Advertisement

Responsive Advertisement

နိသီဒိုင် ခေါ် သုတ်နှီးသင်္ကန်း



ပျောက်ဆုံးနေသော သင်္ကန်းတစ်ထည်
~~~~~~~~~~~~~~~~~~~~~~
ရဟန်းတော်များ သုံးစွဲရန် ဘုရားမြတ်စွာခွင့်ပြုထားသော သင်္ကန်း ၉~မျိုးရှိ၏၊
၁။ သင်းပိုင်ခေါ် ခါးဝတ်သင်္ကန်း
၂။ အပေါ်ရုံသင်္ကန်း
၃။ ဒုကုဋ်သင်္ကန်းခေါ် နှစ်ထပ်သင်္ကန်း
၄။ အိပ်ရာခင်း
၅။ မျက်နှာသုတ်ပဝါ
၆။ ပရိက္ခရစောဠ ခေါ် အကြမ်းသုံး အဝတ်
၇။ နိသီဒိုင် ခေါ် သုတ်နှီးသင်္ကန်း
၈။ မိုးရေခံသင်္ကန်း
၉။ အနာလွှမ်းသင်္ကန်း
ဤသို့ မြတ်စွာဘုရားသည် သင်္ကန်း ၉~မျိုး ခွင့်ပြုထားသော်လည်း ယခုအခါ ရှေးခြောက်မျိုးကိုသာ တွေ့နိုင်၍ နောက် သုံးမျိုးသည် အသုံးအစွဲနည်းပါးကာ ပျောက်ဆုံးလျက် ရှိ၏။
သို့ဖြစ်၍ ပျောက်ဆုံးနေသော သင်္ကန်းသုံးထည်တွင် တစ်ခုအပါအဝင်ဖြစ်သော နိသီဒိုင် ခေါ် သုတ်နှီးသင်္ကန်းကို ပြန်လည် ဖော်ထုတ်သည့် အနေဖြင့် အများသူငါ သိစေနိုင်ရန် ဤ post ကို ရေးသားလိုက်ရပါသည်။
နိသီဒိုင်အသုံးပြုရခြင်း၏ ရည်ရွယ်ချက်

~~~~~~~~~~~~~~~~~~~~~~
ဤနိသီဒိုင်ကို မူလပညတ်တော်မူရခြင်း၏ အကြောင်းမှာ ရဟန်းများ မွန်မြတ်သော အစာကို စားကြပြီးနောက် တရားနှလုံးမသွင်းဘဲ အိပ်ပျော်ကြသည့်အခါ အိပ်မက်မက်၍ သုက်ထွက်သဖြင့် သင်္ကန်းလည်းပေ ကျောင်းအိပ်ရာ နေရာနှင့် ခန္ဓာကိုယ်လည်း ပေသောကြောင့် ထိုသင်္ကန်း ကျောင်း ကိုယ်ခန္ဓာများကို စောင့်ရှောက်ဖို့ရာ (မလူးမလဲဖို့ရာ) ပညတ်တော်မူရခြင်း ဖြစ်သည်၊ ထို့ကြောင့် နိသီဒိုင်ကို " သုက်နှီးသင်္ကန်း" ဟုလည်း ခေါ်ကြသည်။
နိသီဒိုင်သင်္ကန်း၏ အကြီးဆုံးပမာဏ
~~~~~~~~~~~~~~~~
ဘုရားရှင် အထွာဖြင့်
အလျား = ၂ ထွာ
အနံ = တစ်ထွာခွဲ
အမြိတ်အဆာ = တစ်ထွာ
ယခုခေတ် အထွာဖြင့်
အလျား = ၉ ~ထွာ
အနံ = ၆ ~ထွာ ၉ သစ်
အမြိတ်အဆာ = ၄~ ထွာခွဲ
"ရှင်စောတစ်ထွာ၊ မဇ် သုံးထွာ၊ တို့မှာ ခေါက်ချိုးတက်" နှင့် အညီ တွက်ပြထားခြင်း ဖြစ်၏။
နိသီဒိုင်ပြုလုပ်ပုံ
~~~~~~~~~~~
နိသီဒိုင်ချုပ်လိုသော ပိတ်စဖျင်စ တစ်ခုခုကို သတ်မှတ်ထားသော ပမာဏအတိုင်း ချုပ်သည့်အခါ တစ်ထွာလောက်သော အဆာကို မိမိလိုရာ တစ်ဖက်ဖက်က တက်၍ ၂~နေရာ၌ ခွဲထားလျက် ရှိစေရမည်၊ ထိုကဲ့သို့ ခွဲထားသည့်အခါ အမြိတ်အဆာသည် တစ်ခုနှင့် တစ်ခု မစပ်ဘဲ သုံးမြွှာကွဲလျက် ရှိနေလိမ့်မည်။ (ပုံကို ကြည့်ပါ)
အသုံးပြုပုံ
~~~~~~~~~
ဤနိသီဒိုင်ကို ယခုအခါ နေရာထိုင်ကဲ့သို့ ခင်း၍လည်း
ထိုင်နိုင်၏၊ ဆွမ်းစားသည့်အခါ တစ်ပိုင်းကို ခင်း၍ အမြိတ်အဆာကို တင်ပျဉ်ပေါ်၌တင်ကာ ဆွမ်းဟင်း အစက်များကိုလည်း ကာကွယ်နိုင်၏၊
အထူးအားဖြင့်ကား သင်းပိုင် အတွင်းမှ ရှေ့တည့်တည့်က ခံ၍ ဝတ်ဖို့ရန် ဖြစ်သည်။
ဝတ်သည့်အခါ အလယ်က အမြိတ်ကို ခါးတောင်းကျိုက်သလို နောက်ပို့၍ ကြိုးငယ်-သို့မဟုတ် တွယ်အပ်တို့ဖြင့် ချိတ်ဆွဲထားရမည်၊
ဆရာတို့ကား တင်ပါးဘက်က ဖုံး၍ အလယ်က အမြတ်ကို ပေါင်ကြားမှ ရှေ့သို့ပို့ကာ ဆီးခုံပေါ်မှာဖုံး၍ ကြိုးဖြင့်ချည်ထားပုံကို ပြကြသည်။
(ပါတိမောက်ဘာသာဋီကာ၊ ၃၅၆၊ ၃၅၇)





Post a Comment

0 Comments