ ၂။ ဘဝပေါင်းများစွာ သံဝဋ္ဋ္ဋ၊ ဝိဝဋ္ဋကပ်ပေါင်း.... ( ၁၀ )ကမ္ဘာမျှ ခန္ဓာအစဉ်ကို တွေးတောနိုင်တဲ့သူဟာ မိမိဟာ ထိုဘဝသိန်းပေါင်းများစွာတွင် ဒီနာမည်၊ အမျိုးအနွယ်နဲ့နေခဲ့ရတာကြောင့် ငါ၏ ခန္ဓာအိမ် အတ္တနှင့် သတ္တဝါတွေနေထိုင်သည့် သတ္တလောကဟာ မြဲတယ်လို့ယူဆခြင်း။ ၃။ ကပ်ကမ္ဘာပေါင်း(၄၀)မျှလောက် ခန္ဓာအစဉ်ကို၊ တွေးတောနိုင်တဲ့သူဟာ မိမိဟာ ထိုဘဝသိန်းပေါင်း များစွာတွင် ဒီနာမည်၊ အမျိုး အနွယ်နဲ့ နေခဲ့ ရတာကြောင့် ငါ၏ ခန္ဓာအိမ် အတ္တနှင့် သတ္တဝါတွေနေထိုင်တဲ့ သတ္တလောကဟာ မြဲတယ်လို့ယူဆခြင်း။ ၄။ ဈာန်အဘိဉာဏ်မရဘဲ မိမိစိတ်ကူးကြံဆ၊ ထင်မြင်လာတဲ့အတိုင်း အတ္တနဲ့သတ္တလောက ဟာ မြဲတယ်လို့ယူဆခြင်း။ ---------------------------------------------- ဧကစ္စသဿတဒိဋ္ဌိ ( ၄ )မျိုး ••••••••••••••••••••••••••••••• ၅။ ကမ္ဘာပျက်သောအခါ ကောင်းမှုရှိတဲ့သူဟာ၊ ဒုတိယဈာန်ဘုံစတဲ့ အထက်ဘုံများသို့ရောက်ပြီး မကောင်းမှုရှိတဲ့သူဟာ အဝီစိငရဲသို့ ကျရောက်ကြရတယ်။ ကျန်တဲ့ဘုံဌာနအားလုံးဟာ ကမ္ဘာပျက်ရင် ပျက်စီးသွားကြတယ်။ ကမ္ဘာသစ်ပြန်လည်ဖြစ်ပေါ်လာရန် ရောက်တဲ့အခါ သတ္တဝါမရှိသေးတဲ့ ဗြဟ္မာ့ဗိမာန်တစ်ခု ပေါ်ပေါက်လာခဲ့တယ်။ ထိုဗြဟ္မာ့ဗိမာန်ကို၊ ကံကုန်လို့၎င်း၊ သက်တမ်းကုန်လို့၎င်း၊ အဘဿရဘုံမှ ဗြဟ္မာတစ်ဦးဟာ ဗြဟ္မာဗိမာန်မှာ အစဦးဆုံး ဗြဟ္မာကြီး တစ်ဦးဖြစ်လာပေ၏။ ထို့နောက် ဗြဟ္မာကြီးမှ ကျန်တဲ့ဗြဟ္မာများ ဖြစ်လာရင်ကောင်းမယ်လို့၊ စိတ်ကူးတဲ့အခါ အဘဿရဘုံမှ၊ သက်တမ်းကြောင့်လည်းကောင်း၊ ကံကုန်လို့၎င်း၊ ကျန်ဗြဟ္မာများလည်း ရောက်လာကြ၏။ နောက်မှဗြဟ္မာ့ဗိမာန်ရောက်တဲ့သူများဟာ ဗြဟ္မာပြည်ကနေ လူ့ပြည်ရောက်ပြီး လူ့ပြည်မှာ၊ ရှေးဖြစ်ခဲ့တဲ့ဗြဟ္မာ့ဗိမာန်တွင်၊ ဗြဟ္မာဖြစ်ခဲ့တဲ့ အဆင့်ထိသာ၊ ဆင်ခြင်နိုင်ပြီး ထိုထက်မကြည့် နိုင်တဲ့အတွက် ထိုသူများဟာ၊ ငါတို့ဗြဟ္မာပြည် ဖြစ်စဉ်က၊ ဗြဟ္မာမင်းကြီးဟာ သူကအရင် ဗြဟ္မာပြည်ဖြစ်တယ်။ နောက်ပြီး ခုထိလည်း ဗြဟ္မာပြည်မှာ တည်နေတယ်။ ငါတို့ကတော ့ခု လူ့ပြည်ကို ရောက်နေတယ်။ ဒါကြောင့် ဗြဟ္မာမင်းကြီးရဲ့ ခန္ဓာမှာရှိတဲ့ အတ္တနဲ့ သတ္တလောကဟာ မြဲတယ်။ ငါတို့ကတော့ မမြဲဘူးလို့ အယူရှိကြတယ်။ အဲဒီလိုပဲ ဗြဟ္မာ့ဗိမာန်မှာ ပထမဦးဆုံး ဗြဟ္မာဖြစ်တဲ့ ဗြဟ္မာကြီးကလည်း၊ ငါဟာ နောက်ဗြဟ္မာတွေ ရောက်လာရင်ကောင်းမယ်လို့၊ စိတ်ကူးတဲ့အခါ သူတို့ဖြစ်လာကြတယ်။ ``ဒါကြောင့် ငါဟာ ဖန်ဆင်းရှင်ဖြစ်တယ်။´´ နောက်ပြီး ငါဟာ ခု ဒီဗြဟ္မာ့ဗိမာန်မှာပဲ တည်ရှိနေသေးတယ်။ နောက်မှဖြစ်တဲ့ ဗြဟ္မာတွေက မရှိကြတော့ဘူး။ အဲဒါကြောင့် ငါသာလျှင် ဖန်ဆင်းရှင်၊ ငါသာလျှင်မြဲတယ်။ ကျန်တာ မမြဲဘူး။ အချို့မြဲတယ်။ အချို့ မမြဲဘူးလို့ အယူရှိခြင်း။ { ကုသိုလ်ကံ အကျိုးပေးကို သေချာမသိလို့ သက်ရှည်ခြင်းကို မြဲတယ်။ သက်တိုခြင်းကို မမြဲဘူးလို့ ယူဆကြတာပါဘဘဲ။ } ၆။ စားချိန်ကိုမေ့သည့်တိုင်အောင် အပျော်ကြူးတဲ့ နတ်တွေဟာ စားချိန်မစားတဲ့အတွက် သေလွန်ပြီး လူ့ပြည်ရောက်လာကာ ရှေးက နတ်ဖြစ်ခဲ့တဲ့ဘဝကို ဆင်ခြင်ကြည့်သောအခါ နတ်ပြည်မှာကျန်ခဲ့တဲ့ နတ်တွေရဲ့ အတ္တနှင့် သတ္တလောကဟာ မြဲတယ်။ ငါတို့ကျတော့ မမြဲလို့ သေခဲ့ရတယ်။ အချို့မြဲ၏။ အချို့မမြဲလို့ အယူရှိခြင်း။ { ကိုယ့်ကိုကိုယ် အစားစာချိန် မစားဘဲ ပျော်ပါးလွန်လို့ သေရတာကို မသိဘဲ စားချိန်တန်စားတဲ့ နတ်တွေကို သူတို့လိုမသေလို့ မြဲတယ်။ သူတို့ကျတော့ မမြဲဘူးလို့ အယူမှားတာပါဘဲ။ } ၇။ ဒေါသကြီးလို့ သေခဲ့ရတဲ့နတ်တွေက လူ့ပြည်ရောက်တဲ့အခါ ရှေးကနတ်ဖြစ်ရတာကို ပြန်မြင်နိုင်လို့ ကြည့်လိုက်တော့ သူတို့က သေရလို့ မမြဲဘူး။ ဒေါသမဖြစ်တဲ့နတ်တွေတော့ မြဲတယ်လို့ အချို့မြဲ၏။ အချို့ မမြဲလို့ အယူှမှားခြင်း။ { ကိုယ့်ဒေါသကြီးလို့ နတ်ဘဝသေရတာကို ဒေါသမကြီးသူတွေနှင့် သွားယှဉ်ပြီး မြဲတယ်၊ မမြဲဘူးလို့ အယူမှားကြတာပါဘဲ။} ၈။ မိမိဉာဏ်တွင် ထင်မြင်လာတဲ့အတိုင်း စိတ်ကူးနဲ့ကြံဆပြီး မျက်စိ၊ နားစတဲ့ ရုပ်တရားတွေကတော့ ပျက်စီးတဲ့အတွက် မမြဲဘူး။ စိတ်ကလေးတော့ သေလည်းမသေဘူး။ ဖောက်ပြန်ခြင်းလည်း မရှိဘူး။ ဒါကြောင့် မြဲတယ်။ ရုပ်တရားတွေကတော့ မမြဲဘူးလို့ မိမိထင်တဲ့အတိုင်း ယူဆတဲ့အယူမှား။ ---------------------------------------------- အန္တာနန္တဒိဋ္ဌိ ( ၄ )မျိုး ••••••••••••••••••••••• ၉။ အချို့လောကီဈာန်ရတဲ့ သူတွေဟာ မိမိတို့ရတဲ့ ဈာန်လေးပွားများသည့်အခါ စိတ်တည်ကြည်ခြင်းရပြီး၊ လောကဟာ အဆုံးရှိတယ်။ လှည့်ပတ်သွားလာနိုင်တဲ့ ခရီးရှိတယ်လို့ အယူရှိခြင်း။ ၁၀။ အချို့လောကီဈာန်ရတဲ့ သူတွေဟာ မိမိတို့ရတဲ့ ဈာန်လေးပွားများတဲ့အခါ စိတ်တည်ကြည်ခြင်းရပြီး လောကဟာ အဆုံးမရှိဘူး။ အပိုင်းအခြားလည်း မရှိဘူးလို့ အယူရှိခြင်း။ ၁၁။ အချို့လောကီဈာန်ရတဲ့ သူတွေဟာ မိမိတို့ရတဲ့ ဈာန်လေးပွားများတဲ့အခါ စိတ်တည်ကြည်ခြင်းရပြီး လောကတွင် အပေါ်နှင့် အောက်ဟာ အဆုံးရှိတယ်။ ဘေးပတ်ဝန်းကျင်ကတော့ အဆုံးမရှိဘူး။ ဒါကြောင့် လောကဟာ အဆုံးလည်းရှိတယ်။ အဆုံးလည်းမရှိဘူးလို့ အယူရှိခြင်း။ ၁၂။ တချို့က မိမိဘာသာ စဉ်းစားဆင်ခြင်ပြီး လောကဟာ အဆုံးရှိတာလည်း မဟုတ်။ အဆုံးမရှိတာလည်း မဟုတ်။ အဆုံးရှိ၊ မရှိလည်း မဟုတ်။ တကယ်တော့ လောကဟာ အဆုံးရှိ လည်းမဟုတ်။ အဆုံးမရှိလည်း မဟုတ်ဟု အယူရှိခြင်း။ { အပေါ်က သုံးဦးရဲ့အယူကို ငြင်းတဲ့လူရဲ့အယူပါဘဲ။ } ----------------------------------------------- အမရာဝိက္ခေပဒိဋ္ဌိ ( ၄ )မျိုး •••••••••••••••••••••••••••••• ၁၃။ သူများက ကုသိုလ်၊ အကုသိုလ်အကြောင်းကို မေးလျှင် ဖြေရပါမှုကား မှားမည်ကြောက်၍ ဟိုအယူလည်း ငါမယူ။ ဒီအယူလည်း ငါမယူ။ ဟိုဟာဒီဟာ ဘယ်ဟာမှ မယူတာလည်း မဟုတ် စသည်ဖြင့် စကားလွဲယူသော အယူဝါဒ။ ၁၄။ ကုသိုလ်၊ အကုသိုလ်ကို သေချာမသိဘဲ ဖြေကြားလျှင် နှစ်သက်ခြင်း၊ တပ်မက်ခြင်း၊ အမျက်ထွက်ခြင်း၊ စိတ်ထိခိုက်ခြင်း စတဲ့ ဥပါဒါန်များဖြစ်ရင် ငါ့အား အန္တရာယ်ရှိတယ်ဆိုပြီး ဟိုအယူလည်း ငါမယူ။ ဒီအယူလည်း ငါမယူ။ ဟိုဟာဒီဟာ ဘယ်ဟာမှ မယူတာလည်း မဟုတ် စသည်ဖြင့် ဥပါဒါန်ကြောက်လို့ စကားလွဲယူသော အယူဝါဒ။ ၁၅။ မိမိက ကုသိုလ်၊ အကုသိုလ်ကို သေချာမသိဘဲဖြေဆိုလျှင် မိမိကအဖြေကို ပညာရှိတွေက စစ်ဆေးရင် အန္တရာယ်ဖြစ်မည်ဆိုး၍ ဟိုအယူ လည်း ငါမယူ။ ဒီအယူလည်း ငါမယူ။ ဟိုဟာဒီဟာ ဘယ်ဟာမှ မယူတာလည်း မဟုတ် စသည်ဖြင့် မိမိအယူဝါဒမှားရင် ပညာရှိများကဲ့ရဲ့မည်ဆိုး၍ စကားလွဲယူသော အယူဝါဒ။ ၁၆။ မိမိက ဘာအသိဉာဏ်မျှမရှိသဖြင့် သူတစ်ပါးကမေးလျှင်လည်း၊ မင်းက တမလွန်ရှိတယ်ဆိုရင် အဲဒါမှန်တယ်လို့ ဖြေဆိုမယ်။ ဒါပေမဲ့ ငါဟာ ဟိုအယူလည်း ငါမယူ။ ဒီအယူလည်း ငါမယူ။ ဟိုဟာဒီဟာ ဘယ်ဟာမှ မယူတာလည်း မဟုတ် စသည်ဖြင့် ပညာနည်းပြီး ကတ်သီးကတ်သတ် လုပ်ကာ စကားလွဲယူသော အယူဝါဒ။ ---------------------------------------------- အဓိစ္စသမုပ္ပန္နဒိဋ္ဌိ ( ၂ )မျိုး ••••••••••••••••••••••••••••• ၁၇။ စိတ်တရားနာမ်မရှိတဲ့ အသညသတ်ဗြဟ္မာသည် ပဋိသန္ဓေသညာစိတ်ဖြစ်ပေါ်လာခြင်း ကြောင့်၊ အသညသတ်ဗြဟ္မာကနေ၊ လူ့ပြည်ရောက်ကာ တရားအားထုတ်သော် စိတ်တည်ကြည်ခြင်းဖြစ်ပေါ်လာသဖြင့်၊ အသညသတ်ဗြဟ္မာ ဘဝကနေ၊ စုတေခါနီးဖြစ်ပေါ်လာသော၊ ပဋိသန္ဓေသညာဖြစ်ပေါ်လာခြင်းကို၊ အောက်မေ့ ဆင်ခြင်နိုင်ပြီး၊ ထိုထက်ဘဝတွေကို မဆင်ခြင်နိုင်။ ဒါနဲ့ သူက အတ္တနှင့် သတ္တလောကဟာ အကြောင်းမဲ့ဖြစ်ပေါ်လာတယ်။ ငါဟာ ရှေးမှာလည်း မရှိခဲ့ဘဲ၊ ခုဘဝမှထင်ရှားစွာ ဖြစ်ပေါ်လာရတယ်။ ဒါကြောင့် အတ္တနှင့် သတ္တလောကဟာ အကြောင်းမဲ့ဖြစ်ပေါ်လာတယ်လို့ အယူမှားမှု။ ၁၈။ အချို့သောသူများသည် မိမိဉာဏ်ဖြင့် ထင်မြင်ယူဆသည့်အတိုင်း စိတ်ကူးသက်သက်ဖြင့် အတ္တနှင့် သတ္တလောကဟာ၊ အကြောင်းမဲ့ဖြစ်ပေါ်လာတယ်လို့ အယူမှားမှု။ ------------------------------------------ အပရန္တာနုဒိဋ္ဌိ ( ၄၄ )မျိုး •°•°•°•°•°•°•°•°•°•°•°•°• ဥဒ္ဒမာဃာတနိတ သညီဝါဒ {သေပြီးနောက် သညာအယူရှိသူ (၁၆)မျိုး ••••••••••••••••••••••••••••••••••••••• ၁၉။ အသက်ဝိညာဉ် အတ္တလေးဟာ ဖောက်ပြန်ခြင်းရှိတယ်။ သေသွားပေမဲ့ ပျက်စီးမသွားဘူး။ အမှတ်သညာလေးရှိသေးတယ်လို့ အယူမှားခြင်း။ ၂၀။ အသက်ဝိညာဉ် အတ္တလေးဟာ ဖောက်ပြန်ခြင်းမရှိ။ သေသွားသော်လည်း ပျက်စီးခြင်း မရှိ။ အမှတ်သညာလေးရှိသေးတယ်လို့ အယူမှားခြင်း။ ၂၁။ အသက်ဝိညာဉ် အတ္တလေးဟာ ဖောက်ပြန်ခြင်းရှိတာလည်း ဟုတ်တယ်။ မရှိတာလည်း ဟုတ်တယ်။ သေသွားသော်လည်း ပျက်စီးခြင်းမရှိ။ အမှတ်သညာလေးရှိသေးတယ်လို့ အယူမှားခြင်း။ ၂၂။ အသက်ဝိညာဉ် အတ္တလေးဟာ ဖောက်ပြန်တာလည်း မဟုတ်။ မဖောက်ပြန်တာလည်း မဟုတ်။ သေသွားသော်လည်း ပျက်စီးခြင်းမရှိ။ အမှတ်သညာလေးရှိသေးတယ်လို့ အယူမှားခြင်း။ ၂၃။ အသက်ဝိညာဉ် အတ္တလေးဟာ အဆုံးအပိုင်းခြားရှိတယ်။ သေသွားပေမဲ့ ပျက်စီးမသွားဘူး။ အမှတ်သညာလေးရှိသေးတယ်လို့ အယူမှားခြင်း။ ၂၄။ အသက်ဝိညာဉ် အတ္တလေးဟာ အဆုံးအပိုင်းခြားမရှိဘူး။ သေသွားသော်လည်း ပျက်စီးခြင်း မရှိ။ အမှတ်သညာလေးရှိသေးတယ်လို့ အယူမှားခြင်း။ ၂၅။ အသက်ဝိညာဉ် အတ္တလေးဟာ အဆုံးအပိုင်းခြားရှိတာလည်း ဟုတ်နိုင်တယ်။ အဆုံးအပိုင်းခြားမရှိတာလည်း ဟုတ်နိုင်တယ်။ သေသွားသော်လည်း ပျက်စီးခြင်း မရှိ။ အမှတ်သညာလေးရှိသေးတယ်လို့ အယူမှားခြင်း။ ၂၆။ အသက်ဝိညာဉ် အတ္တလေးဟာ အဆုံးအပိုင်းခြားရှိတာလည်းမဟုတ်။ အဆုံး အပိုင်းခြားမရှိတာလည်း မဟုတ်။ သေသွားသော်လည်း ပျက်စီးခြင်း မရှိ။ အမှတ်သညာလေး ရှိသေးတယ်လို့ အယူမှားခြင်း။ ၂၇။ အသက်ဝိညာဉ် အတ္တလေးဟာ တစ်ခုတည်းသော အမှတ်သညာသာရှိတယ်။ သေသွားသော်လည်း ပျက်စီးခြင်း မရှိ။ အမှတ်သညာလေးရှိသေးတယ်လို့ အယူမှားခြင်း။ ၂၈။ အသက်ဝိညာဉ် အတ္တလေးဟာ အမျိုးမျိုးသော အမှတ်သညာရှိတယ်။ သေသွားသော်လည်း ပျက်စီးခြင်း မရှိ။ အမှတ်သညာလေးရှိသေးတယ်လို့ အယူမှားခြင်း။ ၂၉။ အသက်ဝိညာဉ် အတ္တလေးဟာ ကျဉ်းငယ်တဲ့ ကသိုဏ်းအာရုံတွင်ဖြစ်တဲ့ အမှတ်သညာရှိ တယ်။ သေသွားသော်လည်း ပျက်စီးခြင်း မရှိ။ အမှတ်သညာလေးရှိသေးတယ်လို့ အယူမှားခြင်း။ ၃၀။ အသက်ဝိညာဉ် အတ္တလေးဟာ တိုးပွားတဲ့ပမာဏရှိသော၊ ကသိုဏ်းအာရုံတွင်ဖြစ်တဲ့ အမှတ်သညာ ရှိတယ်။ သေသွားသော်လည်း ပျက်စီးခြင်း မရှိ။ အမှတ်သညာလေး ရှိသေးတယ်လို့ အယူမှားခြင်း။ ၃၁။ အသက်ဝိညာဉ် အတ္တလေးဟာ စင်စစ်ချမ်းသာရှိတယ်။ သေသွားသော်လည်း ပျက်စီးခြင်း မရှိ။ အမှတ်သညာလေးရှိသေးတယ်လို့ အယူမှားခြင်း။ ၃၂။ အသက်ဝိညာဉ် အတ္တလေးဟာ စင်စစ်ဆင်းရဲရှိတယ်။ သေသွားသော်လည်း ပျက်စီးခြင်း မရှိ။ အမှတ်သညာလေးရှိသေးတယ်လို့ အယူမှားခြင်း။ ၃၃။ အသက်ဝိညာဉ် အတ္တလေးဟာ ချမ်းသာဆင်းရဲရှိတယ်။ သေသွားသော်လည်း ပျက်စီးခြင်း မရှိ။ အမှတ်သညာလေးရှိသေးတယ်လို့ အယူမှားခြင်း။ ၃၄။ အသက်ဝိညာဉ် အတ္တလေးဟာ ချမ်းသာဆင်းရဲမရှိ။ သေသွားသော်လည်း ပျက်စီးခြင်း မရှိ။ အမှတ်သညာလေးရှိသေးတယ်လို့ အယူမှားခြင်း။ --------------------------------------- ဥဒ္ဓမာဃာတနိတ အသညီဝါဒ •••••••••••••••••••••••••••••••••• { သေပြီးနောက် သညာမရှိ အယူ(၈)မျိုး } •°•°•°•°•°•°•°•°•°•°•°•°•°•°•°•°••°•°•°•°• ၃၅။ အသက်ဝိညာဉ် အတ္တလေးဟာ ဖောက်ပြန်ခြင်းရှိတယ်။ သေပြီးနောက် ပျက်စီးခြင်း မရှိ။ အမှတ်သညာ မရှိလို့ အယူမှားခြင်း။ ၃၆။ အသက်ဝိညာဉ် အတ္တလေးဟာ ဖောက်ပြန်ခြင်းမရှိ။ သေပြီးနောက် ပျက်စီးခြင်း မရှိ။ အမှတ်သညာ မရှိလို့ အယူမှားခြင်း။ ၃၇။ အသက်ဝိညာဉ် အတ္တလေးဟာ ဖောက်ပြန်ခြင်းရှိတာလည်း ဟုတ်တယ်။ ဖောက်ပြန်ခြင်းမရှိတာလည်း ဟုတ်တယ်။ သေပြီးနောက် ပျက်စီးခြင်း မရှိ။ အမှတ်သညာ မရှိလို့ု အယူမှားခြင်း။ ၃၈။ အသက်ဝိညာဉ် အတ္တလေးဟာ ဖောက်ပြန်ခြင်းရှိတာလည်း မဟုတ်။ ဖောက်ပြန်ခြင်းမရှိတာလည်း မဟုတ်။ သေပြီးနောက် ပျက်စီးခြင်း မရှိ။ အမှတ်သညာ မရှိလို့ အယူမှားခြင်း။ ၃၉။ အသက်ဝိညာဉ် အတ္တလေးဟာ အဆုံးအပိုင်းခြားရှိတယ်။ သေပြီးနောက် ပျက်စီးခြင်း မရှိ။ အမှတ်သညာ မရှိလို့ အယူမှားခြင်း။ ၄၀။ အသက်ဝိညာဉ် အတ္တလေးဟာ အဆုံးအပိုင်းခြားမရှိဘူး။ သေပြီးနောက် ပျက်စီးခြင်း မရှိ။ အမှတ်သညာ မရှိလို့ အယူမှားခြင်း။ ၄၁။ အသက်ဝိညာဉ် အတ္တလေးဟာ အဆုံးအပိုင်းခြားရှိတာလည်း ဟုတ်တယ်။ အဆုံးအပိုင်းခြား မရှိတာလည်း ဟုတ်တယ်။ သေပြီးနောက် ပျက်စီးခြင်း မရှိ။ အမှတ်သညာ မရှိလို့ အယူမှားခြင်း။ ၄၂။ အသက်ဝိညာဉ် အတ္တလေးဟာ အဆုံးအပိုင်းခြားရှိတာလည်း မဟုတ်။ အဆုံးအပိုင်းခြားမရှိတာလည်း မဟုတ်။ သေပြီးနောက် ပျက်စီးခြင်းမရှိ။ အမှတ်သညာ မရှိလို့ အယူမှားခြင်း။ ---------------------------------------------- ဥဒ္ဓမာဃာတနိတ နေဝသညီ နာသညီဝါဒ •••••••••••••••••••••••••••••••••••••••• { သေပြီးနောက် သညာရှိလည်းမဟုတ်၊ မရှိလည်းမဟုတ် အယူ( ၈ )မျိုး } •°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°• ၄၃။ အသက်ဝိညာဉ် အတ္တလေးဟာ ဖောက်ပြန်ခြင်းရှိတယ်။ သေပြီးနောက် ပျက်စီးခြင်း မရှိ။ အမှတ်သညာ ရှိတာလည်း မဟုတ်။ အမှတ်သညာမရှိတာလည်း မဟုတ်လို့ အယူမှားခြင်း။ ၄၄။ အသက်ဝိညာဉ် အတ္တလေးဟာ ဖောက်ပြန်ခြင်းမရှိ။ သေပြီးနောက် ပျက်စီးခြင်း မရှိ။ အမှတ်သညာ ရှိတာလည်း မဟုတ်။ အမှတ်သညာ မရှိတာလည်း မဟုတ်လို့ အယူမှားခြင်း။ ၄၅။ အသက်ဝိညာဉ် အတ္တလေးဟာ ဖောက်ပြန်ခြင်းရှိတာလည်း ဟုတ်တယ်။ ဖောက်ပြန်ခြင်းမရှိတာလည်း ဟုတ်တယ်။ သေပြီးနောက် ပျက်စီးခြင်းမရှိ။ အမှတ်သညာရှိတာလည်း မဟုတ်။ အမှတ်သညာမရှိတာလည်း မဟုတ်လို့ အယူမှားခြင်း။ ၄၆။ အသက်ဝိညာဉ် အတ္တလေးဟာ ဖောက်ပြန်ခြင်းရှိတာလည်း မဟုတ်။ ဖောက်ပြန်ခြင်းမရှိတာလည်း မဟုတ်။ သေပြီးနောက် ပျက်စီးခြင်း မရှိ။ အမှတ်သညာရှိတာလည်း မဟုတ်။ အမှတ်သညာမရှိတာလည်း မဟုတ်လို့ အယူမှားခြင်း။ ၄၇။ အသက်ဝိညာဉ် အတ္တလေးဟာ အဆုံးအပိုင်းအခြားရှိတယ်။ သေပြီးနောက် ပျက်စီးခြင်း မရှိ။ အမှတ်သညာရှိတာလည်း မဟုတ်။ အမှတ်သညာမရှိတာလည်း မဟုတ်လို့ အယူမှားခြင်း။ ၄၈။ အသက်ဝိညာဉ် အတ္တလေးဟာ အဆုံးအပိုင်းခြားမရှိ။ သေပြီးနောက် ပျက်စီးခြင်း မရှိ။ အမှတ်သညာ ရှိတာလည်း မဟုတ်။ အမှတ်သညာမရှိတာလည်း မဟုတ်လို့ အယူမှားခြင်း။ ၄၉။ အသက်ဝိညာဉ် အတ္တလေးဟာ အဆုံးအပိုင်းခြားရှိတာလည်း ဟုတ်တယ်။ အဆုံးအပိုင်းခြား မရှိတာလည်း ဟုတ်တယ်။ သေပြီးနောက် ပျက်စီးခြင်း မရှိ။ အမှတ်သညာရှိတာလည်း မဟုတ်။ အမှတ်သညာမရှိတာလည်း မဟုတ်လို့ အယူမှားခြင်း။ ၅၀။ အသက်ဝိညာဉ် အတ္တလေးဟာ အဆုံးအပိုင်းခြားရှိတာလည်း မဟုတ်။ အဆုံး အပိုင်းခြားမရှိတာလည်း မဟုတ်။ သေပြီးနောက် ပျက်စီးခြင်း မရှိ။ အမှတ်သညာရှိတာလည်း မဟုတ်။ အမှတ်သညာမရှိတာလည်း မဟုတ်လို့ အယူမှားခြင်း။ ------------------------------------------ ဥစ္ဆေဒဝါဒ { ပြတ်စဲအယူ ( ၇ )မျိုး} •••••••••••••••••••••••••••••••••••••• ၅၁။ အချို့က ခန္ဓာကိုယ် အတ္တကြီးဟာ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောတို့ရဲ့ မဟာဘုတ်လေးပါး အစုအဝေးဖြစ်ပြီး၊ မိဘတို့မှ ပေါက်ဖွားလာတာ ဖြစ်၏။ ဒါကြောင့် ခန္ဓာကိုယ်အတ္တကြီး ပျက်စီးသွားရင် ဘာမှမရှိတော့လို့ အယူမှားခြင်း။ ၅၂။ အပေါ်ကအယူရှိတဲ့လူကို တခြားတစ်ယောက်ကနေ လူမှာဖြစ်တဲ့ အတ္တဟာ လုံးဝပြတ်တာ မဟုတ်သေး။ နတ်တွေမှာ အစာအာဟာရနဲ့ ရုပ်ရှိတဲ့ အခြားအတ္တတွေလည်း ရှိသေးတယ်။ အဲဒီအတ္တဟာ ကိုယ်ကောင်ပျက်စီးမှ လုံးဝပြတ်စဲသွားတယ်လို့ အယူမှားခြင်း။ ၅၃။ အပေါ်ကအယူရှိတဲ့လူကို တခြားတစ်ယောက်ကနေ၊ နတ်တွေမှာဖြစ်တဲ့ အတ္တဟာ လုံးဝပြတ်သေးတာ မဟုတ်သေး။ ရူပဗြဟ္မာ့ပြည်တွင် ဈာန်စိတ်ကြောင့် အလုံးစုံသော အင်္ဂါကြီးငယ်တို့နဲ့ပြည့်စုံတဲ့ အခြားအတ္တတွေလည်း ရှိသေးတယ်။ အဲဒီအတ္တဟာ ကိုယ်ကောင်ပျက်စီးမှ လုံးဝပြတ်စဲသွားတယ်လို့ အယူမှားခြင်း။ ၅၄။ အပေါ်ကအယူရှိတဲ့လူကို တခြားတစ်ယောက်ကနေ ရူပဗြဟ္မာတွေရဲ့ အတ္တဟာ လုံးဝပြတ်သေးတာ မဟုတ်သေး။ အာကာသာနဉ္စာယတန ဗြဟ္မာ့ဘုံတွင် အခြားအတ္တတွေလည်း ရှိသေးတယ်။ အဲဒီအတ္တဟာ ကိုယ်ကောင်ပျက်စီးမှ လုံးဝပြတ်စဲသွားတယ်လို့ အယူမှားခြင်း။ ၅၅။ အပေါ်ကအယူရှိတဲ့လူကို တခြားတစ်ယောက်ကနေ အာကာသာနဉ္စာယတန ဗြဟ္မာ့ဘုံက အတ္တသည်လည်း လုံးဝ ပြတ်သေးတာ မဟုတ်သေး။ ဝိညာဏဉ္စာယတန ဗြဟ္မာ့ဘုံတွင် အခြားအတ္တတွေ ရှိသေးတယ်။ အဲဒီအတ္တဟာ ကိုယ်ကောင် ပျက်စီးမှ လုံးဝပြတ်စဲသွားတယ်လို့ အယူမှားခြင်း။ ၅၆။ အပေါ်ကအယူရှိတဲ့လူကို တခြားတစ်ယောက်ကနေ၊ ဝိညာဏဉ္စာယတန ဗြဟ္မာ့ဘုံက အတ္တသည်လည်း လုံးဝပြတ်သေးတာ မဟုတ်သေး။ အာကိဉ္စညာယတန ဗြဟ္မာ့ဘုံတွင် အခြားအတ္တတွေ ရှိသေးတယ်။ အဲဒီအတ္တဟာ ကိုယ်ကောင် ပျက်စီးမှ လုံးဝပြတ်စဲသွားတယ်လို့ အယူမှားခြင်း။ ၅၇။ အပေါ်ကအယူရှိတဲ့လူကို တခြားတစ်ယောက်ကနေ၊ အာကိဉ္စညာယတန ဗြဟ္မာ့ဘုံက အတ္တသည်လည်း လုံးဝပြတ်သေးတာ မဟုတ်သေး။ နေဝသညာနာသညာယတန ဗြဟ္မာ့ဘုံတွင် အခြားအတ္တတွေ ရှိသေးတယ်။ အဲဒီအတ္တဟာ ကိုယ်ကောင်ပျက်စီးမှ လုံးဝပြတ်စဲသွားတယ်လို့ အယူမှားခြင်း။ ------------------------------------------ ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒ •••••••••••••••••• {မျက်မှောက်တွင် ခံစားရတဲ့ နိဗ္ဗာန်အယူ ( ၅ )မျိုး} •°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•° ၅၈။ ကာမဂုဏ်ငါးပါးနဲ့ ပြည့်စုံစွာ ခံစားရတဲ့ အတ္တ( ပုဂ္ဂိုလ် )ဟာ မျက်မှောက်နိဗ္ဗာန်လို့ အယူမှားခြင်း။ ၅၉။ အထက်ပါအယူရှိသူကို တခြားတစ်ယောက်ကနေ ကာမဂုဏ်ငါးပါး ချမ်းသာဟာ ဖောက်ပြန်ပျက်စီး တတ်တဲ့ ဒုက္ခ ဆင်းရဲတရားတွေနဲ့ ပြည့်နှက်နေတာမို့ ဝမ်းနည်းပူဆွေးစိတ်ဆင်းရဲခြင်းတွေ ဖြစ်နေတာကြောင့် ချမ်းသာစစ် မဟုတ်သေး။ ဝိတက်၊ ဝိစာရတို့နဲ့တကွဖြစ်ပြီး နီဝရဏတို့မှ ကင်းဆိတ်တဲ့ ရူပပထမဈာန်ချမ်းသာခံစားရတဲ့ အတ္တသာ၊ မျက်မှောက်နိဗ္ဗာန်လို့ အယူမှားခြင်း။ ၆၀။ အထက်ပါအယူရှိသူကို တခြားတစ်ယောက်ကနေ၊ ရူပပထမဈာန်မှာ ကြမ်းတမ်းတဲ့ ဝိတက်၊ ဝိစာရတရားတို့ ရှိနေခြင်းကြောင့်၊ ချမ်းသာစစ် မဟုတ်သေး။ ဝိတက်၊ ဝိစာရကိုလွန်မြောက်တဲ့ ဒုတိယဈာန် ခံစားရတဲ့ အတ္တသာ၊ မျက်မှောက်နိဗ္ဗာန်လို့ အယူမှားခြင်း။ ၆၁။ အထက်ပါအယူရှိသူကို တခြားတစ်ယောက်ကနေ ဒုတိယဈာန်မှာ ကြမ်းတမ်းတဲ့ နှစ်သက်ခြင်းပီတိ၊ စိတ်တက်ကြွခြင်း ရှိသေးတာကြောင့်၊ ချမ်းသာစစ် မဟုတ်သေး။ ပီတိကိုလွန်မြောက်ပြီး ကာယိကသုခ၊ စေတသိက သုခတို့နဲ့ ပြည့်စုံသော တတိယဈာန် ခံစားရတဲ့ အတ္တသာ၊ မျက်မှောက်နိဗ္ဗာန်လို့ အယူမှားခြင်း။ ၆၂။ အထက်ပါအယူရှိသူကို... တခြားတစ်ယောက်ကနေ တတိယဈာန်မှာ ကြမ်းတမ်းတဲ့ ချမ်းသာခြင်းသုခ ရှိသေးတာကြောင့်၊ ချမ်းသာစစ် မဟုတ်သေး။ သုခလည်းမရှိ၊ ဒုက္ခလည်းမရှိတဲ့ ထက်ဝန်းကျင်စင်ကြယ်ခြင်း၊ စတုတ္ထဈာန်ခံစားရတဲ့ အတ္တသာ၊ မျက်မှောက် နိဗ္ဗာန်လို့ အယူမှားခြင်းတို့ဘဲ ဖြစ်ပေ၏။ { ဒီဃနိကာယ - သုတ် သီလက္ခန် ပ } { ဗြဟ္မဇာလ သုတ္တန် } --------------------------------------------- ဤ ( ၆၂ )ပါးသော မိစ္ဆာဒိဋ္ဌိအယူတို့သည် သက္ကာယဒိဋ္ဌိ၌ အမြစ်တွယ် ပေါက်ဖွားကြလေ၏။ တနည်းအားဖြင့် သက္ကာယဒိဋ္ဌိသည် ( ၆၂ )မျိုးသောဒိဋ္ဌိတို့၏ ခေါင်းဆောင်ဖြစ်ပြီး၊ ခေါင်းဆောင် သက္ကာယဒိဋ္ဌိပြုတ်လျှင် ကျန်ဒိဋ္ဌိ အားလုံး အကြွင်းအကျန်မရှိ ပြုတ်လေ၏။ ``သောတာပတ္တိမဂ်သည်´´သက္ကာယဒိဋ္ဌိကို အနုသယပါ မကျန်အောင် ပယ်သတ်လေ၏။

Post a Comment

0 Comments