ပထမသင်္ဂါယနာတင်ခြင်း
******************
သုံးလောကသင်းကျစ် ဓမ္မရာဇ်မှန်ကူဖြစ်တော်မူသော ဘုရားကိုယ်တော်မြတ်သည် ဘိုးတော်အဉ္ဇနမင်းကြီးဖြိုခွင်းသက္ကရာဇ် ၆၈ခုနှစ် ကဆုန်လပြည့်သောကြာနေ့တွင် ဖွားမြင်တော်မူ၍ ၁၀၃ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓဟူးနေ့၌ ဘုရားအဖြစ်သို့ရောက်ပြီးသော်
သက်တော်ရှစ်ဆယ်စေ့သဖြင့် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ နံနက်မိုးသောက်ယံတွင်
နိဗ္ဗာန်လားတော်မူ၍ အလောင်းတော်ကို လပြည့်ကျော်တစ်ဆယ့်နှစ်ရက် တနင်္ဂနွေနေ့
တေဇောဓာတ်လောင်သဖြင့် ထို့နောက် တသတ္တာကုန်သော် နယုန်လဆန်းငါးရက်နေ့ဝယ် ရှစ်ပြည်ထောင်သောမင်းတို့ ဓာတ်တော်ကိုဝေဖန်၍ ပြီးမြောက်သည်။
ရှင်မဟာကဿပ၏ ကြေညာချက်
……………………………
ထို့နေ့ပင် ရှင်မဟာကဿပလည်း သုဘဒ်ရဟန်းကြီးဆိုသောစကားကို နှလုံးထားတော်မူလျက် ဘုရားပရိနိဗ္ဗာန်စံယူခြင်းကိစ္စကြောင့်
စည်းဝေးလာသမျှသော သံဃာတော်ခုနစ်သိန်းတို့အား
ဓာတ်တော်ထားရာဇရပ်၌
တညီတညွတ်တည်းစည်းဝေးစေ၍ ဤသို့ ဆိုတော်မူသည် "ငါ့ရှင်တို့…ငါတို့ဆရာမြတ်
စွာဘုရားသည် ကြီးမားလှစွာသောမဟာကရုဏာစိတ်ဖြင့်
သတ္တဝါတို့အား အပါယ်ရွာတံခါးပိတ်အောင် သိက္ခာပုဒ်အများကို မိန့်ကြား
ပညတ်တော်မူပါသည်ကို မလိမ္မာသောလူ ရဟန်းတို့သည် ဆိုးသွမ်းသောစကားဖြင့်
ပယ်ရှားတွန်းလှန်ကြကုန်သည်။ ဘုရားလွန်ပြီဟု ထင်မှတ်ကြကုန်သည်။ ငါ့ရှင်တို့…ငါသည် ပါဝါပြည်မှ ဤကုသိနာရုံပြည်သို့ သံဃာငါးရာနှင့်တကွလာခဲ့ရာတွင်
ခရီးအကြား၌ တစ်ဦးသောအာဇီဝကသည် မန္ဒာရဝမည်သောပန်းကို
ဆောင်၍လာသည်ကိုမြင်သဖြင့် 'ငါ့ရှင်…သင်သည် ငါတို့ဆရာ
မြတ်စွာဘုရားကိုသိပါသလော'ဟု မေးသော် 'ကျွန်ုပ်သိပါ၏, သင်တို့ဆရာဂေါတမသည်ပရိနိဗ္ဗာန်လွန်၍ ယနေ့ခုနစ်ရက်ရှိပြီ, ဤပန်းကား ရှင်ဂေါတမပရိနိဗ္ဗာန်ယူရာဌာနမှ ရခဲ့သောပန်းတည်း' ဟု ဆို၏။ ထိုအာဇီဝက၏စကားကိုကြားလျှင်
ရဟန်းအများတို့ ပြင်းစွာငိုယိုကြကုန်သည်။ ထိုအခါ အာတုမပြည်သားဖြစ်သော
သုဘဒ်ရဟန်းကြီးသည် 'ငါ့ရှင်တို့…အဘယ့်ကြောင့် ငိုကြွေးကြကုန်သနည်း.
ရဟန်းဂေါတမလက်မှ ငါတို့သည် ယခု လွတ်ထွက်ပြီတကား, ဤဂေါတမရဟန်းကြီးသည်
ငါတို့အား နှိပ်စက်သည်များလှပြီဤအခါမှစ၍ ငါတို့အလိုရှိတိုင်းနေရတော့မည်' ဟု ဆိုသည်။ ငါ့ရှင်တို့ ဤသုဘဒ်ရဟန်းကဲ့သို့သော သူယုတ် သူဖျင်းတို့သည် မင်း၏စည်းစိမ်ကိုပေးပေသောကျေးဇူးရှင်ကိုလျက် ရန်သူထင်မှားသောယောက်ျားကဲ့သို့
ချုပ်ချယ်ထိပါးလျက် ပြောဆိုကြကုန်သည်။ ဤသူဖျင်းတို့သည် အသင်းအပင်းကို
ရကုန်သည်ရှိသော် သူတော်ကောင်းတရားတည်းဟူသော ဘုရားသြဝါဒသည်
မကြာမီကွယ်လေရာသည်။ စင်စစ်သော်ကား
အကြင်မျှလောက်သောကာလပတ်လုံး
သုတ် အဘိဓမ္မာ ဝိနည်းတရားသည် တည်၏။ ထိုမျှလောက်သောကာလပတ်လုံး
ဘုရားမလွန်သေးသည်သာတည်း။ ယင်းသို့ဖြစ်ရကား မသူတော်တို့၏တရားသည်
မပြန့်ပွားမတောက်ပမီ, သူတော်ကောင်းတို့၏တရားသည် မရွေ့မရှားမပျောက်မပျက်မီ,
အလဇ္ဇီသူယုတ်တို့ပြုလုပ်ပညတ်အပ်သော
အဝိနယဓမ္မသည် မထွန်းပမပြန့်ပွားမီ, ဝိနည်းတရားသည် မပျက်ပြားမယိုယွင်းမီ,
အဓမ္မဝါဒီ အလဇ္ဇီပုဂ္ဂိုလ်များသည် အားမကြီးမီ, ဓမ္မဝါဒီ
လဇ္ဇီသူတော်ကောင်းများသည် အားမနည်းမီ ဤသုတ် ဝိနည်း အဘိဓမ္မာကို
သင်္ဂါယနာတင်ကြကုန်အံ့"ဟု ဆိုပေ၏။
သင်္ဂါယနာတင်ရန် ရဟန္တာငါးရာ
………………………………
ထိုစကားကိုကြားသော် သံဃာတော်အပေါင်းတို့ကလည်း "အရှင်မဟာကဿပ… ဤအကြောင်းကားအလွန်ကောင်းလှပါ၏။ သင်္ဂါယနာတင်ကြခြင်းငှာ အရှင်သာအားထုတ်တော်မူပါလော့, လျှောက်ပတ်သောသံဃာကို ဖွေရှာရွေးကောက်တော်မူပါလော့" ဟူ၍ လျှောက်ကြ၏။ ထိုအခါ ရှင်မဟာကဿပလည်း အလုံးစုံ အင်္ဂါကိုးပါးရှိသော, ပရိယတ္တိသာသနာကိုဆေညင်ကုန်သော အရာ အထောင် အသောင်း အသိန်းမကသောပုထုဇဉ်, သောတာပန်, သကဒါဂါမ်, အနာဂါမ်, ဈာန်မရသောရဟန္တာပုဂ္ဂိုလ်တို့ကို ချန်ထား၍ များသောအားဖြင့် ဘုရားဧတဒဂ် မိန့်မြွက်ချီးကျူးတော်မူအပ်သော
သုံးပုံပိဋကတ်တည်းဟူသော ပရိယတ္တိဓမ္မကို နေ့ညဥ့်သရဇ္ဈာယ်ကာ ပဋိသမ္ဘိဒါပတ္တ,
တေဝိဇ္ဇ, ဆဠဘိည ဖြစ်ကုန်သော ရဟန္တာသခင် အရှင်ငါးရာတို့တွင် တစ်ပါးလျော့၍
ရွေးကောက်တော်မူ၏။
သံဃာငါးရာမပြည့်ပုံ မှတ်ချက်
………………………………
[အဘယ့်ကြောင့်တစ်ပါးလျော့သနည်းဟူမူကား-ရှင်အာနန္ဒာကို ထည့်သွင်းခြင်းငှာ လျော့၍ထားသတည်း။ အဘယ့်ကြောင့် ရှင်အာနန္ဒာကိုသွင်းလိုသနည်းဟူမူကား- အရှင်အာနန္ဒာသည် မြတ်စွာဘုရား၏မျက်မှောက်တော်၌သာ
သုတ္တ ဂေယျစသော ပိဋကတ်သုံးပုံကို အကုန်သင်ရ၏။ မျက်ကွယ်၌သင်ရသည်ဟုမရှိ။
ထို့ကြောင့် ရှင်အာနန္ဒာနှင့်ကင်း၍ သင်္ဂါယနာတင်ခြင်းငှာလည်း မထိုက်ပေ,
အစဉ်တစိုက်သွင်းရမည်လည်း ထိုအရှင်အာနန္ဒာသည် သောတာပန်သာဖြစ်သေး၏,
ရဟန္တာမဟုတ်သေး။ ထိုသို့ဖြစ်လျက် မိမိအလိုဖြင့် ရေတွက်ကောက်ယူငြားအံ့,
သူတစ်ပါးတို့ကဲ့ရဲ့ခြင်း ဖြစ်ဘိလေရာသည်။ ဤအကြောင်းသာလည်းမဟုတ်,
ရှင်အာနန္ဒာနှင့်ရှင်မဟာကဿပသည် အလွန်ချစ်ကျွမ်းဝင်ကြ၏။ ဆုံးမပြောဆိုဖွယ်သောအရေးအရာရှိလျှင် ရှင်အာနန္ဒာသက်တော် ခြောက်ဆယ်ကျော်၍ ဦးခေါင်းပေါ်၌ဆံဖြူရောက်သည့်တိုင်အောင်ပင်
'ဤသူငယ်သည် အတိုင်းအရှည်ကိုမျှမသိသေး' ဆို၍ 'သူငယ်' ဟူသော
ဝေါဟာရဖြင့်သာလျှင် ဆုံးမလေ့ပြု၏။ ဤသို့ ချစ်ကျွမ်းဝင်သူဖြစ်ရကား
ရှင်မဟာကဿပသည် ဆန္ဒာဂတိသို့ လိုက်သောအားဖြင့် ရဟန္တာအများရှိပါလျက်
သောတာပန်သာဖြစ်သေးသောရှင်အာနန္ဒာကို ရွေးကောက်တော်မူလေသည်ဟု သူတစ်ပါးတို့ကဲ့ရဲ့မည်ကို ရှောင်ကြဉ်လိုသောကြောင့်လည်း ခြွင်းတော်မူသည်။ ထိုသို့ခြွင်းသော်လည်း သံဃာတော်တို့၏အလိုနှင့် သွင်းရအံ့သည်ကို မြင်တော်မူလျက်ပင်တည်း။ ]
ထိုအခါ သံဃာတော်တို့က ဤသို့တောင်းပန်ကြ၏ "အရှင်ဘုရား… ရှင်အာနန္ဒာမထေရ်ကား
အကယ်၍ သေက္ခသာဖြစ်ငြားသော်လည်း တရားတော်မြတ်ပိဋကတ်အရာဝယ်
ဘဏ္ဍာစိုးကြီးဖြစ်ပေသည်။ ရှစ်သောင်းလေးထောင်သော ဓမ္မက္ခန္ဓာကို
ဘုရားရှေ့တော်၌ပင် သင်၍ နှုတ်တွင်ဆောင်ထားသူဖြစ်ပေသည်, အရှင်အာနန္ဒာနှင့်ကင်း၍ သင်္ဂါယနာတင်ခြင်းငှာမလျောက်ပတ်ပေ။ ထို့ကြောင့် အရှင်အာနန္ဒာကို ရွေးကောက်တော်မူပါလော့" ဟု တောင်းပန်ကြ၏။
ပထမသင်္ဂါယနာတင်ရာအရပ်
……………………………
ထိုအခါမှ ရှင်မဟာကဿပလည်း ရှင်အာနန္ဒာနှင့်တကွ သံဃာငါးရာပြည့်
ရွေးကောက်တော်မူပြီးလျှင် "ငါတို့သည် အဘယ်မြို့ရွာ၌ဝါကပ်၍ သင်္ဂါယနာတင်ရသော်
သင့်လျော်ပါအံ့နည်း"ဟု တိုင်ပင်ကြ၏။ ထိုအခါ သံဃာတော်တို့သည်
ဤသို့အကြံဖြစ်၏။ ရာဇဂြိုဟ်ပြည်သည် ကျယ်သောဆွမ်းခံရွာလည်းရှိ၏။
မှီခိုရာကျောင်းလည်းများ၏, ပြည်သူပြည်သားတို့လည်း ရတနာသုံးပါးအရေး၌
ယဉ်းကျေးလိမ္မာ၍ သဒ္ဓါနှင့်ပြည့်စုံကြ၏, ငါတို့မှတစ်ပါးအခြားသံဃာတို့ ဤရာဇဂြိုဟ်ပြည်၌ဝါမကပ်လာမူ သင်္ဂါယနာတင်ခြင်းငှာသင့်မြတ်လှ၏ဟု
အကြံဖြစ်၏။ အဘယ့်ကြောင့် ဤသို့ကြံသနည်းဟူမူကား ငါတို့စီမံလတ္တံ့သော
သင်္ဂါယနာကံသည် ထာဝရဖြစ်သောကံကြီးတည်း, တစ်စုံတစ်ယောက်သော ဝိသဘာဂပုဂ္ဂိုလ်သည်
မဆိုမမြစ် မပစ်ပယ်သော်သာ ကောင်းမြတ်စွာဖြစ်လတ္တံ့. ပစ်ပယ်မူကား
အားထုတ်ကျိုးမရှိလတ္တံ့ဟု အကြံဖြစ်လေသတည်း။ ထိုသို့ကြံပြီးမှ ရှင်မဟာကဿပသည်
ဤသို့သော ဉတ္တိဒုတိယကမ္မဝါစာကိုရွတ်၏။-
သုဏာတု မေ အာဝုတော သံဃော, ယဒိ
သံဃဿ ပတ္တကလ္လံ, သံဃော ဣမာနိ ပဉ္စဘိက္ခုသတာနိ သမ္မန္နေယျ ရာဇဂဟေ ဝဿံ ဝသန္တာ
ဓမ္မဉ္စ ဝိနယဉ္စစ သံဂါယိတုံ, နာညေဟိ ဘိက္ခူဟိ ရာဇဂဟေ ဝဿံ
ဝသိတဗ္ဗန္တိ။ ဧသာ ဉတ္တိ။
သုဏာတု မေ အာဝုသော သံဃော။ ပ ။ မံ သံဃော ဓာရေတု-
ဟူသည်တည်း။
အဓိပ္ပါယ်ကား- "ယခု စည်းဝေးကြသော အရှင်ရဟန်းတို့… သံဃာသည်
ငါ၏စကားကိုနာကုန်လော့, သံဃာတော်အား သင့်လျော်ညီညွတ်သောကံသည် အကယ်၍ဖြစ်အံ့,
သံဃာတော်သည် ငါရွေးကောက်အပ်သော ဤငါးရာသောရဟန်းတို့ကို ရာဇဂြိုဟ်ပြည်၌ဝါကပ်၍
သုတ် အဘိဓမ္မာ ဝိနည်းတရားတော်ကို သင်္ဂါယနာတင်ခြင်းငှာ သမ္မုတိပေး၏။ ဤငါးရာမှ
တစ်ပါးသောရဟန်းတို့သည် ရာဇဂြိုဟ်ပြည်၌ဝါဆို၍ နေခြင်းကို မရအပ်, ဤသည်ကား
အများကိုသိစေခြင်းတည်း'ဟု ဆိုလိုသည်။
ရဟန္တာငါးရာကြွလာကြပုံ
…………………………
ယင်းသို့ ဉတ်ကမ္မဝါရွတ်ပြီးသောအခါ ရှင်မဟာကဿပသည် သံဃာတော်အပေါင်းတို့ကိုခေါ်၍
"ငါ့ရှင်တို့…ယနေ့သည် ဘုရားနိဗ္ဗာန်စံသည်မှ ၂၁ ရက်လွန်ပြီ, နွေလတို့၏အထက်၌
အရက်လေးဆယ်မျှသာကြွင်း၍ ဝါကပ်ခြင်းလည်းနီးချေပြီ, ဤမှ နောက်ကာလ၌ ဤမည်သော
ပလိဗောဓသည်ရှိကြပါသည်ဟု မဆိုရအောင် ရက်လေးဆယ်၏အတွင်း၌သာ
အနာရောဂါကြောင့်ဖြစ်သော ပလိဗောဓ, ဆရာတို့ကြောင့်ဖြစ်သော ပလိဗောဓကို
ထမြောက်စေကုန်လော့, သင်္ကန်းချုပ်ခြင်း သပိတ်ဖုတ်ခြင်းစသော
မိမိကိစ္စကိုလည်းပြီးကြစေကုန်လော့"ဟု ဆိုဘိ၍ မိမိတပည့်ငါးရာသံဃာအပေါင်းနှင့်တကွ တစ်ကြောင်းသောခရီးဖြင့် ရာဇဂြိုဟ်ပြည်သို့ ရှေးရှုကြွလေ၏။
ရှင်အနုရုဒ္ဓါစသော သာဝကကြီးတို့သည်လည်း မိမိ၏ တပည့်သာဝကအပေါင်းနှင့် တစ်ကြောင်းသောခရီးဖြင့်သွားကြ၏။ ပုဏ္ဏထေရ်မူကား ခုနစ်ရာသောရဟန်းတို့နှင့်တကွ ဘုရားနိဗ္ဗာန်လွန်သောဌာနဝယ် ရောက်လာသမျှသော ပရိသတ်တို့အား တရားဟောခြင်းငှာ ကုသိနာရုံပြည်တွင် ကျန်ရစ်ရ၏။
အရှင်အာနန္ဒာထေရ်ကား မြတ်စွာဘုရားသက်တော်ထင်ရှား
ရှိသောအခါကဲ့သို့ သင်္ကန်း သပိတ် ပရိက္ခရာတော်ကို ကောင်းစွာ
ယူဆောင်လာပြီးလျှင် သာဝတ္ထိပြည်ခရီးဖြင့် ရဟန်းငါးရာ အခြံရံနှင့်တကွ
ကြွတော်မူ၏။ အရှင်အာနန္ဒာရောက်ရာရောက်ရာ ဖြစ်သော ဇနပုဒ်နိဂုံးတို့၌
အလုံးစုံသောလူတို့သည် အရှင်အာနန္ဒာကိုမြင်လျှင် ပူပင်လှိုက်လှဲသောအသံဖြင့်ခေါ်လျက် "အရှင်အာနန္ဒာ…ရှေးရှေးသောအခါ စောမြတ်စွာနှင့်အတူသာ လာမြဲဖြစ်ပါလျက် ယခုအခါ သုံးလူ့ဆရာ မြတ်စွာဘုရားကို အဘယ်မှာထားခဲ့၍ အရှင်ဘုရားတစ်ပါးတည်းသာကြွလာဘိသနည်း
ကျွန်ုပ်တို့ဘုရားသခင်ကို မဖူးမြင်ရပြီလော"ဟု ဆို၍ ခြေတော်ကို ဖက်ရမ်းလျက်
ထက်ဝန်းကျင်မှငိုကြွေးကြ၏။ ရှင်အာနန္ဒာလည်း များစွာသောထိုလူအပေါင်းတို့အား သင်္ခါရတရားတို့၏သဘောကို ဟောပြ၍ သက်သာရာရစေ၏။
အစဉ်သဖြင့်လာ၍ သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်သို့ ရောက်သော် ဘုရားကိန်းဝပ်တော်မူမြဲဖြစ်သော ဂန္ဓကုဋိတိုက် တံခါးကိုဖွင့်၍ ရှိလင့်သောညောင်စောင်းအင်းပျဉ်ကိုထုတ်လှန်းလျက်
ရိနွမ်းသောအဝတ်. ပန်းမှိုက်တို့ကို သုတ်သင်ပြီးလျှင် ဘုရားသခင်
သက်တော်ထင်ရှားရှိသောအခါက မျက်နှာသစ်တော်မူသော အခါကဲ့သို့
နေမြဲနေရာ၌ခင်းထားခြင်း, သောက်တော်ရေတည်ခြင်း စသောဝတ်တို့ကိုလည်းကောင်း
ရေချိုးတော်မူရာ၌ရေတည်ခြင်း ဝစ္စကုဋိ ပဿာဝကုဋိတို့ကို သုတ်သင်ခြင်း ကျောင်းကိုပြုပြင်ခြင်းစသော ဝတ်တို့ကိုလည်းကောင်း "ဘုန်းတော်ကြီးသောအရှင်ဘုရား… ဤအခါကား မျက်နှာသစ်တော်မူသောအခါပါတည်း။ ဤအခါကား တပည့်သားတို့ကိုတရားပြသ၍ သြဝါဒပေးတော်မူသောအခါပါတည်း ဤအခါကား ရောက်လာသောပရိသတ်တို့အား တရားဟောတော်မူသောအခါပါတည်း"ဤသို့ စသည်ဖြင့် ကိစ္စအလုံးစုံတို့ကို ငိုကာငိုကာလျှောက်၍ ပြုလေ၏။
ထိုသို့ပြုသည်ကို ကျောင်းတော်စောင့်နတ်တစ်ယောက်မြင်လျှင် "အရှင်အာနန္ဒာ…သောတာပန်ဖြစ်ပြီးသောအရှင်ဘုရားတို့မှ ဤမျှလောက် တချောက်ချားချား တမှိုက်ငင်ငင် ပူပင်ငိုယိုဘိမူ သူတစ်ပါးတို့မှာ အဘယ်သို့သက်သာရာရနိုင်ပေတော့အံ့နည်း"ဟု ဆို၏။ ထိုသို့ နတ်သားလျှောက်ကြားသောအခါ ရှင်အာနန္ဒာလည်း သတိပညာဖြင့် ကောင်းစွာချုပ်တည်းတော်မူ၏။
ဘုရားသခင်ပရိနိဗ္ဗာန်ဝင်သည်မှစ၍ ထိုင်ခြင်း ရပ်ခြင်း သွားလာခြင်းများသည်ဖြစ်၍ ကိုယ်တော်၌ ထူပြောသော သလိပ်သည်းခြေရှိရကား နို့ရည်ဖြင့်ဖျော်သောဝမ်းလားဆေးကို ဘုဉ်းပေးတော်မူ၏။
ထို့နောက် မိုးသောက်သောနေ့၌ တောဒေယျပုဏ္ဏား၏သားဖြစ်သော သုဘလုလင်သည်
ရှင်အာနန္ဒာကြွရောက်လာရာ၌ ငါသည် အဖူးအမြင်သွားသော်
ကျောင်းတော်၌ပရိသတ်အလွန်များ၍
တရားတော်ကိုမနာရရှိလတ္တံ့. အိမ်သို့ပင့်ပြီးမှ ကောင်းမွန်စွာ
ဆွမ်းလုပ်ကျွေး၍ တရားတော်ကိုနာရသော် ကောင်း၏ဟုကြံပြီးလျှင်
အရှင်အာနန္ဒာ၏အထံသို့ တမန်လွှတ်၍လျှောက်၏။ ရှင်အာနန္ဒာကလည်း "ငါကား ယနေ့
အနည်းငယ်သောဆေးကို ဘုဉ်းပေးမိသည်. နက်ဖြန်လာနိုင်ငြားအံ့လည်းမသိ"ဟု မိန့်လိုက်ပြီးမှ ဒုတိယနေ့နံနက်သောအခါ စေတကထေရ်ကို ပစ္ဆာသမဏပြု၍ သုဘလုလင်၏အိမ်သို့ကြွပြီးလျှင် ဒီဃနိကာယ်၌ သုဘသုတ်ကိုဟောပေ၏။
ထို့နောက်မှ ရှင်အာနန္ဒာလည်း ပရိဘောဂစေတီဖြစ်သော ဇေတဝန်ကျောင်းတော်၌
ကျိုးသည်ပျက်သည်များကို ပြုပြင်ပြီးသော် ဝါလနီးသောအခါ
ရာဇဂြိုဟ်ပြည်သို့ကြွတော်မူလေ၏။ ရှင်မဟာကဿပထေရ် အရှင်အနုရုဒ္ဓါထေရ်တို့သည်လည်း မိမိတို့ပရိသတ်နှင့်တကွ ရာဇဂြိုဟ်ပြည်သို့အရောက်ညီကြသော် ပြည်၏ထက်ဝန်းကျင်၌တည်သော တစ်ဆယ့်ရှစ်ရပ်သော ကျောင်းကြီးတို့၌ ပျက်စီးယိုယွင်းလေသည်တို့ကိုလည်းကောင်း ကျသောအမှိုက်သရိုက်တို့ကိုလည်းကောင်း သုတ်သင်ပြုပြင်ကြကုန်၏။
ကျောင်းများပျက်စီးရခြင်း မှတ်ချက်
…………………………………
[အဘယ့်ကြောင့် ထိုကျောင်းကြီးတို့ ပျက်စီးယိုယွင်းခြင်း
ရှိလေသနည်းဟူမူကား- ရဟန်တို့သည် ဘုရားပရိနိဗ္ဗာန်ယုသည်ဟု ကြားသိသော်
ကျောင်းတို့ကိုပစ်ထား၍ မိမိတို့၏သင်္ကန်း သပိတ် ပရိက္ခရာနှင့်သာ
ကုသိနာရုံပြည်သို့ လာကြသောကြောင့် စိုးစဉ်း ကျိုးပျက်လေသတည်း။]
အဇာတသတ်မင်း သာသနာပြုပုံ
…………………………………
ကျောင်းတို့ကိုသုတ်သင်ပြီးသော် ဝါဆိုလပြည့်နေ့၌ ဥပုသ်ပြုကြ၍ လပြည့်ကျော်တစ်ရက်နေ့၌ စည်းဝေး၍ဝါကပ်ပြီးမှ ဤသို့ တိုင်ပင်ကြ၏။ ငါတို့၏ပုဗ္ဗကိစ္စကားပြီးပြီ.
ယခုအခါ သင်္ဂါယနာ တင်ကြခြင်းငှာ စည်းဝေးရာမဏ္ဍပ်သာလိုတော့သည် ဤအရာကို
အဇာတသတ်မင်းအား ပြောကြားကြကုန်အံ့ဟု တိုင်ပင်လျက် နောက်နေ့နံနက်သောအခါ
သံဃာတော်ရှစ်ပါးတို့ မင်းအိမ်သို့ ကြွတော်မူကြကုန်၍ မင်းကြီးအား
ဤသို့ဆိုကြလေကုန်၏။ 'ပြည့်ရှင်မင်းမြတ်…ငါတို့ပြုအပ်သောဝိဟာရ ပဋိသင်္ခရဏ စသော ကိစ္စသည် ပြီးပြီ။ ယခုအခါ တရားဓမ္မက္ခန္ဓာတို့ကို သင်္ဂါယနာတင်ရန်သာလိုတော့သည်' ဟု ဆိုလေ၏။
ထိုမင်းကလည်း "အရှင်ဘုရားတို့…မရွံ့မထိတ် စိတ်တော်ရှိတိုင်း လွတ်လွတ်သာပြုတော်မူပါ. ကျွန်ုပ်၏အာဏာစက်လည်း ဖြစ်ပါစိမ့်မည်. အရှင်ဘုရားတို့ဓမ္မစက်ကိုလည်း ဖြစ်ပါစေကုန်။ အရှင်တို့၌မပြည့်စုံသော အကျွန်ုပ်တို့ပြုဖွယ်ကိစ္စကားအဘယ်နည်း" ဟု လျှောက်၏။ "မင်းကြီး…ငါတို့ သံဃာငါးရာစည်းဝေးခြင်းငှာ လျောက်ပတ်သောမဏ္ဍပ်ကိုအလိုရှိချေသည်, ထိုမဏ္ဍပ်ကိုကား စရည်းပင်ရောက်သော လိုဏ်ဝ၌ပြုစေချင်သည်"ဟု ဆိုလျှင် "အရှင်ဘုရား…ကောင်းပါပြီ, အကျွန်ုပ်ဆောက်လုပ်ပါတော့မည်"ဟု ဝန်ခံ၍ မြန်စွာ သစ်ဝါးတို့ကိုဆောင်စေပြီးသော် ညီးညွတ်ပြီးသော မြေအပြင်တစ်ခု၌ ဝိသကြုံနတ်သားသည်ဖန်ဆင်းအပ်သည်နှင့်တူသော
အကြီးအငယ် ကျဉ်းကျယ်နိမ့်မြင့် အသင့်ဝေဖန်အပ်သော နံရံသည်တိုင်
စောင်းတန်းရှိထသော ခြူးပန်းခြူးနွယ်တို့ဖြင့် ဆန်းကြယ်စွာ
ရေးခြယ်စီခင်းလျက် မင်းအိမ်နန်းတော်၏ကျက်သရေကို နှိပ်စက်လေသကဲ့သို့ မြင်းမိုရ်ထိပ်ဖျား သိကြာဗိမာန် ဝေဇယန်ကို ပြိုင်စံ၍ပျက်ရယ်ပြုသည့်ပမာ အံ့ဖွယ်စွာသော ဗြဟ္မာမင်း၏ ဗိမာန်နှင့်တူထသော ရှုဖွယ်ဘနန်းအံ့မခန်းသောမဏ္ဍပ်ကို ဆောက်လုပ်ပြီးလျှင် သံဃာတော်တို့၏နေရာများ၌ များစွာအဖိုးထိုက်သောအခင်းတို့ကို ခင်းကျင်းစီရင်လတ်၍ မဏ္ဍပ်၏အလည်ချာ၌ ဘုရားတို့သာနေခြင်းငှာထိုက်သော ဓမ္မာသနကိုဆင်စွယ်ယပ်နှင့်တကွထား၍ တောင်ဘက်နံပါးကိုမှီကာ ဥတ္တရာမုခဖြင့် သံဃာထေရ်ကြီးတို့၏ နေရာကိုထား၍ ခမ်းနားတင့်တယ်စွာစီမံပြီးသော် သံဃာတော်တို့အား "အရှင်ဘုရားတို့…အကျွန်ုပ်ကိစ္စပြီးပါပြီ"ဟု လျှောက်၏။
အရှင်အာနန္ဒာ ရဟန္တာဖြစ်ပုံ
……………………………
ထိုအခါ ဝါခေါင်လဆန်းတစ်ဆယ့်လေးရက်သို့ကျ၍ သံဃာတော်တို့ကလည်းလပြည့်နေ့ပင်စ၍သင်္ဂါယနာတင်ကုန်အံ့ဟု
တိုင်ပင်ကြ၏။ ထိုအခါ အချို့သောသံဃာတို့သည် အရှင်အာနန္ဒာကိုရည်၍
"ငါတို့အစည်းအဝေးဝယ် ကိလေသာ တည်းဟူသော ဆိပ်နံ့တကြိုင်ကြိုင်လှိုင်လျက် ထွက်လာ ဝင်လာလတ္တံ့သော သူတစ်ဦးရှိသည်တကား"ဟု ပြက်ရယ်စကား ဆိုကြကုန်၏။
ထိုအခါ အရှင်အာနန္ဒာကလည်း ငါမှတစ်ပါး ကိလေသာတည်းဟူသောဆိပ်နံ့လှိုင်လျက်
ထိုင်လတ္တံ့သောသူ မည်သည်မရှိ., ဤရဟန်းတို့သည် ငါ့ကိုရည်၍ပင်
ဆိုချေသည်တကားဟု ကြီးမားသော သံဝေဂဖြစ်၏။ အချို့သောရဟန်းတို့ကလည်း
"အရှင်အာနန္ဒာ…နက်ဖြန်ပင် သံဃာ့အစည်းအဝေးသည်ဖြစ်လတ္တံ့. အရှင်ကား သေက္ခသာဖြစ်၍ အထက်မဂ်ရဖို့ရန်ပြုဖွယ်ကိစ္စရှိချေသေး၏။ မမေ့မလျော့ဘဲ အားထုတ်တော်မူပါ. ရဟန္တာပရိသတ်သို့ဝင်ရပါလတ္တံ့"ဟု ဆိုကုန်၏။
ထိုစကားကိုကြားလျှင် အရှင်အာနန္ဒာလည်း ငါသည်သေက္ခသာဖြစ်လျက် ရဟန္တာပရိသတ်သို့ဝင်ခြင်းငှာမသင့်. အားထုတ်၍ကျင့်က အရဟတ္တဖိုလ်စိတ်သည် မျက်စိတမှိတ် လျှပ်ပြက်တစ်ခန့်သာတည်း, ငါ၏ကိစ္စသည် ယနေ့ညပင် ပြည့်စုံစေအံ့ဟုကြံပြီးလျှင်
ညဥ့်ဦးယံကပင် စင်္ကြံသို့တက်၍ လူးလာလူးလာသွားလျက် ကာယဂတာသတိဟုဆိုအပ်သော
ဒွတ္တိံသာကာရကို အနုလောမအားဖြင့်စီးဖြန်း၍ သန်းခေါင်ယံ ကုန်ခန်း၏။
မိုးသောက်ယံသို့လှမ်း၍မျှ တရားအထူးကိုရခြင်းငှာ မတတ်နိုင်လေသော်
ဆင်ခြင်တော်မူပြန်သည်ကား မြတ်စွာဘုရားသည် "ချစ်သားအာနန္ဒာ…သင်ကား
ဖြည့်ပြီးသော ပါရမီရှိ၏..ကမ္မဋ္ဌာန်းကိုသာကောင်းစွာအားထုတ်လော့,
မကြာမီ ရဟန္တာဖြစ်လတ္တံ့"ဟု မိန့်တော်မူဖူးပါသည်။ ဘုရားရှင်တို့စကားမှာ
လွဲမှားသည်ဟုမရှိဖူး. လွန်ကျူးသောဝီရိယကြောင့်ပင်
သတိ, သမာဓိကိုမရဘဲ ငါ့အား ဥဒ္ဓစ္စဖြစ်လေသလော, ယခုအခါ ဝီရိယနှင့်သမာဓိကို
မျှစေဦးအံ့ဟုကြံလျက် စင်္ကြံမှသက်ဆင်းပြီးသော် ကျောင်းတွင်းသို့ဝင်၍
အပင်ပန်းဖြေတော်မူခြင်းငှာ အိပ်ရာညောင်စောင်းထက်ထိုင်၍ ငါးခိုင်သောခန္ဓာတို့၏ အနိစ္စလက္ခဏာကိုဆင်ခြင်လျက် ကိုယ်တော်ကိုလျောင်းလိုက်သော် ခြေတော်ကိုမြေမှအကြွ ဦးခေါင်းတော် ခေါင်းအုံးသို့မကျမီ အထက်မဂ်သုံးတန်ကိုရ၍ အရဟတ္တဖိုလ်သို့ ရောက်တော်မူ၏။
[ထို့ကြောင့် ငါတို့မြတ်စွာဘုရားသာသနာတော်၌ လျောင်းစဉ်လည်းမဟုတ် ထိုင်စဉ်လည်းမဟုတ် ရပ်စဉ်လည်းမဟုတ် သွားစဉ်လည်းမဟုတ် ဣရိယာပုတ်လေးပါးမှလွတ်ကွာလျက်
ရဟန္တာဖြစ်သည်ကား မည်သူနည်းဟုမေးလျှင် "အရှင်အာနန္ဒာပေတည်း" ဟု
ဖြေအပ်၏။]ယင်းသို့ အရှင်အာနန္ဒာဖြစ်သည့်နောက် မိုးသောက်သောနေ့၌
လေးရာကိုးကျိပ်ကိုးပါးသောရဟန်းတို့
ဆွမ်းစား၍ပြီးကြသော် သပိတ်သင်္ကန်းကိုသိုမှီး၍ မဏ္ဍပ်သို့ကပ်ပြီးလျှင်
ထေရ်စဉ်နေရာဖြင့် ကောင်းစွာစည်းဝေးကြ၏။ အရှင်အာနန္ဒာ၏အလို့ငှာလည်း
နေရာကိုထားကြ၏။ အချို့သောရဟန်းတို့ကလည်း ဤနေရာကား
အဘယ်ပုဂ္ဂိုလ်၏နေရာနည်းဟုမေးကြလျှင် အရှင်အာနန္ဒာ၏ နေရာပေတည်းဟု ပြောလင့်၏။
ရှင်အာနန္ဒာလည်း မိမိရဟန္တာဖြစ်ကြောင်းကို သိစိမ့်သောငှာ
သံဃာတို့နှင့်အတူမလိုက်မူ၍ သံဃာတို့တောင့်တသောအခါမှ မဟာပထဝီကိုဝင်လျှိးကာ
ထားနှင့်သောနေရာထက်၌ ကိုယ်တော်ကိုရုတ်ခြည်းပြပေ၏။ ထိုသို့ပြသောအခါမှ ရဟန္တာဖြစ်ကြောင်းကို သံဃာတော်အပေါင်းတို့သိကြသတည်း။ တစ်ရံသောအခါလည်း အာကာသခရီးဖြင့်သွား၍ နေရာ၌ ထင်ရှားပြသတည်း။
ပထမသင်္ဂါယနာတင်ပုံ
………………………
သံဃာတို့စည်းဝေးမိကြသောအခါ ရှင်မဟာကဿပလည်း "ငါ့ရှင်တို့…
သုံးပုံသောပိဋကတ်တို့တွင် ဝိနည်းကိုပင်ရှေးဦးစွာ သင်္ဂါယနာ တင်ကြအံ့လော,
သုတ် အဘိဓမ္မာကိုပင် ရှေးဦးစွာ သင်္ဂါယနာ တင်ကြအံ့လော"ဟု မေး၏။
သံဃာတော်တို့ကလည်း "အရှင်ဘုရား ဝိနည်းတရားမည်သည်ကား သာသနာတော်၏အသက်တည်း.
ဝိနည်းတည်မှသာလျှင် သာသနာတော်တည်ရာ၏။ ထို့ကြောင့်
ဝိနည်းကိုရှေးဦးစွာသင်္ဂါယနာတင်သင့်ပါသည်"
ဟု လျှောက်၏။ "ဝိနည်းကိုတင်ကြအံ့ဆိုသော် အဘယ်ပုဂ္ဂိုလ်ကိုအမှူးထား၍
တင်သင့်သနည်း"ဟု မေးပြန်၏။ "အရှင်ဥပါလိကိုအမှူးထား၍ တင်ကြကုန်အံ့"ဟု
လျှောက်၏။ "အသို့နည်း..အရှင်အာနန္ဒာမစွမ်းနိုင်သလော" ဟု မေးပြန်လျှင် "အရှင်အာနန္ဒာလည်းစွမ်းနိုင်ပါ၏. သို့ရာတွင် အရှင်ဥပါလိကိုမူကား မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်ကပင် အရှင်ဥပါလိကို ဝိနယဓရအရာ၌ ဧတဒဂ်ထားတော်မူချေသည်, ထို့ကြောင့် အရှင်ဥပါလိကိုအမှူးထားသင့်ပါသည်" ဟု လျှောက်၏။
ယင်းသို့ မေးမြန်းညှိနှိုင်းကြသောအခါ အရှင်မဟာကဿပနှင့် အရှင်ဥပါလိတို့သည်
သမ္မုတိဉတ်ကိုထားကြ၏။ ထို့နောက်မှ အရှင်ဥပါလိသည်ဆင်စွယ်ဖြင့်စီသောယပ်ကိုကိုင်လျက်
တရားပလ္လင်ထက်၌ အရှေ့သို့မျက်နှာမူ၍နေ၏။ ရှင်မဟာကဿပလည်း
တောင်ဘက်နံရံကိုမှီလျက် မြောက်သို့မျက်နှာမူကာ ထေရာသန၌ နေပြီးသော်
ဤသို့မေးတော်မူ၏။ "ငါ့ရှင်ဥပါလိ ပထမပါရာဇိက သိက္ခာပုဒ်ကို မြတ်စွာဘုရားသည်
အဘယ်ပြည်ရွာ၌ အဘယ်ပုဂ္ဂိုလ်ကိုအကြောင်းပြု၍
ပညတ်တော်မူသနည်း"ဟု မေး၏။ အရှင်ဥပါလိကလည်း "အရှင်ဘုရား…ဝေသာလီပြည်၌
ကလန္ဒသူဌေးသားဖြစ်သော သုဒိန်သည် မိမိမယားဟောင်း၌ မေထုန်မှီဝဲခြင်းတည်းဟူသောအကြောင်းကြောင့် ပညတ်တော်မူပါသည်"ဟု လျှောက်၏။
ဤသို့သောနည်းအားဖြင့် အလုံးစုံသောသိက္ခာပုဒ်တို့၏ ဝတ္ထုကိုလည်းကောင်း,
နိဒါန်းကိုကိုလည်းကောင်း ပုဂ္ဂိုလ်ကိုလည်းကောင်း ပညတ်ရင်းကိုလည်းကောင်း
အနုပညတ်ကိုလည်းကောင်း အာပတ္တိဝါရကိုလည်းကောင်း အနာပတ္တိဝါရကိုလည်းကောင်း
ပဒဘာဇနီကိုလည်းကောင်းမေး၏။ မေးတိုင်းမေးတိုင်း၌ အရှင်ဥပါလိလည်းဖြေဆို၏။
ထိုသို့ မေးဖြေကြပြီးမှ ဤမျှသောသိက္ခာပုဒ်စုကား ပါရာဇိကကဏ္ဍတည်း, ဤမျှကား
သံဃာဒိသိသ်တည်း, ဤမျှကား အနိယတတည်း..ဤသို့ စသည်ဖြင့် ပါရာဇိကလေးပါး
သံဃာဒိသိသ်တစ်ဆယ့်သုံးပါး အနိယတနှစ်ပါး နိဿဂ္ဂိယပါစိတ် သုံးဆယ်, သုဒ္ဓပါစိတ်
၉၂ ပါး.. ပါဋိဒေသနီလေးပါး, သေခိယ ၇၅ ပါး. အဓိကရဏသမထ ၇ ပါး အားဖြင့် ပေါင်း
နှစ်ရာ့နှစ်ဆယ်ခုနစ်ပါးသောတရားအစုကို
ဘိက္ခုဝိဘင်း ဟူသောအမည်ဖြင့်ထား၍ ရဟန်းမိန်းမတို့အား ပညတ်တော်မူအပ်သော
ပါရာဇိကရှစ်ပါး သံဃာဒိသိသ် ၁၇ ပါး နိဿဂ္ဂိယပါစိတ် ၃၀, သုဒ္ဓပါစိတ် ၁၆၆ပါး,
ပါဋိဒေသနီ ၈ ပါး... သေခိယ ၇၅ပါး..အဓိကရဏသမထခုနစ်ပါးအားဖြင့် ၃၁၁ ပါးသော သိက္ခာပုဒ်တို့ကို ဘိက္ခူနီဝိဘင်းဟူသောအမည်ဖြင့်ထား၍
ကြွင်းသောတရားအစုကို မဟာဝါခန္ဓက စူဠဝါခန္ဓက ပရိဝါ ဟူသောအမည်ဖြင့်
သီးသန့်ထားပြီးမှ ရဟန္တာငါးရာလုံး ပေါင်းစုရုံး၍ ရွတ်ဖတ်သရဇ္ဈာယ်ကြကုန်၏။
[အချိန်ရတဲ့အခါ ဝိနည်းတွေအကျယ်တင်ပေးပါမည်။ ပြည့်စုံစွာသိလိုလျှင် ဝိနည်းပိဋက၌ လေ့လာနိုင်ပါသည်။]
ဝိနည်းကိုသင်္ဂါယနာတင်ပြီးသော်
ရှင်မဟာကဿပလည်း "ငါ့ရှင်တို့… သုတ် အဘိဓမ္မာကို သင်္ဂါယနာတင်ရာဝယ်
အဘယ်ပုဂ္ဂိုလ်ကို အမှူးထား၍ သင်္ဂါယနာတင်သင့်သနည်း"ဟု မေးပြန်၏။
"အရှင်အာနန္ဒာကိုအမှူးထား၍တင်သင့်ပါသည်"ဟု လျှောက်လျှင် ရှင်အာနန္ဒာကို ရှင်ဥပါလိ၏နေရာသို့တက်စေ၍ ဤသို့မေးပြန်၏။ "ငါ့ရှင်အာနန္ဒာ…မြတ်စွာဘုရားသည် ဗြဟ္မဇာလသုတ်ကို အဘယ်ဒေသ၌ အဘယ်ပုဂ္ဂိုလ်ကိုအကြောင်းပြု၍
ဟောတော်မူပါသနည်း"ဟု မေး၏။ "အရှင်မဟာကဿပ … ဤဗြဟ္မဇာလသုတ်ကို
ရာဇဂြိုဟ်ပြည်နှင့် နာဠန္ဒမြို့၏အကြားသို့ ဘုရားကြွလာတော်မူသောကာလ
သုပ္ပိယပရိဗိုဇ်နှင့် ဗြဟ္မဒတ်လုလင်တို့ ကဲ့ရဲ့ခြင်း
ချီးမွမ်းခြင်းဖြစ်သည်ကို အကြောင်းပြု၍ ဟောတော်မူပါသည်"ဟု လျှောက်၏။
ဤသို့စသည်ဖြင့် အလုံးစုံသောသုတ္တန်ပိဋကတ် အဘိဓမ္မာပိဋကတ်တို့ကို
အရှင်မဟာကဿပမေးတော်မူသည်။ မေးတိုက်းမေးတိုင်းလည်း အရှင်အာနန္ဒာဖြေတော်မူသည်။
ဤသို့မေးဖြေကြပြီးမှ ရှည်သောပမာဏရှိသော ၃၄ သုတ်ကို ပေါင်း၍
ဒီဃနိကာယ်ဟုသမုတ်သည်။ အလယ်ပမာဏရှိသော ၁၅၂ သုတ်ကိုပေါင်း၍
မဇ္ဈိမနိကာယ်ဟုသမုတ်သည်။ ငယ်သောပမာဏရှိသော ၇၇၆၅ သုတ်ကိုပေါင်း၍
သံယုတ္တနိကာယ်ဟု သမုတ်သည်။ အင်္ဂါတစ်ပါးလွန်သုတ်စု
၉၅၅၇ သုတ်ကိုပေါင်း၍ အင်္ဂုတ္တရနိကာယ်ဟုသမုတ်သည်။
၉၅၅၇
သုတ်ကိုပေါင်း၍ အင်္ဂုတ္တရနိကာယ်ဟုသမုတ်သည်။ ခုဒ္ဒကပါဌ..ဓမ္မပဒ, ဥဒါန်း,
ဣတိဝုတ်, သုတ္တနိပါတ်, ဝိမာနဝတ္ထု ပေတဝတ္ထု ထေရဂါထာ ထေရီဂါထာ ဇာတ် နိဒ္ဒေသ
ပဋိသမ္ဘိဒါမဂ် အပဒါန်ဗုဒ္ဓဝင် စရိယပိဋကအားဖြင့် တစ်ဆယ့်ငါးကျမ်းသော
သုတ်တို့ကိုလည်းကောင်း ထိုမှကြွင်းသော
ဘုရားစကားတော်တို့ကို လည်းကောင်း ပေါင်းချုပ်၍ ခုဒ္ဒကနိကာယ်ဟု သမုတ်သည်။
ဤသို့ အမည်အရည် သီးသန့်မှတ်ပြီးမှ ရဟန္တာငါးရာလုံးပေါင်းရုံး၍
ရွတ်အံသရဇ္ဈာယ်ကြကုန်၏။
ထို့ကြောင့်-
သမောဓာနေတွာ ဂါယန္တိ ဧတ္ထာတိ သင်္ဂါယနာ- ဟူသော ဝစနတ္ထနှင့်ညီစွာ သင်္ဂါယနာမည်၏။
အနက်ကား=
ဧတ္ထသမယေ=ဤအခါ၌ (ဝါ) ဤအစည်းအဝေး၌။ သမောဓာနေတွာ=ပေါင်းရုံး၍။ ဂါယန္တိ=ရွတ်ကြကုန်၏။
ဣတိတသ္မာ=ထိုသို့ပေါင်း၍ရွတ်ရာဖြစ်သောသတ္တိကြောင့်။ သင်္ဂါယနာ=သင်္ဂါယနာမည်၏။
(သံ=ရှေးရှိသော, ဂါ=ဓာတ်,ယု=ပစ္စည်း။)
ယင်းသို့
သင်္ဂါယနာတင်၍ပြီးဆုံးသောအခါ မဟာပထဝီမြေကြီးသည် ကောင်းချီးပေးသည့်ပမာ
မဟာသမုဒ္ဒရာအဆုံးရှိသည်ကိုပြု၍ အိုးထိန်းစက်ကဲ့သို့ သွက်သွက်ခါမျှတုန်လှုပ်၏။
သုရာ ဂဠုန် ကုမ္ဘဏ်အများ သိကြား ဗြဟ္မာတို့၏ ကြော်ငြာဟစ်ကြွေး
ကောင်းချီးပေးသောအသံတို့သည် ညံညံညုန်းညုန်း အုန်းအင်ခတ်မျှ ရှိကုန်၏။
အံ့ဖွယ်သရဲမဖြစ်ဖူးမြဲ ထူးကဲသောတိတ်နိမိတ်တို့သည် ဖြစ်ကုန်၏။
ပထမသင်္ဂါယနာကား ဝါခေါင်လပြည့်ကျော်တစ်ရက်နေ့မှစ၍တင်သည်။ တပေါင်းလပြည့်တိုင်အောင် ခုနစ်လမြောက်မှပြီးဆုံးသတည်း။
0 Comments