
စိတ်အကျဉ်း ၈၉ ပါး၊ အကျယ် ၁၂၁ ပါး
“အကုသိုလ်စိတ် ၁၂ ပါး”
‘လောဘမူစိတ် = လိုချင်မှုကို အခြေခံပြီး ဖြစ်တဲ့ စိတ် ၈-ပါး’
၁။ သူတစ်ပါး သားမယားကို လွန်ကျူးမှု၊ သူတစ်ပါး ပစ္စည်းကို မတရားယူမှုတွေကို အပြစ်မရှိဘူးလို့ ယူဆပြီး၊ သူတစ်ပါး မတိုက်တွန်းဘဲ မိမိကိုယ်တိုင် ဝမ်းမြောက်ဝမ်းသာ ပြုလုပ်တယ်။ အဲဒီအခါ ဖြစ်တဲ့ စိတ် (ပထမ လောဘမူ စိတ်)။
၂။ အပြစ်မရှိဘူးလို့ ယူဆတယ်။ ဒါကြောင့် သူတစ်ပါး တိုက်တွန်းလို့ ဝမ်းမြောက်ဝမ်းသာ ပြုလုပ်တယ်။ အဲဒီအခါ ဖြစ်တဲ့ စိတ် (ဒုတိယ လောဘမူ စိတ်)။
၃။ အပြစ်ရှိတယ်ဆိုတာ သိတယ်။ သူတစ်ပါးက မတိုက်တွန်းရဘဲ မိမိကိုယ်တိုင်လဲ ဝမ်းမြောက်ဝမ်းသာ ပြုလုပ်တယ်။ အဲဒီအခါ ဖြစ်တဲ့ စိတ် (တတိယ လောဘမူ စိတ်)။
၄။ အပြစ်ရှိတယ်ဆိုတာတော့ သိတယ်။ ဒါပေမယ့် သူတစ်ပါးက တိုက်တွန်းလို့ ဝမ်းမြောက်ဝမ်းသာ ပြုလုပ်တယ်။ အဲဒီအခါ ဖြစ်တဲ့ စိတ် (စတုတ္ထ လောဘမူ စိတ်)။
၅။ အပြစ်မရှိဘူးလို့ ယူဆပြီး သူတစ်ပါးက မတိုက်တွန်းရဘဲ မိမိကိုယ်တိုင် သာမန်စိတ် (အလယ်အလတ် ခံစားမှု)နဲ့ ပြုလုပ်တယ်။ အဲဒီအခါ ဖြစ်တဲ့ စိတ် (ပဉ္စမ လောဘမူ စိတ်)။
၆။ အပြစ်မရှိဘူးလို့ ယူဆတယ်။ ဒါပေမယ့် သူတစ်ပါးက တိုက်တွန်းလို့ သာမန်စိတ် (အလယ်အလတ် ခံစားမှု)နဲ့ ပြုလုပ်တယ်။ အဲဒီအခါ ဖြစ်တဲ့ စိတ် (ဆဋ္ဌမ လောဘမူ စိတ်)။
၇။ အပြစ်ရှိတယ်ဆိုတာ သိတယ်။ သူတစ်ပါးက မတိုက်တွန်းရဘဲ မိမိကိုယ်တိုင်လဲ သာမန်စိတ် (အလယ်အလတ် ခံစားမှု)နဲ့ ပြုလုပ်တယ်။ အဲဒီအခါ ဖြစ်တဲ့ စိတ် (သတ္တမ လောဘမူ စိတ်)။
၈။ အပြစ်ရှိတယ်ဆိုတာ သိတယ်။ ဒါပေမယ့် သူတစ်ပါး တိုက်တွန်းလို့ သာမန်စိတ် (အလယ်အလတ် ခံစားမှု)နဲ့ ပြုလုပ်တယ်။ အဲဒီအခါ ဖြစ်တဲ့ စိတ် (အဋ္ဌမ လောဘမူ စိတ်)။
‘ဒေါသမူစိတ် = စိတ်ဆိုးမှုကို အခြေခံဖြစ်တဲ့ စိတ် ၂-ပါး’
၁။ အသက်သတ်တဲ့အခါ၊ သူတစ်ပါးကို ပျက်စီးစေရန် ကြံစည်တဲ့အခါ၊ ရိုင်းစိုင်း ကြမ်းတမ်းစွာ ပြောဆိုတာတွေကို သူတစ်ပါး မတိုက်တွန်းဘဲ မိမိကိုယ်တိုင် စိတ်ပါလက်ပါ လုပ်တယ်။ အဲဒီအခါ ဖြစ်တဲ့ စိတ် (ပထမ ဒေါသမူ စိတ်)။
၂။ သူတစ်ပါးက တိုက်တွန်းလို့ အဲဒီအလုပ်တွေကို မလုပ်ချင် လုပ်ချင်နဲ့ ပြုလုပ်တယ်။ အဲဒီအခါ ဖြစ်တဲ့ စိတ် (ဒုတိယ ဒေါသမူ စိတ်)။
‘မောဟမူစိတ် = အမှန်မသိမှုကို အခြေခံပြီး ဖြစ်တဲ့ စိတ် ၂-ပါး’
၁။ သာမန် (အလယ်အလတ် ခံစားမှု) သဘောရှိပြီး အမှန်တရားကိုပင် ယုံမှား သံသယဖြစ်တဲ့ စေတသိက်(ဝိစိကိစ္ဆာ)နဲ့အတူ ဖြစ်တဲ့ စိတ် (ပထမ မောဟမူ စိတ်)။
၂။ သာမန် (အလယ်အလတ် ခံစားမှု) သဘောရှိပြီး ပျံ့လွင့်မှုသဘော(ဥဒ္ဓစ္စ) စေတသိက်နဲ့ အတူဖြစ်တဲ့ စိတ် (ဒုတိယ မောဟမူ စိတ်)။
“အဟိတ်စိတ် ၁၈-ပါး”
အဟိတ်စိတ် (ဟိတ်လို့ အမည်ရတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ သဘောတရားတွေနဲ့ အတူ မဖြစ်တဲ့ စိတ်)
‘အဟိတ် အကုသလဝိပါက်စိတ် ၇-ပါး’
မကောင်းမှုရဲ့ အကျိုးဆက်ဖြစ်တဲ့ စိတ် (အကုသလ ဝိပါက်စိတ်)
သာမန် (အလယ်အလတ် ခံစားမှု) ရှိတဲ့ -
၁။ မနှစ်သက်စရာ ရုပ်အဆင်းကို မြင်သိစိတ် (စက္ခုဝိညာဉ် စိတ်)။
၂။ မနှစ်သက်စရာ အသံကို ကြားသိစိတ် (သောတဝိညာဉ် စိတ်)။
၃။ မနှစ်သက်စရာ အနံ့ကို နံသိစိတ် (ဃာနဝိညာဉ် စိတ်)။
၄။ မနှစ်သက်စရာ အရသာကို သိစိတ် (ဇိဝှါဝိညာဉ် စိတ်)။
၅။ မနှစ်သက်စရာ အာရုံကို လက်ခံတဲ့ စိတ် (သမ္ပဋိစ္ဆိုင်း စိတ်)။
၆။ မနှစ်သက်စရာ အာရုံကို စုံစမ်းစိတ် (သန္တီရဏ စိတ်)။
၇။ မနှစ်မြို့ဖွယ် ခံစားမှုနဲ့အတူ ဖြစ်တဲ့ အတွေ့အထိကို ခံစားစိတ် (ဒုက္ခသဟဂုတ် ကာယဝိညာဉ် စိတ်)။
‘အဟိတ်ကုသလဝိပါက်စိတ် ၈-ပါး’
ကောင်းမှုရဲ့ အကျိုးဆက်ဖြစ်တဲ့ စိတ် (အဟိတ် ကုသလဝိပါက်စိတ်)
အလယ်အလတ် ခံစားမှုရှိတဲ့ -
၁။ ကောင်းတဲ့ အာရုံကို မြင်တဲ့အခါ ဖြစ်တဲ့ မြင်သိစိတ် (စက္ခုဝိညာဉ် စိတ်)။
၂။ ကောင်းတဲ့ အသံကို ကြားတဲ့အခါ ဖြစ်တဲ့ ကြားသိစိတ် (သောတဝိညာဉ် စိတ်)။
၃။ ကောင်းတဲ့ အနံ့ကို နံတဲ့အခါ ဖြစ်တဲ့ နံသိစိတ် (ဃာနဝိညာဉ် စိတ်)။
၄။ ကောင်းတဲ့ အစားအစာကို စားတဲ့အခါ ဖြစ်တဲ့ စားသိစိတ်၊ အရသာခံစိတ် (ဇိဝှါဝိညာဉ် စိတ်)။
၅။ ကောင်းတဲ့ အာရုံကို လက်ခံတဲ့ စိတ် (သမ္ပဋိစ္ဆိုင်း စိတ်)။
၆။ ကောင်းတဲ့ အာရုံကို စုံစမ်းတဲ့ စိတ် (ဥပေက္ခာသဟဂုတ် သန္တီရဏ စိတ်)။
၇။ နှစ်သက်ဝမ်းမြောက်စွာနဲ့ ကောင်းတဲ့ အာရုံကို စုံစမ်းတဲ့ စိတ် (သောမနဿသဟဂုတ် သန္တီရဏ စိတ်)။
၈။ ချမ်းသာမှု သဘောရှိတဲ့ ကောင်းတဲ့ အရာကို ထိသိစိတ် (သုခသဟဂုတ် ကာယဝိညာဉ် စိတ်)။
‘အဟိတ်ကြိယာစိတ် ၃-ပါး’
သာမန် (အလယ်အလတ် ခံစားမှု)နဲ့အတူ ဖြစ်တဲ့ -
၁။ ပဉ္စဒွါရာဝဇ္ဇန်း စိတ်။
၂။ မနောဒွါရာဝဇ္ဇန်း စိတ်။
၃။ နှစ်သက် ဝမ်းမြောက်မှု ရှိတဲ့ ဟသိတုပ္ပါဒ် စိတ်။
“ကာမသောဘနစိတ် ၂၄-ပါး”
‘ကာမာဝစရကုသိုလ်စိတ်၊ မဟာကုသိုလ်စိတ် ၈-ပါး’
၁။ အလှူပေးခြင်း စတဲ့ ကောင်းမှုတစ်ခုခုကို သူတစ်ပါးက မတိုက်တွန်းရဘဲ မိမိကိုယ်တိုင် ဉာဏ်နဲ့ယှဉ်ပြီး ဝမ်းမြောက်စွာ ပြုလုပ်တယ်။ အဲဒီအခါဖြစ်တဲ့ ကုသိုလ်စိတ် (ပထမ ကာမကုသိုလ်စိတ်)။
၂။ သူတစ်ပါးက တိုက်တွန်းလို့ ဉာဏ်နဲ့ယှဉ်ပြီး ဝမ်းမြောက်စွာ ပြုလုပ်တယ်။ အဲဒီအခါ ဖြစ်တဲ့ ကုသိုလ်စိတ် (ဒုတိယ ကာမကုသိုလ်စိတ်)။
၃။ သူတစ်ပါးက မတိုက်တွန်း၊ ဒါပေမယ့် မိမိကိုယ်တိုင် လုပ်တဲ့အခါ ဉာဏ်နဲ့ မယှဉ်ဘဲ ဝမ်းမြောက်စွာ ပြုလုပ်တယ်။ အဲဒီအခါ ဖြစ်တဲ့ ကုသိုလ်စိတ် (တတိယ ကာမကုသိုလ်စိတ်)။
၄။ သူတစ်ပါးက တိုက်တွန်းလို့ ဝမ်းမြောက်စွာ ပြုလုပ်တယ်။ ဒါပေမယ့် ဉာဏ်မပါဘူး။ အဲဒီအခါ ဖြစ်တဲ့ ကုသိုလ်စိတ် (စတုတ္ထ ကာမကုသိုလ်စိတ်)။
၅။ သူတစ်ပါးက မတိုက်တွန်းရဘဲ မိမိကိုယ်တိုင် ဉာဏ်နဲ့ ယှဉ်ပြီး သာမန် အလယ်အလတ် ခံစားမှုစိတ်နဲ့ ပြုလုပ်တယ်။ အဲဒီအခါ ဖြစ်တဲ့ ကုသိုလ်စိတ် (ပဉ္စမ ကာမကုသိုလ်စိတ်)။
၆။ သူတစ်ပါးက တိုက်တွန်းလို့ သာမန် အလယ်အလတ် ခံစားမှုစိတ်နဲ့ ပြုလုပ်တယ်။ ဒါပေမယ့် ဉာဏ်နဲ့ ယှဉ်တယ်။ အဲဒီအခါ ဖြစ်တဲ့ ကုသိုလ်စိတ် (ဆဋ္ဌမ ကာမကုသိုလ်စိတ်)။
၇။ သူတစ်ပါးက မတိုက်တွန်း၊ ဒါပေမယ့် မိမိကိုယ်တိုင် လုပ်တဲ့အခါ ဉာဏ်နဲ့ မယှဉ်ဘဲ သာမန် အလယ်အလတ် ခံစားမှု စိတ်နဲ့ ပြုလုပ်တယ်။ အဲဒီအခါ ဖြစ်တဲ့ ကုသိုလ်စိတ် (သတ္တမ ကာမကုသိုလ်စိတ်)။
၈။ သူတစ်ပါးက တိုက်တွန်းလို့ သာမန် အလယ်အလတ် ခံစားမှုစိတ်နဲ့ ပြုလုပ်တယ်။ ဒါပေမယ့် ဉာဏ်မပါဘူး။ အဲဒီအခါ ဖြစ်တဲ့ ကုသိုလ်စိတ် (အဋ္ဌမ ကာမကုသိုလ်စိတ်)။
ဒီ ကာမကုသိုလ်စိတ်ကိုပဲ “မဟာကုသိုလ်စိတ်”လို့ ခေါ်သေးတယ်။
အကြောင်းက ရူပကုသိုလ်စိတ်၊ အရူပကုသိုလ်စိတ်တွေထက် အရေအတွက် များလို့ပဲ။ ရူပကုသိုလ်စိတ်က ၅-ခု ရှိပြီး၊ အရူပကုသိုလ်စိတ်က ၄-ခုပဲ ရှိတယ်။
‘ကာမာဝစရဝိပါက်စိတ်၊ မဟာဝိပါက်စိတ် ၈-ပါး’
၁။ အလှူပေးခြင်း စတဲ့ ကောင်းမှုတစ်ခုခုကို သူတစ်ပါးက မတိုက်တွန်းရဘဲ မိမိကိုယ်တိုင် ဉာဏ်နဲ့ ယှဉ်ပြီး ဝမ်းမြောက်စွာ ပြုလုပ်တယ်။ အဲဒီစိတ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ (ဝိပါက်)စိတ် (ပထမ ကာမဝိပါက်စိတ်)။
၂။ သူတစ်ပါး တိုက်တွန်းလို့ ဉာဏ်နဲ့ ယှဉ်ပြီး ဝမ်းမြောက်စွာ ပြုတယ်။ အဲဒီစိတ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ (ဝိပါက်)စိတ် (ဒုတိယ ကာမဝိပါက်စိတ်)။
၃။ သူတစ်ပါးက မတိုက်တွန်း၊ ဒါပေမယ့် မိမိကိုယ်တိုင် လုပ်တဲ့အခါ ဉာဏ်နဲ့ မယှဉ်ဘဲ ဝမ်းမြောက်စွာ ပြုလုပ်တယ်။ အဲဒီစိတ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ (ဝိပါက်)စိတ် (တတိယ ကာမဝိပါက်စိတ်)။
၄။ သူတစ်ပါးက တိုက်တွန်းလို့ ဝမ်းမြောက်စွာ ပြုလုပ်တယ်။ ဒါပေမယ့် ဉာဏ်မပါဘူး။ အဲဒီစိတ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ (ဝိပါက်)စိတ် (စတုတ္ထ ကာမဝိပါက်စိတ်)။
၅။ သူတစ်ပါးက မတိုက်တွန်းရဘဲ မိမိကိုယ်တိုင် ဉာဏ်နဲ့ ယှဉ်ပြီး သာမန် အလယ်အလတ် ခံစားမှုစိတ်နဲ့ ပြုလုပ်တယ်။ အဲဒီစိတ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ (ဝိပါက်)စိတ် (ပဉ္စမ ကာမဝိပါက်စိတ်)။
၆။ သူတစ်ပါးက တိုက်တွန်းလို့ သာမန် အလယ်အလတ် ခံစားမှုစိတ်နဲ့ ပြုလုပ်တယ်။ ဒါပေမယ့် ဉာဏ်နဲ့ ယှဉ်တယ်။ အဲဒီစိတ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ (ဝိပါက်)စိတ် (ဆဋ္ဌမ ကာမဝိပါက်စိတ်)။
၇။ သူတစ်ပါးက မတိုက်တွန်း၊ ဒါပေမယ့် မိမိကိုယ်တိုင် လုပ်တဲ့အခါ ဉာဏ်နဲ့ မယှဉ်ဘဲ သာမန် အလယ်အလတ် ခံစားမှုနဲ့ ပြုလုပ်တယ်။ အဲဒီစိတ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ (ဝိပါက်)စိတ် (သတ္တမ ကာမဝိပါက်စိတ်)။
၈။ သူတစ်ပါးက တိုက်တွန်းလို့ သာမန် အလယ်အလတ် ခံစားမှုစိတ်နဲ့ ပြုလုပ်တယ်။ ဒါပေမယ့် ဉာဏ်မပါဘူး။ အဲဒီစိတ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ (ဝိပါက်)စိတ် (အဋ္ဌမ ကာမဝိပါက်စိတ်)။
‘ကာမာဝစရကြိယာစိတ်၊ မဟာကြိယာစိတ် ၈-ပါး’
၁။ အလှူပေးခြင်းစတဲ့ ကောင်းမှုတစ်ခုခုကို သူတစ်ပါးက မတိုက်တွန်းရဘဲ မိမိကိုယ်တိုင် ဉာဏ်နဲ့ ယှဉ်ပြီး ဝမ်းမြောက်စွာ ပြုလုပ်တယ်။ ပြုလုပ်ရုံသက်သက်ပဲ ဖြစ်ပြီး အကျိုးမပေးတော့တဲ့ စိတ် (ပထမ ကာမကြိယာစိတ်)။
၂။ သူတစ်ပါးက တိုက်တွန်းလို့ ဉာဏ်နဲ့ ယှဉ်ပြီး ဝမ်းမြောက်စွာ ပြုလုပ်တယ်။ အဲဒီအခါ ဖြစ်တဲ့ ကြိယာစိတ် (ဒုတိယ ကာမကြိယာစိတ်)။
၃။ သူတစ်ပါးက မတိုက်တွန်း၊ ဒါပေမယ့် မိမိကိုယ်တိုင် လုပ်တဲ့အခါ ဉာဏ်နဲ့ မယှဉ်ဘဲ ဝမ်းမြောက်စွာ ပြုလုပ်တယ်။ အဲဒီအခါဖြစ်တဲ့ ကြိယာစိတ် (တတိယ ကာမကြိယာစိတ်)။
၄။ သူတစ်ပါးက တိုက်တွန်းလို့ ဝမ်းမြောက်စွာ ပြုလုပ်တယ်။ ဒါပေမယ့် ဉာဏ်မပါဘူး။ အဲဒီအခါ ဖြစ်တဲ့ ကြိယာစိတ် (စတုတ္ထ ကာမကြိယာစိတ်)။
၅။ သူတစ်ပါးက မတိုက်တွန်းရဘဲ မိမိကိုယ်တိုင် ဉာဏ်နဲ့ ယှဉ်ပြီး သာမန် အလယ်အလတ် ခံစားမှုစိတ်နဲ့ ပြုလုပ်တယ်။ အဲဒီအခါ ဖြစ်တဲ့ ကြိယာစိတ် (ပဉ္စမ ကာမကြိယာစိတ်)။
၆။ သူတစ်ပါးက တိုက်တွန်းလို့ သာမန် အလယ်အလတ် ခံစားမှုစိတ်နဲ့ ပြုလုပ်တယ်။ ဒါပေမယ့် ဉာဏ်နဲ့ ယှဉ်တယ်။ အဲဒီအခါ ဖြစ်တဲ့ ကြိယာစိတ် (ဆဋ္ဌမ ကာမကြိယာစိတ်)။
၇။ သူတစ်ပါးက မတိုက်တွန်း၊ ဒါပေမယ့် မိမိကိုယ်တိုင် လုပ်တဲ့အခါ ဉာဏ်နဲ့ မယှဉ်ဘဲ သာမန် အလယ်အလတ် ခံစားမှုစိတ်နဲ့ ပြုလုပ်တယ်။ အဲဒီအခါ ဖြစ်တဲ့ ကြိယာစိတ် (သတ္တမ ကာမကြိယာစိတ်)။
၈။ သူတစ်ပါးက တိုက်တွန်းလို့ သာမန် အလယ်အလတ် ခံစားမှုစိတ်နဲ့ ပြုလုပ်တယ်။ ဒါပေမယ့် ဉာဏ်မပါဘူး။ အဲဒီအခါ ဖြစ်တဲ့ ကြိယာစိတ် (အဋ္ဌမ ကာမကြိယာစိတ်)။
“ရူပါဝစရစိတ် ၁၅-ပါး”
‘ရူပကုသိုလ်စိတ် ၅-ပါး’
၁။ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာဆိုတဲ့ ဈာန်အင်္ဂါ ငါးပါးနဲ့အတူ ဖြစ်တဲ့ ကုသိုလ်စိတ် (ရူပ ပထမဈာန် ကုသိုလ်စိတ်)။
၂။ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာဆိုတဲ့ ဈာန်အင်္ဂါ လေးပါးနဲ့အတူ ဖြစ်တဲ့ ကုသိုလ်စိတ် (ရူပ ဒုတိယဈာန် ကုသိုလ်စိတ်)။
၃။ ပီတိ၊ သုခ၊ ဧကဂ္ဂတာဆိုတဲ့ ဈာန်အင်္ဂါ သုံးပါးနဲ့အတူ ဖြစ်တဲ့ ကုသိုလ်စိတ် (ရူပ တတိယဈာန် ကုသိုလ်စိတ်)။
၄။ သုခ၊ ဧကဂ္ဂတာ ဆိုတဲ့ ဈာန်အင်္ဂါ နှစ်ပါးနဲ့အတူ ဖြစ်တဲ့ ကုသိုလ်စိတ် (ရူပ စတုတ္ထဈာန် ကုသိုလ်စိတ်)။
၅။ ဥပေက္ခာ၊ ဧကဂ္ဂတာ ဆိုတဲ့ ဈာန်အင်္ဂါ နှစ်ပါးနဲ့အတူ ဖြစ်တဲ့ ကုသိုလ်စိတ် (ရူပ ပဉ္စမဈာန် ကုသိုလ်စိတ်)။
‘ရူပဝိပါက်စိတ် ၅-ပါး’
၁။ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဆိုတဲ့ ဈာန်အင်္ဂါ ငါးပါးနဲ့အတူ ဖြစ်တဲ့ ကုသိုလ်စိတ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ (ဝိပါက်)စိတ် (ရူပ ပထမဈာန် ဝိပါက်စိတ်)။
၂။ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဆိုတဲ့ ဈာန်အင်္ဂါ လေးပါးနဲ့အတူ ဖြစ်တဲ့ ကုသိုလ်စိတ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ (ဝိပါက်)စိတ် (ရူပ ဒုတိယဈာန် ဝိပါက်စိတ်)။
၃။ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဆိုတဲ့ ဈာန်အင်္ဂါ သုံးပါးနဲ့အတူ ဖြစ်တဲ့ ကုသိုလ်စိတ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ (ဝိပါက်)စိတ် (ရူပ တတိယဈာန် ဝိပါက်စိတ်)။
၄။ သုခ၊ ဧကဂ္ဂတာ ဆိုတဲ့ ဈာန်အင်္ဂါ နှစ်ပါးနဲ့အတူ ဖြစ်တဲ့ ကုသိုလ်စိတ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ (ဝိပါက်)စိတ် (ရူပ စတုတ္ထဈာန် ဝိပါက်စိတ်)။
၅။ ဥပေက္ခာ၊ ဧကဂ္ဂတာ ဆိုတဲ့ ဈာန်အင်္ဂါ နှစ်ပါးနဲ့အတူ ဖြစ်တဲ့ ကုသိုလ်စိတ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ (ဝိပါက်)စိတ် (ရူပ ပဉ္စမဈာန် ဝိပါက်စိတ်)။
‘ရူပကြိယာစိတ် ၅-ပါး’
၁။ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဆိုတဲ့ ဈာန်အင်္ဂါ ငါးပါးနဲ့အတူ ဖြစ်တဲ့ ပြုလုပ်ရုံသက်သက်ပဲဖြစ်ပြီး အကျိုးမပေးတော့တဲ့ စိတ် (ရူပ ပထမဈာန် ကြိယာစိတ်)။
၂။ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဆိုတဲ့ ဈာန်အင်္ဂါ လေးပါးနဲ့အတူ ဖြစ်တဲ့ ကြိယာစိတ် (ရူပ ဒုတိယဈာန် ကြိယာစိတ်)။
၃။ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဆိုတဲ့ ဈာန်အင်္ဂါ သုံးပါးနဲ့အတူ ဖြစ်တဲ့ ကြိယာစိတ် (ရူပ တတိယဈာန် ကြိယာစိတ်)။
၄။ သုခ၊ ဧကဂ္ဂတာ ဆိုတဲ့ ဈာန်အင်္ဂါ နှစ်ပါးနဲ့အတူ ဖြစ်တဲ့ ကြိယာစိတ် (ရူပ စတုတ္ထဈာန် ကြိယာစိတ်)။
၅။ ဥပေက္ခာ၊ ဧကဂ္ဂတာ ဆိုတဲ့ ဈာန်အင်္ဂါ နှစ်ပါးနဲ့အတူ ဖြစ်တဲ့ ကြိယာစိတ် (ရူပ ပဉ္စမဈာန် ကြိယာစိတ်)။
“အရူပါဝစရစိတ် ၁၂-ပါး”
‘အရူပကုသိုလ်စိတ် ၄-ပါး’
အရူပါဝစရစိတ်တွေက ပဉ္စမဈာန်စိတ် အမျိုးအစားမှာ ပါတယ်။
‘အရူပါဝစရ ကုသိုလ်ကံ’ဆိုတာ အပ္ပနာဈာန်ကိုရောက်တဲ့ ဘာဝနာကြောင့် ဖြစ်တဲ့ မနောကံ တစ်မျိုးပဲ။
အရူပကုသိုလ်စိတ်ဟာ ကောင်းကင်ပညတ် စတဲ့ အာရုံ အမျိုးအစားအပေါ် မူတည်ပြီး လေးမျိုး ကွဲပြားတယ်။
၁။ ကောင်းကင်ပညတ်ကို အာရုံပြုပြီး ဖြစ်တဲ့ အာကာသာနဉ္စာယတနကုသိုလ်စိတ်။
၂။ အာကာသာနဉ္စာယတနဈာန်စိတ်ကို အာရုံပြုပြီး ဖြစ်တဲ့ ဝိညာဏဉ္စာယတနကုသိုလ်စိတ်။
၃။ နတ္ထိဘာဝပညတ်ကို အာရုံပြုပြီး ဖြစ်တဲ့ အာကာကိဉ္စညာယတနကုသိုလ်စိတ်။
၄။ အာကာကိဉ္စညာယတနဈာန်စိတ်ကို အာရုံပြုပြီး ဖြစ်တဲ့ နေဝသညာနာသညာယတနကုသိုလ်စိတ်။
‘အရူပဝိပါက်စိတ် ၄-ပါး’
၁။ ကောင်းကင်ပညတ်ကို အာရုံပြုပြီး ဖြစ်တဲ့ အာကာသာနဉ္စာယတနစိတ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ (ဝိပါက်)စိတ်။
၂။ အာကာသာနဉ္စာယတနဈာန်စိတ်ကို အာရုံပြုပြီး ဖြစ်တဲ့ ဝိညာဏဉ္စာယတနစိတ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ (ဝိပါက်)စိတ်။
၃။ နတ္ထိဘာဝပညတ်ကို အာရုံပြုပြီး ဖြစ်တဲ့ အာကာကိဉ္စာညာယတနစိတ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ (ဝိပါက်)စိတ်။
၄။ အာကာကိဉ္စညာယတနဈာန်စိတ်ကို အာရုံပြုပြီး ဖြစ်တဲ့ နေဝသညာနာသညာယတနစိတ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ (ဝိပါက်)စိတ်။
‘အရူပကြိယာစိတ် ၄-ပါး’
၁။ ကောင်းကင်ပညတ်ကို အာရုံပြုပြီး ဖြစ်တဲ့ အာကာသာနဉ္စာယတနကြိယာစိတ်။
၂။ အာကာသာနဉ္စာယတနဈာန်စိတ်ကို အာရုံပြုပြီး ဖြစ်တဲ့ ဝိညာဏဉ္စာယတနကြိယာစိတ်။
၃။ နတ္ထိဘာဝပညတ်ကို အာရုံပြုပြီး ဖြစ်တဲ့ အာကာကိဉ္စညာယတနကြိယာစိတ်။
၄။ အာကာကိဉ္စညာယတနဈာန်စိတ်ကို အာရုံပြုပြီး ဖြစ်တဲ့ နေဝသညာနာသညာယတနကြိယာစိတ်။
“လောကုတ္တရာစိတ် ၈-ပါး”
‘မဂ်စိတ်’၊ ‘လောကုတ္တရာကုသိုလ်စိတ် ၄-ပါး’
၁။ သောတာပတ္တိ မဂ်စိတ်။
၂။ သကဒါဂါမိ မဂ်စိတ်။
၃။ အနာဂါမိ မဂ်စိတ်။
၄။ အရဟတ္တ မဂ်စိတ်။
‘ဖိုလ်စိတ်’၊ ‘လောကုတ္တရာဝိပါက်စိတ်’ ၄-ပါး (မဂ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ စိတ်)
၁။ သောတာပတ္တိ ဖိုလ်စိတ် (သောတာပတ္တိမဂ်စိတ်ရဲ့နောက် တစ်ဆက်တည်းဖြစ်တဲ့ သောတပတ္တိမဂ်စိတ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ ဝိပါက်စိတ်)။
၂။ သကဒါဂါမိ ဖိုလ်စိတ်။
၃။ အနာဂါမိ ဖိုလ်စိတ်။
၄။ အရဟတ္တ ဖိုလ်စိတ်။
“လောကုတ္တရာစိတ် အကျယ် ၄၀”
မဂ်စိတ်လေးပါးနဲ့ ဖိုလ်စိတ်လေးပါးကို “လောကုတ္တရာစိတ် ၈-ပါး”လို့ ခေါ်တယ်။
ဒီလောကုတ္တရာစိတ် ၈-ပါးကို ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်တွေနဲ့ မြှောက်ပွားလိုက်ရင် (၈x၅=၄၀) လောကုတ္တရာစိတ် လေးဆယ် ဖြစ်တယ်။
ဥပမာ - သောတာပတ္တိမဂ်စိတ် (၅)ပါး။
၁။ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဆိုတဲ့ ဈာန်အင်္ဂါ ငါးပါးနဲ့အတူ ဖြစ်တဲ့ ပထမဈာန် သောတာပတ္တိမဂ်စိတ်။
၂။ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဆိုတဲ့ ဈာန်အင်္ဂါ လေးပါးနဲ့အတူ ဖြစ်တဲ့ ဒုတိယဈာန် သောတာပတ္တိမဂ်စိတ်။
၃။ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဆိုတဲ့ ဈာန်အင်္ဂါ သုံးပါးနဲ့အတူ ဖြစ်တဲ့ တတိယဈာန် သောတာပတ္တိမဂ်စိတ်။
၄။ သုခ၊ ဧကဂ္ဂတာ ဆိုတဲ့ ဈာန်အင်္ဂါ နှစ်ပါးနဲ့အတူ ဖြစ်တဲ့ စတုတ္ထဈာန် သောတာပတ္တိမဂ်စိတ်။
၅။ ဥပေက္ခာ၊ ဧကဂ္ဂတာ ဆိုတဲ့ ဈာန်အင်္ဂါ နှစ်ပါးနဲ့အတူ ဖြစ်တဲ့ ပဉ္စမဈာန် သောတာပတ္တိမဂ်စိတ်။
ဒီလိုပဲ ကျန်တဲ့ သကဒါဂါမိမဂ်စိတ်၊ အနာဂါမိမဂ်စိတ်၊ အရဟတ္တမဂ်စိတ်၊ သောတာပတ္တိဖိုလ်စိတ်၊ သကဒါဂါမိဖိုလ်စိတ်၊ အနာဂါမိဖိုလ်စိတ်၊ အရဟတ္တဖိုလ်စိတ်တွေမှာလဲ ဈာန်အင်္ဂါ ငါးပါးစီ ဖြစ်နိုင်တယ်။
0 Comments