• ငရဲကြီး ရှစ်ထပ် အကြောင်း နှင့် သက်တမ်းများ •
================================
ငရဲ ကို ပါဠိ လို နိရယ ဟု ခေါ်သည်။ ချမ်းသာ ကင်းသော ဘုံ ဟု အဓိပ္ပါယ် ရသည်။ ငရဲထိန်း
နှင့်
ငရဲခွေး တို့၏ နှိပ်စက်မှု ကို လည်းကောင်း ငရဲမီး လောင်မှု ကို အမြဲ မပျက်
ခံစား နေကြ ရသော ဘုံ ဖြစ်သည်။ ဤကဲ့သို့ ပြင်းထန်သော ဒုက္ခ ဝေဒနာ ကို
ခံစားနေရ သော်လည်း အသက် မသေနိုင် အကုသိုလ် ကံ မကုန်သမျှ အသက်ရှင်လျက်
ဆက်လက် တည်နေသည်။
အကုသိုလ်ကံ ကုန်ဆုံးသည့် အခါမှ သာလျှင် ငရဲသား ဘဝ မှ သေဆုံး ၍ အခြားဘဝ သို့ ကူးပြောင်း နိုင်သည်။
ငရဲကြီး ရှစ်ထပ်သည် ဤ ကမ္ဘာမြေကြီး အတွင်း ၌ အထက်အောက် အဆင့်ဆင့် တည်လျက်
ရှိသည်။ တစ်ထပ် နှင့် တစ်ထပ် ယူဇနာပေါင်း တစ်သောင်း ငါးထောင်စီ ခြားလျက်
တည်ရှိ၏။
• ငရဲမီး ၏ စွမ်းအား •
ငရဲမီး ၏ စွမ်းအား ကို
မည်သည့် အရာနှင့်မျှ တိုင်းတာ ၍ မရနိုင်ပါ။ ငရဲမီး သည် ယူဇနာ ဝေးကွာသော
အရပ် မှ မြင်ရသော သူ ၏ မျက်လုံး ကို ပေါက်ထွက်စေနိုင် သလို အိမ် အထွတ် ပမာဏ
ရှိသော ကျောက်တုံးကြီး သည်ပင် ငရဲမီး နှင့် မထိတွေ့မီ အမှုန့်ဖြစ်၍
ကွယ်ပျောက်သွားနိုင် ပေသည်။
သိပ္ပံ ပညာရှင်များ ၏ ခန့်မှန်းချက် အရ
ပွက်ပွက်ဆူ နေသော ရေနွေး ၏ အပူချိန် သည် ၁၀၀ ဒီဂရီ စင်တီဂရိတ် ရှိ၍
အရည်ပျော် နေသော သံတွေခဲ ၏ အပူချိန် မှာ ၂၈၀၀ စင်တီဂရိတ် ရှိပြီး ဘူမိဗေဒ သ
ဘော အရ မြေလွှာ အောက်ကြော ရောက်လေ ပူလေ ဖြစ် သဖြင့် ကမ္ဘာ့ မြေလွှာ အောက်ဆုံး
အပူချိန် ကို ၃၅၀၀၀၀ ဒီဂရီ စင်တီဂရိတ် လောက် ရှိလိမ့်မည် ဟု ခန့်မှန်း
ကြသည်။
ငရဲမီး ၏ အပူချိန် ကို သိပ္ပံပညာ ဖြင့် တိုင်းတာ ၍ မရနိုင်
ပါ။ ကမ္မနိယာမ သဘောအရ ငရဲမီး သည် အလွန်ပင် ပူပြင်းလှ သလို ခံရသော ဆင်းရဲဒုက္ခ
သည်လည်း အမျိုးအစား စုံလင်လှ သဖြင့် ဟောကြား ၍ မကုန်နိုင် လောက်အောင်
များပြားလှ ကြောင်း ဘုရားရှင် ကိုယ်တော် တိုင် ဟောကြားတော်မူ ထား ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၁ - သဉ္ဇီဝ ငရဲ = ( သိဉ္ဇိုဝ်း ငရဲ )
ဤ ငရဲဘုံ ၌ ငရဲသား သည် အဖန်ဖန် အထပ်ထပ် အသတ်ခံရပြီး အဖန်ဖန် အသက် ပြန်ရှင် ရသော ကြောင့် သဉ္ဇိုဝ်း ငရဲ ဟု ခေါ်သည်။
သိဉ္ဇိုဝ်း ငရဲ သည် အလျှံ တပြောင်ပြောင် တောက်လောင်နေသော သံ မြေပြင် ရှိ၏။
မရေမတွက် နိုင်သော ငရဲသား သတ္တဝါ တို့ဖြင့် ပြည့်နှက် နေသည်။ ငရဲထိန်း တို့က
အလျှံ တငြီးငြီး တောက်လောင် နေသည့် ထက်လှ စွာသော ဓား လှံ စသည့် လက်နက်
ကြီးများ ဖြင့် သတ်ပုတ် ရိုက်နှက် ထိုးပစ် နေကြ သည်။
ငရဲသား တို့၏
ဦးခေါင်း လက် ခြေ တို့ကို အပိုင်းပိုင်း ဖြတ်ပစ် ကြ၏။ သံပူ မြေပြင် ၌ လူးလဲ
နေကြသော ငရဲသား တို့ကို ကြီးစွာသော သံ တင်းပုတ်ကြီး တို့ဖြင့် အသား အရေ
အရိုး အကြော တို့ ကြေမွ အောင် အတင်း ထိုးနှက် ကြသည်။
သွေးတို့ သည်
လှိုင်းတံပိုး ဖြစ်၍ ပြင်းထန်စွာ စီးကုန်၏။ ထို အသွေးအသား အလုံးစုံ တို့သည်
သံ မြေပြင် မှ ထ၍ မီးလုံးကြီး ဟပ် လိုက်လျှင် အကြွင်းအကျန် မရှိအောင်
လောင်ကြွမ်း ခံကြရ သည်။
ထိုသို့ပင် လောင်ကြွမ်း သွားသော်လည်း
ငရဲသား တို့မှာ မကျွတ်မလွတ် ကြရ သေးဘဲ အကုသိုလ် ကံ စီမံမှု့ကြောင့် တဖန်
ငရဲသား ခန္ဓာကိုယ် ပြန်၍ ဖြစ်ကြ ရသည်။
အကုသိုလ် ကံ မကုန်သရွေ့
မကျွတ်မလွတ် ကြရ ဘဲ အဖန်ဖန် ပြန်ဖြစ် ၍ ငရဲခံ ကြရ သည်။ နှစ်ပေါင်း ကုဋေကုဋာ
ကြာ သော်လည်း အကုသိုလ် ကံ မကုန်သမျှ ခံကြ ရသည်။
• သဉ္ဇိုဝ်း ငရဲ သက်တမ်း •
လူတို့၏ အနှစ် ၉ သန်း သည် သိဉ္ဇိုဝ်း ငရဲ ၌ ( ၁ )ရက် ဖြစ်၏။ သိဉ္ဇိုဝ်း ငရဲ သည် ငရဲ သက် အားဖြင့် အနှစ် ( ၅၀၀ ) သက်တမ်း ရှိ၏။
လူတို့၏ အရေအတွက် အားဖြင့် နှစ်ပေါင်း ကုဋေပေါင်း တစ်သိန်းခြောက်သောင်း နှစ်ထောင် ရှိ၏။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
• ကာလသုတ် ငရဲ •
ဤ ငရဲဘုံ၌ ဖြစ်ကြသော သတ္တဝါ တို့ကို မျဉ်းနက်ကြောင်း ကြီး ချ၍ ပဲခွပ် ၊
ဓားမ ၊ လွှ စသည် တို့ဖြင့် ရွေခုတ် ၊ တိုက်ခွဲ အပ်သော ကြောင့် ကာလသုတ် ငရဲ
ဟု ခေါ်သည်။
ဤ ကာလသုတ် ငရဲ ၌ လည်း အလျှံ တပြောင်ပြောင် တောက်လောင်
နေသော သံမြေပြင် ဝယ် များပြားလှ စွာသော ငရဲသား တို့ဖြင့် ပြည့်နှက်လျက်
ရှိသည်။
ငရဲထိန်း တို့သည် အလျှံပြောင်ပြောင် တောက်သော လက်နက်
အမျိုးမျိုး တို့ဖြင့် ငရဲသား တို့အား ပတ်ခတ်ပြီး သံမြေပြင် ၌ လဲစေ ကုန်၏။
ငရဲသားများ လဲနေသော အခါ ငရဲထိန်း တို့က ထန်းပင်လုံး ပမာဏ ရှိသော သံမှို ကြီး
တို့ဖြင့် မလှုပ်မရှက် နိုင်အောင် သံမြေ ၌ ခိုင်မြဲစွာ စိုက်နှက်ပြီး
လွှသမားများ သစ်တုံး ကို လွှတိုက်ရန် မျဉ်းသား သကဲ့ သို့ ငရဲသား တို့၏ ကိုယ်
ကို မည်းနက်သော တမျဉ်းကြိုး ကို ကိုင်၍ မျဉ်းသား ကြသည်။
ထို့နောက်
မှ ငရဲထိန်း တို့သည် အိမ် အမိုး တစ်ခြမ်း ပမာဏ ရှိသော ဓားမကြီးတို့ ဖြင့်
လည်းကောင်း တစ်ခြမ်းပဲ့ နေသော ကျောက်တောင် ပမာဏရှိ ပဲခွပ် ပုဆိန် တို့ဖြင့်
လည်းကောင်း မျဉ်းကြောင်း အတိုင်း လိုက်၍ အလွှာလိုက် ကွာကြအောင် ခုတ်ရွေ
ခွဲစိတ် မြှောင့်ပစ် ကြသည်။
ကြီးမား ထက်မြက် သည့် အစွယ်ကြီးများ
ရှိသော ငရဲ လွှကြီး တို့ဖြင့် လည်း တိုက်ခွဲ ကြသည်။ ငရဲကောင် တို့၏
ခန္ဓာကိုယ် သည် ပျဉ်ချပ်များ ပမာ အပြားလိုက် အချပ်လိုက် အစိတ်စိတ် အမြွာမြွာ
ဖြစ်ကုန်၏။
အကြမ်းခွဲခြင်း အနုစိတ်ခွဲခြင်း စသည် တို့ဖြင့်
အမျိုးမျိုး တိုက်ခွဲခြင်း ၊ အကြမ်းရွေခြင်း အနုရွေခြင်း စသည် ဖြင့်
အမျိုးမျိုး ရွေခြင်း တို့ကို အဆင့်ဆင့် ပြုလုပ် ကြသည်။ ငရဲထိန်း တို့
ပြုလုပ်သည့် အတိုင်း ငရဲသား တို့မှာ သစ်တုံးများ ပမာ စင်းစင်း ပက်လက်လဲ ကာ
ခံနေကြ ရသည်။
ထိုသို့ ခုတ်ရွေ စဉ်း စိတ် တိုက်ခွဲ၍ အစိတ်စိတ်
အမြွာမြွာ အလွှာလွှာ အချပ်ချပ် ဖြစ် နေသော ငရဲသား တို့၏ အသွေးအသားများ သည်
သံမြေ မှ ထတောက်သော ငရဲ မီးလုံးကြီးများ ၏ ဝါးမြိုမှု့ကြောင့် အားလုံး
လောင်ကြွမ်း ပျက်စီးသွား ကြ ရသည်။
ငရဲသား သတ္တဝါ တို့သည် အကုသိုလ် ကံ မကုန်သမျှ ထို ငရဲဘုံ ၌ပင် ငရဲ ခန္ဓာကိုယ် ထပ်ကာ ထပ်ကာ ပြန်ဖြစ်၍ ဆင်းရဲစွာ ခံစားကြ ရသည်။
ကာလသုတ် ငရဲ ၏ သက်တမ်း
------------------------------
လူတို့၏ နှစ်ပေါင်း သုံး ကုဋေ ခြောက်သန်းသ ည် ကာလသုတ် ငရဲ ၌ တစ်ရက်သာ
ဖြစ်၏။ ထို ကာလသုတ် ငရဲ သည် ငရဲ သက် အားဖြင့် အနှစ်တစ်ထောင် သက်တမ်း
ရှိ၏။လူတို့၏ အရေအတွက် အားဖြင့် သုံးကုဋေ ခြောက်သန်း ကို တစ်ထောင်ဖြင့်
မြှောက်ပွား ၍ ရေတွက် ရမည် ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
• ၃ - သင်္ဃာတ ငရဲ •
ဤ ငရဲ ၌ ဖြစ်ကြ ကုန်သော သတ္တဝါ တို့ကို ကြီးကျယ် မြင့်မား ပြီး အလျှံ
တငြီးငြီး တောက်လောင် နေသော သံတောင်ကြီး တို့သည် ဒလိမ့်တုန်းကြီးများ သဖွယ်
လိမ့်ဆင်း လာ၍ မှုန့်မှုန့် ညက်ညက် ကြိတ်ချေ ကြသောကြောင့် သင်္ဃာတ ငရဲ ဟု
ခေါ်သည်။
ဤ သင်္ဃာတ ငရဲ ၌ အလျှံ တငြီးငြီး တောက်လောင် နေသော သံ မြေပြင်
ပေါ်ဝယ် ထန်းပင်ကြီးများ ပမာ မတ်မတ်ရပ်လျက် နေကြသော ငရဲသား သတ္တဝါ တို့ဖြင့်
ပြည့်နှက် နေသည်။
ထို ငရဲသား တို့သည် သုံးဂါ ဝုတ်မျှ လောက်
ကြီးမားသော ကိုယ်ခန္ဓာ ရှိကြ ၏။ အောက်ခြေ သံမြေ အတွင်း ၌ ခါးတိုင်အောင်
နစ်မြုပ်ခံ နေကြရ သဖြင့် လှုပ်ရှား သွားလာ ၍ မရကြပေ။ ထန်းတော ပေတော
ကွမ်းသီးပင်တော အုန်းပင်တော ကြီးများ ပမာ အထက်သို့ မတ်မတ် ထောင်နေသော
ကိုယ်ရှိ ကြ၏။
အရပ်လေးမျက်နှာ မှ ကြီးကျယ် မြင့်မားပြီး မီးလျှံ
ပြောင်ပြောင် ထိန်ထိန်လောင် နိုင်သော သံ မီးတောင်ကြီး များသည် အလှည့်ကျ
ကြီးမားသော အသံများ ကို မြည်ဟီးလျက် သံ ဒလိမ့်တုံး ကြီးများ
လမ်းကြိတ်စက်ကြီးများ ပမာ ငရဲသား သတ္တဝါ တို့အား အလှည့်ကျ ရက်စက်စွာ ကြိတ်
နင်းလျက် တဟုန်ထိုး လိမ့်သွား ကြသည်။
အရှေ့အရပ် မှ သံ မီးတောင်ကြီး
သည် မုန်ယစ် သော ဆင်ကြီး ကဲ့သို့ ကျယ်လောင်စွာ မြည်ဟီးလျက် ငရဲသား တို့ကို
အတင်းနင်းနယ် ကြိတ်ဝါး ပြီး အနောက်အရပ် သို့ လိမ့်သွား လေသည်။
ထို
အခါ သွေးဝ နေသော မျှော့များ ကို ပြင်းထန်စွာ ဖိနှိပ် ညှစ်လိုက်သည့် အခါ
သွေးများ အဟုန်ပြင်းစွာ ပန်းထွက်လာ သကဲ့သို့ ငရဲသား တို့ကိုယ် မှ သွေးရေ
အလျဉ် သည် သမုဒ္ဒရာ လှိုင်းလုံးကြီး လောက်မက တဟုန်တည်း ထ၍ ငရဲ တံတိုင်းဝ ကို
ရိုက်ခတ် လေသည်။
ငရဲသား တို့ ညက်ညက် ကြေကြ ရသည်။ ထို အချိန်တွင်
ငရဲ မီးလျှံ သည် သွေးလှိုင်း ကြီးများ ကို အတင်း လောင်မြိုက် ကြသည်။
ထို့နောက် ငရဲ သတ္တဝါ တို့သည် မိမိ တို့ အကုသိုလ်ကံ မကုန်သေး သမျှ မူလ ငရဲ
ခန္ဓာကိုယ် အတိုင်း ဖြစ်ပေါ်ကြ ရပြန်သည်။
အရှေ့အရပ် မှ သံတောင်ကြီး
သည် ငရဲသား တို့အား ကြိတ်ချေ လျက် အနောက်အရပ် သို့ သွားသည်။ တောင်အရပ် မှ
သံမီးတောင်ကြီး သည် မြောက်အရပ် သို့ အနောက် အရပ် မှ သံမီးတောင်ကြီး သည်
အရှေ့အရပ် သို့ မြောက်အရပ် မှ သံ မီးတောင်ကြီး သည် တောင်အရပ် သို့
အလှည့်ကျစီ ကမ္ဘာတည် သည်မှ စ၍ ကမ္ဘာ ပျက်သည့် တိုင်အောင် ကြိတ်ဝါး
နင်းနယ်လျက် ရှိသည်။
ငရဲသား တို့သည် အကုသိုလ်ကံ မကုန်မချင်း အဖန်ဖန် ကြိတ်ချေ ခံနေကြရသည်။
သင်္ဃာတ ငရဲ သက်တမ်း
------------------------
လူတို့၏ နှစ်ပေါင်း ၁၄-ကုဋေ ၄-သန်း သည် သင်္ဃာတ ငရဲ ၌ ၁-ရက်သာ ဖြစ်၏။ ထို သင်္ဃာတ ငရဲ သည် ငရဲသက် အားဖြင့် အနှစ်လေးထောင် အသက်တမ်း ရှိ၏။
လူတို့၏ အရေအတွက် အားဖြင့် ၁၄-ကုဋေ ၄-သန်း ကို လေးထောင် ဖြင့် မြှောက်ပွား ၍ ရေတွက် ရမည် ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
• ၄ - ရောရုဝ ငရဲ •
ဤ ငရဲ ၌ ဖြစ်ကြ ရသော သတ္တဝါ တို့သည် ကြီးကျယ် ပြင်းထန် လှသော အသံတို့ဖြင့်
အမြဲမပြတ် ငိုကြွေး မြည်တမ်း နေကြရသော ကြောင့် ရောရုဝ ငရဲ ဟု ခေါ်သည်။
ရောရုဝ ငရဲ သည် အလျှံပြောင်ပြောင် တောက်လောင်နေသော သံ မြေပြင် ရှိပြီး
ကမ္ဘာပတ်လုံး တည်သော အလွန်ပင် ငန် ယား စပ် ခါး ခြစ်တူးပြီး အထူးပူလောင်သော
အခိုးအငွေ့ တို့ဖြင့် ပြည့်လျှံ နေသည်။
ထို့ကြောင့် ၄င်း ငရဲ ကို
ဓူမရောရုဝ ငရဲ ဟုလည်း ခေါ်သည်။ ဤ ငရဲ သို့ ကျရောက် ကြသည့် များစွာသော ငရဲ
သား တို့၏ ကိုယ်သည် သုံးဂါ ဝုတ်မျှ ကြီးမား၏။ စပ် ငန် ခြစ်တူး အထူး
ပူလောင်သော အခိုးအငွေ့တို့သည် ငရဲ သား တို့၏ ကိုယ် အတွင်းသို့ ဒွာရ
ကိုးပေါက် မှ လျှောက်၍ အတင်း ဝင်ရောက် ကြသည်။
မွေးညင်းပေါက် စသည်
တို့မှ လည်း အတင်း ဝင်ရောက် ကြသည်။ ငရဲသား တစ်ကိုယ်လုံး ရှိ အသား အရိုး
ရိုးတွင်းခြင်ဆီ ပါ မကျန် အားလုံးပျံ့နှံ့ ၍ မွှေနှောက် ချောက်ချား ကြသည်။
အလွန် ပူပြင်းသော သံ အိုးကင်း ထဲ၌ ဖုတ်လှော် အပ်သော အမဲသားတစ် မှ အခိုး
တချောင်ချောင်း ထသကဲ့ သို့ ငရဲသား တို့၏ တစ်ကိုယ်လုံး မှ အခိုး
တချောင်းချောင်း ထကုန် ၏။
ပြင်းထန်သော အဆိပ်နံ့ ကို ရှူရှိုက် မိသူ
သည် သေလုနီး အခါတွင် တလိမ်လိမ် တလွန့်လွန့် နေရ သကဲ့သို့ ငရဲသား တို့သည်
အခိုး တချောင်းချောင်း ထွက်သော ကိုယ်ဖြင့် တဖျတ်ဖျတ် လူးလွန့် တွန့်လိမ်
နေကြ ရသည်။ မခံမရပ်နိုင်အောင် ပူလောင် ကျိန်းစပ်လှ သဖြင့် ပြင်းထန်
ကျယ်လောင်စွာ အော်ဟစ် ငိုကြွေး ကြ ရသည်။
ရောရုဝ ငရဲ သက်တမ်း
-----------------------
လူတို့ ၏ နှစ်ပေါင်း ၅၇-ကုဋေ ၆-သန်း သည် ရောရုဝ ငရဲ ၌ ၁-ရက်သာ ဖြစ် ၏။ ထို
ရောရုဝ ငရဲ သည် ငရဲသက် အားဖြင့် အနှစ်လေးထောင် ရှိ၏။ လူတို့ ၏ အရေအတွက်
အားဖြင့် ၅၇-ကုဋေ ၄-သန်း ကို လေးထောင်ဖြင့် မြှောက် ၍ ရေတွက် ရမည် ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
• ၅ - မဟာ ရောရုဝ ငရဲ •
ရောရုဝ ငရဲ ထက် ကြီးလေး ပြင်းထန်သောကြောင့် မဟာ ရောရုဝ ငရဲ ဟု ခေါ်သည်။
ကြီးလေး ပြင်းထန်သော မီးတောက် မီးလျှံ ရှိသော ကြောင့် ဇာလရောရုဝ ငရဲ ဟုလည်း
ခေါ်သေးသည်။
မဟာ ရောရုဝ ငရဲ သည် အလျှံပြောင်ပြောင် တောက်လောင်နေသော
သံမြေပြင် ရှိ၏။ ငရဲသား တို့၏ ကိုယ်သည်လည်း သုံးဂါဝုတ် မျှ ကြီးမား ၏။
အဆိပ် နှင့် တကွသော မီးလျှံ တို့သည် ငရဲသား တို့၏ ခန္ဓာကိုယ် အတွင်းသို့
အတင်းဝင်ရောက် လောင်မြိုက် နေကြ သည်။
ငရဲသား တို့၏ ခန္ဓာကိုယ်
သည်လည်း မီးကျီးခဲကြီးများ သိုလှောင် ထားသော ဂိုဒေါင်ကြီး သဖွယ် ဖြစ်နေ
သည်။ ရပ်တည်ရာ မရနိုင်အောင် လွန်စွာ ပူလောင် ဆင်းရဲလှ သဖြင့် ပြင်းထန်
ကျယ်လောင်စွာ အော်ဟစ် ငိုကြွေး နေကြ ရသည်။ အကုသိုလ်ကံ မကုန်သမျှ မလွတ်နိုင်
ကြကုန်။
မဟာ ရောရုဝ ငရဲ သက်တမ်း
----------------------------
လူတို့၏ နှစ်ပေါင်း ၂၃၀-ကုဋေ ၄-သန်း သည် မဟာ ရောရုဝ ငရဲ ၌ ၁-ရက်သာ ဖြစ်၏။
ထို မဟာ ရောရုဝ ငရဲ သည် ငရဲသက် အားဖြင့် အနှစ် ရှစ်ထောင် ရှိ၏။
လူတို့၏ အရေအတွက် အားဖြင့် ၂၃၀-ကုဋေ ၄-သန်း ကို ရှစ်ထောင်ဖြင့် မြှောက်ပွား ၍ ရေတွက် ရမည် ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
• ၆ - တာပန ငရဲ •
ဤ ငရဲ ၌ ကျရောက် ရသော သတ္တဝါ တို့ကို အလျှံပြောင်ပြောင် ထွက်နေသော
သံတံကျင်ကြီး ၌ မလှုပ်မရှက် ထိုင်နေစေလျက် တစ်ကိုယ်လုံး ကို ပြင်းထန်စွာ
ပူလောင်စေသော ကြောင့် တာပန ငရဲ ဟု ခေါ်သည်။
ဤ ငရဲ သည်
အလျှံပြောင်ပြောင် တောက်လောင်သော သံမြေပြင်ဝယ် မရေမတွက် နိုင်အောင်
ပြည့်နှက် နေသော ငရဲသား တို့ကို သံမြေ မှ ပေါ်ပေါက် လာသော အလျှံပြောင်ပြောင်
တောက်သည့် သံ တံကျင် တို့ဖြင့် ထိုးလျှို ကုန်လျက် တည်နေ၏။
သံ
တံကျင် တို့သည် အောက်ဒွာရ ( စအို ) မှ သည် အထက် ဦးခေါင်း သို့ ပေါက်စေ ၏။
ငါး ကို ပါးစပ်ပေါက် မှ နေ၍ တံစို့ ထိုးထား သကဲ့ သို့ ဖြစ်၏။ ရဲရဲညီးသော
သံမြေ ၌ ထောက်ရပ် ထားသည့် ခြေနှစ်ဖက် တို့ကို သံမှို တို့ဖြင့် တွယ်နှက်
ထားသည်။
လက်ယာဘက် လက်မောင်း မှ လျှို ထိုးလိုက်သော သံတံကျင် သည်
လက်ဝဲဘက် လက်မောင်းဆီ သို့ ထုတ်ချင်းပေါက် သွား၏။ သံ တံကျင် တို့မှာ လည်း
မီးဟုန်းဟုန်း ထ နေသည်။
သံတံကျင်များ ထိုးလျှိုထား သဖြင့်
မလှုပ်မရှက် နိုင်သော ငရဲသား တို့အား ကောက်နယ် တလင်းခန့် ရှိ ရဲရဲ ညီးသော
သံပူပြားကြီး တို့ဖြင့် လာ၍ လာ၍ ကပ်ကြ သေးသည်။ ယင်းသို့ကပ်လိုက်သော အခါ
ပန်းပဲဖို မှ ထုတ်၍ ရေသို့ ချသော သံပြားကြီး ကဲ့သို့ တရှဲရှဲ မည်နေ ကြသည်။
လွန်စွာ ပူပြင်း လှ၍ ရုန်းကန် လှုပ်ရှား လိုသော်လည်း ထိုးလျှို ရိုက်နှက်
ထားသော သံ တံကျင် သံမှို တို့ကြောင့် လှုပ်ရှား ၍ မရဘဲ အတင်းကြဲ ၍သာ ခံကြ
ရှာသည်။ အကုသိုလ်ကံ မကုန်သမျှ လွတ်ခွင့် မရကြ ချေ။
တာပန ငရဲ သက်တမ်း
----------------------
လူတို့၏ နှစ်ပေါင်း ၉၂၁-ကုဋေ ၆-သန်း သည် တာပန ငရဲ ၌ ၁-ရက်သာ ဖြစ် ၏။ ထို
တာပန ငရဲ သည် ငရဲ သက် အားဖြင့် နှစ်ပေါင်း တစ်သောင်းခြောက်ထောင် ရှိ၏။
လူတို့၏ အရေအတွက် အားဖြင့် ၉၂၁-ကုဋေ ၆-သန်း ကို တစ်သောင်းခြောက်ထောင် ဖြင့် မြှောက်ပွား ၍ ရေတွက် ရမည် ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
• ၇ - မဟာတာပန ငရဲ •
တာပန ငရဲ ထက် ဆင်းရဲဒုက္ခ အင်အားကြီးမား ပြင်းထန် သောကြောင့် မဟာ တာပန ငရဲ ဟု ခေါ်သည်။
မဟာတာပန ငရဲ ၌ လည်း အလျှံ ညီးညီး အရှိန် ကြီးသော သံမြေပြင် ရှိ၏။
ကြီးမားသော သံ မီးတောင်ကြီး များလည်း ရှိ၏။ ဝန်းကျင် ၌ ထူထပ် များပြား
လှသည့် အဖျားချွန်ထက် သော မီး သံတံကျင် တောကြီးလည်း ရှိ၏။
.နွားကျောင်းသား သည် မိမိ နွားအုပ် ကို မြက်ပေါက်သော တောင်ပေါ်သို့
အတင်းမောင်း သကဲ့သို့ ငရဲထိန်း တို့သည် ကြီးမား ထက်မြက်သော မီးလက်နက်
အမျိုးမျိုး တို့ဖြင့် ရိုက်နှက်လျက် ငရဲသား အုပ်ကြီး ကို မီးသံတောင်ကြီး
ပေါ်သို့ အတင်းမောင်းနှင် ကြသည်။
ငရဲသား တို့သည် မီး သံတောင်ကြီး
ပေါ်သို့ တက်ကြ ရသည်။ တောင်ခုလတ် ၌ ရှိနေ ကြသော ငရဲ ဆူးပင်ကြီးများ က ငရဲသား
တို့၏ ဝမ်းဗိုက် ကို ဖောက်လျက် အူ အသည်း မျက်လုံး တို့ကို ချိတ်ဆွဲ ကုန်၏။
ငရဲသား တို့သည် မီးတောင်ထိပ် သို့ ရောက်သော အခါ အငွေ့ပြင်းထန် စပ် ငန်
ပူလောင် သည့် အဆိပ်ခိုး တို့နှင့် ရောနှော နေသော ငရဲ လေပြင်း တိုက် သဖြင့်
ငရဲသား တို့မှာ သံ မီးတောင်ထိပ် မှ လွင့်၍ သံတံကျင် တောပေါ်သို့ကျရောက်
ရလေသည်။
ထိုအခါ ကိုယ် ၌ သံတံကျင်များ စူးဝင်လျက် ကြီးမား ပြင်းထန်လှသော ဆင်းရဲ ကို ခံကြ ရပြန်သည်။
ငရဲထိန်း တို့သည် သံတံကျင် ထိပ်ဖျား တွင် စူးဝင် စွပ်မိလျက် မမြင်ဝံ့
မရှုဝံ့ လွန့်ကာ လွန့်ကာ ခံနေကြ ရသော ငရဲသား တို့အား ရဲရဲ ညီးသော သံတွေခဲ
တို့ဖြင့် ပစ်ခတ်လျက် သံမှိန်း သံခက်ရင်း တို့ဖြင့် သံ မြေပြင် ပေါ်သို့
ထိုးချ ကြ ပြန်သည်။
မီးသံ မြေပြင် မှ တဖန် မီးသံတောင် ပေါ်သို့ အတင်း တက်ခိုင်း ကြုပြန်သည်။
ဤ မဟာတာပန ငရဲ သည် လင် ယောကျား အပေါ်တွင် မထီလေးစား စော်ကား နိုင်နင်းသော
မိန်းမဖျင်း တို့နှင့် လင်ယောက်ျား အပေါ် နိုင်လို မင်းထက် ရက်စက်
ကြမ်းကြုတ်စွာ ပြုကျင့်သော မိန်းမယုတ် တို့ ကျရောက် ရာ ငရဲ ဖြစ် ကြောင်း
သံကိစ္စ ဇာတ် ၌ ဟောကြား ထားသည်။
ထို့အတူပင် မိမိ ဇနီး မယားအား မတရား
စော်ကား နှိပ်စက် အကြမ်းဖက် အနိုင်အထက် ပြုလုပ်သော ယောကျာင်္းယုတ် များလည်း
ထို ငရဲ ၌ ကျရောက်နိုင် လေသည်။
• မဟာတာပန ငရဲ သက်တမ်း •
-------------------------------
လူတို့ ၏ နှစ်ပေါင်း ၃၆၈၆-ကုဋေ ၄-သန်း သည် မဟာတာပန ငရဲ ၌ ၁-ရက်သာ ဖြစ်သည်။
ထို မဟာတာပန ငရဲ သည် ငရဲသက် အားဖြင့် သုံးသောင်း နှစ်ထောင် ( အန္တရကပ်
ထက်ဝက် ) ရှိ၏။
လူတို့ ၏ နှစ်ဖြင့် ရေတွက် ပါက ၃၆၈၆-ကုဋေ ၄-သန်း ကို သုံးသောင်းနှစ်ထောင်ဖြင့် မြှောက်ပွား ၍ ရေတွက် ရမည် ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
• ၈ - အဝိစိ ငရဲ •
ငရဲသား သတ္တဝါ ငရဲ မီးလျှံ ဆင်းရဲ ဒုက္ခ ဤ သုံးမျိုးလုံး အကြားအလပ် မရှိသောကြောင့် အဝိစိ ငရဲ ဟု ခေါ်သည်။
ထို ငရဲ ကိုပင် ကြီးမားသော အပြစ် ကျူးလွန် သူတို့ ကျခံရသော ကြောင့် မဟာ အဝိစိ ငရဲ ဟုလည်း ခေါ်သည်။
သံသေတ္တာကြီး အတွင်း ၌ မုန်ညင်းစေ့များ ကို သိပ် ၍ ထား သကဲ့သို့ တခဲနက် ပြည့်ကျပ် ပြီး နေရာလပ် ကြားလပ် မရှိသော ငရဲ ဖြစ်သည်။
ထို အဝိစိ ငရဲ ၏ အလယ်တည့်တည့် တွင် ငရဲမကြီး ခေါ် ငရဲ နေပြည်တော်ကြီး
ရှိပြီး ထုထည် ကိုး ယူဇနာ ရှိသော သံတံတိုင်း တို့ဖြင့် ဝိုင်းရံ ထားသည်။
အထက် နှင့် အောက် တောင် နှင့် မြောက် အရှေ့နှင့် နောက် အထက် မျက်နှာပြင်
အောက် မျက်နှာပြင် ယူဇနာ တစ်ရာစီ ရှိ၏။
၎င်း ကို ထု ကိုး ယူဇနာ
ရှိသော သံပြားကြီး တို့ဖြင့် ပိတ်ထား၏။ အဝိစိ ငရဲမ ကြီးသည် လေးထောင့်
စပ်စပ် ရှိသော သံသေတ္တာကြီး နှင့် တူသည်။
အဝိစိ ငရဲ ၌ ကံကြီးထိုက် ၍
နှစ်ပေါင်းရှည်ကြာ ခံကြ ရမည့် နှစ်ကြီးသမား ငရဲသားများ ကျရောက် ကြသည်။
အဝိစိ ငရဲမကြီး၌ အရပ် လေးမျက်နှာ တွင် သံတံခါးကြီး လေးခု ရှိပြီး
အကုသိုလ်ကံ ကုန်၍ ကျွတ်လွတ်ခွင့် ရသော သတ္တဝါ ရှိခဲ့ လျှင် ထို
တံခါးကြီးများ အလိုလို ပွင့်သွားပြီး ထို သတ္တဝါ တို့ ထွက် ကြ ရသည်။
ယင်းသို့ ပွင့်သွား သော်လည်း အကုသိုလ်ကံ မကုန်သေးသော သတ္တဝါ တို့မှာ ထွက်၍
မရ ကြပေ။အဝိစိ ငရဲကြီး ၏ အောက်သံမြေ မှ ထလောင်သော မီးလျှံ သည် ယူဇနာ
တစ်ရာရှိ အထက် သံ အမိုးပြင် သို့ တိုင်အောင် တက်သည်။
အထက်
သံအမိုးကြီး မှ ဆင်း၍ ဖြာထွက်သော မီးလျှံ တို့သည် လည်း အောက်သံမြေပြင် သို့
ရောက်၏ ငရဲ မီးလျှံ တို့သည် ထိုမှ သည် ငရဲ တံတိုင်းဆီ သို့ ထုတ်ချင်းခတ်
ပျံ့နှံ့ နေသည်။
ပိန်းပိတ်နေသော ငရဲ မီးလုံးထဲ ၌ ငရဲသား တို့သည်
ချမ်းသာ ဟူ၍ စိုးစဉ်မျှ မရှိ စက္ကန့်ဝက်မျှ ချမ်းသာသည် ဟူ၍ မရှိဘဲ
နှစ်ပေါင်း အသင်္ချေ အနန္တ တိုင်အောင် လျှပ်တပြတ်မျှ ဆင်းရဲ ဒုက္ခ မှ မလွတ်
ရဘဲ ဒုက္ခ ကြား မလပ်အောင် ခံစားနေကြ ရသည်။
ထို အဝိစိ ငရဲကြီး ၌
ငရဲသား သတ္တဝါ လို နေသော ကွက်လပ် မရှိ သောကြောင့် နေရာ ကွက်လပ် စောင့်နေ
ရသော ငရဲသား ဟူ၍ မရှိ။ ကြား ကွက်လပ် မရှိ သော်လည်း လာသမျှ ရောက်သမျှ
ငရဲသား အားလုံး ဝင်ဆန့် နိုင်လေ သည်။ လာလာသမျှ ငရဲသား တို့ကို မပယ်မလှန်
လက်ခံ နိုင်သော သတ္တိ ရှိပေသည်။
အဝိစိ ငရဲကြီး ၏ သက်တမ်း
---------------------------
လူတို့ ၏ နှစ်ပေါင်း ၁၄၇၄၅-ကုဋေ ၆-သန်း သည် အဝိစိ ငရဲ ၌ ၁-ရက်သာ ဖြစ်၏။
ထို အဝိစိ ငရဲ သည် ငရဲသက် အားဖြင့် ခြောက်သောင်းလေးထောင် ( အန္တရကပ် တစ်ကပ် )
ရှိသည်။
လူတို့ ၏ အရေအတွက် အားဖြင့် ရေတွက် လိုလျှင် ၁၄၇၄၅-ကုဋေ
၆-သန်း ကို ခြောက်သောင်း လေးထောင် ဖြင့် မြှောက်ပွား ၍ ရေတွက် ရမည်
ဖြစ်သည်။ သို့သော် လူတို့ ၏ ကိန်းဂဏန်း ဖြင့် ရေတွက် ၍ မရသည် ကို သတိပြု
ဆင်ခြင် ရာ၏။
ဤ အကြောင်းအရာ များကို ဗုဒ္ဓဘာသာ လက်စွဲကျမ်း မှ ကူးယူ ရေးသားထားပါကြောင်း
0 Comments