Advertisement

Responsive Advertisement

ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ နေ့စဉ်လုပ်ဆောင်ရမယ့် တာဝန်


"ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ နေ့စဉ်လုပ်ဆောင်ရမယ့် တာဝန်" တွေကဘာလည်း?

ဘုရားရှင် ဟောကြားထားသည့် တရားတော်များကို သက်ဝင်ယုံကြည် လိုက်နာသူကို ဗုဒ္ဓဘာသာဝင် ဟု ခေါ်ဆိုသည်။ ဗုဒ္ဓဘာသာဝင် တစ်ဦးသည် အမည်ခံရုံမျှ မဟုတ်ဘဲ အမှန်တကယ် ဗုဒ္ဓ အဆုံးအမတော်များကို လက်တွေ့လိုက်နာ ကျင့်သုံးရပေမည်။ သို့မှသာ ဗုဒ္ဓဘာသာဝင် စစ်စစ် ဖြစ်ပေမည်၊ လူ့ဘဝသည် ရခဲလှသည်။ အပါယ်လေးဘုံသည် ဒုက္ခမျိုးစုံကိုသာ ခံစားနေရ၍ ဒါန သီလ ဘာဝနာ တရားများ မပြုလုပ်နိုင်ပေ၊ နတ်ပြည် ဗြဟ္မာပြည်များသည် သုခမျိုးစုံကိုသာ ခံစားရ၍ ကုသိုလ်ပြုလုပ်ရန် မေ့လျော့နိုင်သည်၊ ဒါန သီလ ဘာဝနာ ပြုလုပ်ရန် မလွယ်ကူချေ၊ လူ့ဘဝသည်သာ ဒုက္ခ သုခ ရောနှောနေ၍ မိမိ၏ အသိဉာဏ်နှင့် ယှဉ်ကာ ဒါန သီလ ဘာဝနာ တို့ကို ပြည့်စုံအောင် ဖြည့်ကျင့်ဆည်းပူးနိုင်ပြီး၊ သံသရာမှ လွတ်မြောက်အောင် ကြိုးပမ်း အားထုတ်နိုင်သည်။ ထို့ကြောင့် လူ့ဘဝသည် ရခဲသည်ဟု ဘုရားရှင် ဟောကြားခဲ့သည်။ ထိုသို့ ရခဲလှသော လူ့ဘဝကို ရခဲ့ကြ၍ ဘုရားရှင်၏ သာသနာတော်နှင့်လည်း ကြုံတွေ့ခဲ့ရပြီး ဘုရားရှင် ဟောကြားသည့် တရားတော်များကိုလည်း နာကြားရသည့် ရခဲလှသော ဘဝ အခိုက်အတန့်တွင် ဘုရားရှင်၏ အဆုံးအမ နည်းလမ်းများကို အမြဲမပြတ် လိုက်နာသင့်သည်။ ထိုသို့ လိုက်နာ ကျင့်ကြမှလည်း ဗုဒ္ဓဘာသာဝင် စစ်စစ် ဖြစ်ပေမည်။

ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်လာလျှင် အောက်ပါ ဘာသာရေးလုပ်ငန်း တာဝန်များကို ပညာဦးစီးသော ယုံကြည်မှုဖြင့် နေ့စဉ် ပြုလုပ်ရမည်။

ထိုတာဝန်များမှာ -

(က) ဘုရားရှိခိုးခြင်း

(ခ) မေတ္တာပို့ခြင်း

(ဂ) အမျှဝေခြင်း

(ဃ) အလှူဒါနပြုလုပ်ခြင်း

(င) သာသနာတော် တည်တံ့ပြန့်ပွားရေး ဆောင်ရွက်ခြင်း

(စ) လက္ခဏာရေး သုံးပါးဆင်ခြင်ခြင်း တို့ ဖြစ်သည်။

ဘုရားရှိခိုးခြင်း ဟူသည်မှာ ဘုရား တရား သံဃာ ရတနာသုံးပါး တို့၏ ဂုဏ်ကျေးဇူးများကို နှလုံးသွင်း ရွတ်ဆို၍ ထိခြင်းငါးပါးဖြင့် ရိုသေစွာ ရှိခိုးခြင်း ဖြစ်သည်။

မေတ္တာပို့ခြင်း ဟူသည်မှာ အများသတ္တဝါတို့ကို ရည်စူး၍ ကြီးပွားချမ်းသာစေလိုသော စိတ်ကို ဖြစ်ပေါ်စေခြင်း၊ ပို့လွှတ်ခြင်း၊ ပွားများခြင်း တို့ဖြစ်သည်။

အမျှဝေခြင်း ဟူသည်မှာ မိမိပြုလုပ်ခဲ့သော ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ် တို့၏ အဖို့ဘာဂကို မိမိနှင့် အတူ အညီအမျှ ရနိုင်စေရန် သတ္တဝါအပေါင်းတို့အား အမျှ အမျှ အမျှ ဟု ပေးဝေခြင်း ဖြစ်ပါသည်။

အလှူဒါနပြုလုပ်ခြင်း ဟူသည်မှာ တစုံတခုသော ဝတ္ထုပစ္စည်းတို့ကို ဘုရား အစရှိသော အလှူခံပုဂ္ဂိုလ် တို့အား စေတနာ ပြဋ္ဌာန်း၍ လှူဒါန်းပေးကမ်းမှု ဖြစ်သည်။ ထိုလှူဒါန်းပေးကမ်းမှုသည် မြတ်စွာဘုရားနှင့် သံဃာတော်တို့အား ဆွမ်းတော်ကပ်လှူခြင်း၊ ရေချမ်းကပ်လှူခြင်း၊ ပန်းနံ့သာ ကပ်လှူခြင်း၊ ဆီမီး ကပ်လှူခြင်း၊ ပိဏ္ဍပါတ်ဆွမ်း လောင်းလှူခြင်း စသောအားဖြင့် အလှူဒါန အမျိုးမျိုး ရှိပါသည်။

သာသနာတော် တည်တံ့ပြန့်ပွားရေး ဆောင်ရွက်ခြင်း ဟူသည်မှာ မိမိကိုယ်၌လည်းကောင်း၊ သူတပါး သန္တန်၌ လည်းကောင်း မြတ်စွာဘုရား၏ အဆုံးအမတော် ဟူသော သာသနာတော်ကို တည်တံ့ ပြန့်ပွားအောင် ပြုလုပ်ဆောင်ရွက်ခြင်း ဖြစ်သည်။ အဆုံးအမ ဟူသည်မှာ ဒုစရိုက်များ မဖြစ်ပွားအောင် ဆောင်ရွက်ခြင်း သုစရိုက်တရားများ တိုးပွားအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။ ထိုဆောင်ရွက်ခြင်းသည် ဘာသာရေး အသင်းအဖွဲ့များ၌ ပါဝင်ဆောင်ရွက်ခြင်း၊ ပရိယတ္တိ စာသင်သားများအား ထောက်ပံ့ခြင်း၊ ဗုဒ္ဓဘာသာ စာပေပြန့်ပွားရေးအတွက် ဆောင်ရွက်ခြင်း၊ အိမ်တွင်းသာသနာပြု လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ ရပ်ရွာအတွင်း သာသနာပြု လုပ်ငန်းများ ဆောင်ရွက်ခြင်း စသည်တို့ ဖြစ်သည်။

လက္ခဏာရေးသုံးပါး ဆင်ခြင်ခြင်း ဟူသည်မှာ ပုဂ္ဂိုလ်သတ္တဝါ အမြင်ကို ကျော်လွန်ပြီး ရုပ်နာမ်အဖြစ် မြင်အောင် ရှုကာ ရုပ်နမ်တရားတို့၏ မမြဲ ဆင်းရဲ အတ္တမဟုတ် ဟု ရှုမြင်ခြင်း၊ သိခြင်း ဖြစ်သည်။

ဤသည်တို့မှာ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ နေ့စဉ် ဘာသာရေးလုပ်ငန်း တာဝန်များပင် ဖြစ်သည်။ နေ့စဉ်ပြုလုပ်ရာ၌ တစ်ကြိမ်မျှသာမဟုတ် စွမ်းအားရှိသလောက် အကြိမ်များစွာ ပြုလုပ်နိုင်လျှင် ပို၍ အကျိုး ရှိနိုင်ပါသည်။

ဗုဒ္ဓဘာသာတရားတော် အခြေခံအဆင့်

#သာသနာရေးဝန်ကြီးဌာန

Post a Comment

0 Comments