ဇိနတ္ထပကာသနီကျမ်း ဖတ်ပြီး
အရက်သမားဦးဖိုးမြဟာ တောထွက်ပါသတဲ့
မြင်းမရှိတော့ အိမ်က နွားမကို ခွစီးပြီး ထွက်သတဲ့
သံလျက်မရှိတော့ ဓားမတိုကို ကိုင်ပြီး ထွက်သတဲ့
မောင်စံက သိဒ္ဓတ္ထနောက်ကို မြင်းမြီးဆွဲပြီး လိုက်သလို
အိမ်ကခွေးကို နွားမရဲ့ အမြီးမှာ ကြိုးနဲ့ချည်ပြီး သူ့နောက်ကို လိုက်စေသတဲ့
ညောင်ပင်မရှိတော့ ရွာထိပ်က ဇီးပင်ကို အမှီပြုသတဲ့
သျောင်ထုံးကို ဓားမတိုနဲ့ လှီးဖြတ်ပြီး ဘုရားဖြစ်မယ်ဆို
မြေမခပါစေနဲ့လို့ အပေါ်မြှောက်ပစ်ပြီး အဓိဌာန်တော့
သျောင်ဟာ ဇီးကိုင်းနဲ့ ငြိပြီး မြေသို့မကျဘူး တဲ့
နိမိတ်တွေကအစ တထေရာတည်း တူနေတော့
ဦးဖိုးမြဟာ သစ္စာတရားကို စ ရှာသတဲ့
အဲ့အချိန်မှာပဲ ဦးဖိုးမြမိန်းမ ဒေါ်ပုက ဦးဖိုးမြပျောက်လို့ စိတ်ပူပြီး လိုက်ရှာတော့ ဇီးပင်အောက်မှာ တွေ့သတဲ့
ကိုဖိုးမြ ဘာတွေ လျှောက်လုပ်နေတာလဲ လို့ ပြောတော့
ဦးဖိုးမြဟာ ဟယ် မာရ်နတ် နင်ဘယ်လောက်ဖျက်ဖျက်
ငါဟာ
ဘုရားမဖြစ်သမျှ ဤနေရာက မထတော့ပြီ လို့ ပြောလွှတ်လိုက်သတဲ့
ဒေါ်ပုလည်း စိတ်ညစ်ပြီး ရွာကလူတွေကို ဦးဖိုးမြကို ဖျောင်းဖျပေးဖို့ ပြောတော့
ဦးဖိုးမြနဲ့သောက်ဖော်သောက်ဖက် အရက်သမားလေးယောက်က
သူတို့ တာဝန်ယူတယ်လို့ ပြောပြီး
ဦးဖိုးမြ သစ္စာတရား ရှာရာ ဇီးပင်ကြီး ဘေးမှာ
အရက်ဝိုင်းဖွဲ့သောက်ကြသတဲ့
ဦးဖိုးမြ ကြားလောက်အောင် တဘောင်တွေဘာတွေ ဟစ်ကြသတဲ့
ရင့်မှာ တစ်ကျိပ် နုမှာ ငါးရာ
နောင်လာရှစ်သောင်း ဘုရားပေါင်းနောက်
ငါတို့လေးယောက် အစဉ်လိုက် ပွင့်တော်မူမယ်
ငါတို့ပွင့်ပြီးမှ ဦးဖိုးမြ ပွင့်မှာကွ လို့ အသံမြိုင်မြိုင် ဟစ်ကြွေးပြီး
ခွက်ချင်းတိုက်ကြသတဲ့
အဲ့အချိန်မှာပဲ ဦးဖိုးမြဟာ သစ္စာတရားကို စတွေ့တော့တာပါပဲ
ဟယ် ဒီအရက်သမားလေးယောက်ပွင့်ပြီးမှ ငါးဘုရားဖြစ်မယ်ဆိုတော့
ဘယ်နှသင်္ချေ ဘယ်နှကမ္ဘာလောက်တောင် ငါ ထပ်စောင့်ပေးရဦးမှာလဲ လို့ တွေးတောစိတ်ညစ်သွားပြီး
အရက်ပဲ ပြန်သောက်တာကောင်းပါတယ်ကွာလို့ ညည်းပြီး
သူ့နောင်တော် ဘုရားလောင်းလေးယောက်ရဲ့ အရက်ဝိုင်းထဲ တန်းရောက်သွားပါတော့သတဲ့
ရဟန်းတို့ ယောဂီတို့လည်း တရားကိုအပေါ်ယံလောက်ပဲ သိပြီး
ဦးဖိုးမြလို ထင်ရာလျှောက်မလုပ်ကြဖို့ ဦးဇင်း အနူးအညွတ်တိုက်တွန်းချင်ပါတယ်
(ဘုန်းဘုန်း ဒေါက်တာပညာသီဟာလင်္ကာရရဲ့ သြဝါဒအား မှတ်မိသလောက် ပြန်လည်ရေးပြမိခြင်း)
#Crd
0 Comments