Advertisement

Responsive Advertisement

ကျိုက်ထီးရိုး ဘုရား နှင့် မကျွတ်မလွတ်သေးသူများ



တကယ်တော့ ဒီအကြောင်းကို ရေးရင် ဆန့်ကျင့်သူများနဲ့ အတိုက်အခံများ အများကြီး ဖြစ်လာ နိုင်စရာ ရှိတာကို သိပါတယ်။ မရေးသင့်မှန်းလည်း သိပါတယ်။ ဒါပေမယ့် အနည်းအကျဉ်းလေးလောက် နားလည် သွားရင် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရေးလိုက်ပါတယ်။ ကျိုက်ထီးရိုးစေတီတော်ကြီးဟာ ဘာသာခြားတွေတောင် အံ့သြရတဲ့ နေရာ တစ်ခုပါ။ စေတီတော်အနားမှာ ထိုင်ပီး ဘုရားရှိခိုး မေတ္တာပွား ရတာ အရသာ ရှိလွန်းလို့ ခဏတိုင်းရောက်ဖြစ်ပါတယ်။ တနေ့ကကို အမေ့ကို လိုက်ပို့ရင်း တစ်ခေါက်ထပ် ရောက်ပြန်ပါတယ်။
ဘုရားစေတီးများကို ဗန်းပြ – ရှိလား မရှိလား မသိတဲ့ နတ်များနဲ့ ခြိမ်းခြောက်ပီး ဘုရားဖူး များဆီက အတင်းဓားပြတိုက်နေတဲ့ ( သူများတွေ ပြောနေကြသလိုပဲ အလှူခံနေတာလို့ကို ကိုယ်လည်း မသုံးနှုန်းချင်တော့ဘူး ) လူတွေက မြန်မာနိုင်ငံနဲ့ မြန်မာ လူမျိုးကို တနေ့တခြား အကျည်းတန် အရှက်ရလာ စေပါတယ်။ ကျိုက်ထီးရိုးရဲ့ နေရာအများမှာ ကန်ထရိုက် ဆွဲထားတယ်လို့ ကြားဖူးပါတယ်။ ဖြစ်နိုင်ခြေ ရှိပါတယ်။ လုပ်စားနေသူတွေရဲ့ အပြောအတိုင်းဆို ကျိုက်ထီရိုး တောင်ပေါ်က သူတို့လုပ်စားဖို့ ဖန်တီးထားတဲ့ နတ်ရုပ်များဟာ အကုန်သမိုင်းဝင် ချည်းပါပဲ။ ဘုရားဖူးတွေက အဲဒီနေရာတွေကို မဝင်ချင် ပေမယ့်လည်း အတင်း ဆွဲခေါ်ပါတယ်။ အထဲ ရောက်သွားရင်တော့ မလှူပဲ ပြန်ထွက်လို့ မရတော့ ပါဘူး။ မရမက ထွက်လာပြန်ရင်လည်း နောက်ပိုင်းက တောထဲမှာ ပြန်လမ်းမရှိတဲ့ ပုံစံမျိုး ကျိန်စာ တိုက်ပါတော့တယ်။ မြန်မာ့ တောသူ တောင်သားများက ကြောက်တတ်တယ် အစွဲအလန်း ကြီးတယ်မို့လား။ အဲဒါဟာ လုပ်စားသူတွေရဲ့ အကြိုက်ကွက်ပေါ့။
PK ဆိုတဲ့ အာမီခန်းရဲ့ နာမည်ကြီး အိန္ဒိယ ဇာတ်ကား ကြည့်ဖူးပါတယ်။ ဘာသာရေး ပညာပေး ဇာတ်ကားပါ။ ဟိန္ဒူ ဝါဒပြင်းထန်တဲ့ အိန္ဒိယမှာ ဘာသာရေး အားနည်းချက်တွေကို ထောက်ပြထားလို့ အတော် ဝေဖန်ခံခဲ့ရပေမဲ့ အမှန်တရားတွေ ဖြစ်နေလို့ ဇာတ်ကားရိုက်တဲ့ ကုန်ကျစရိတ်က ဒေါ်လာ ၂၆ သန်း သာ ကုန်ကျခဲ့ပေမယ် ဝင်ငွေက ဒေါ်လာ သန်း၁၀၀ ကျော် ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ အဲဒီဇာတ် ကားထဲမှာ ဘုရားကို စောင့်ရှောက်နေပါတယ် ဆိုတဲ့ ဘုရား ဂေါပကတွေကို ပြောသွားတဲ့ စကားလေးက အဝေဖန် ခံရဆုံး ဖြစ်သလို ထိချက်ကလည်း ပြင်းလှပါတယ်။ ဘုရားဂေါပကလူကြီးက သူက ဘုရားကို စောင့်ရှောက် ကာကွယ်နေတာလို့ ပြောဆိုတဲ့အပေါ်မှာ ဇာတ်လိုက်က ပြန်ပြောတယ် “ခင်များတို့က ဘုရားကို ကားကွယ်မယ် ဟုတ်လား…. ” “ဒီကမ္ဘာကြီးက သေးသေးလေးပါ တကယ့်ကို သေးသေးလေးပါ။ ကမ္ဘာသေးသေးလေး ထဲက လမ်းသေးသေးလေးထဲက အိမ်သေးသေးလေးထဲမှာ ထိုင်ပီး ကမ္ဘာကြီးကို ဖန်ဆင်းခဲ့တဲ့ ဘုရားကို ခင်များက ကာကွယ် မယ်ပေါ့လေ။ ခင်များကာကွယ် စရာ မလိုပါဘူး။ သူ့ဘာသာသူ ကာကွယ်နိုင်ပါတယ်”တဲ့ …။
ဘုရားတွေ နတ်ရုပ်တွေကို ဘန်းပြပီး ကိုယ့်ကျိုး စီးပွားအတွက် လုပ်နေကြတာ မြန်မာပြည် အနှံ့အပြားမှာ တပုံတပင် တွေ့နေရတယ်။ ကျိုက်ထီးရိုးကတော့ အဆိုးဆုံးလို့ ထင်ပါတယ်။ တောင်ပေါ် စတက်ပီဆိုကတည်းက လမ်းပြင်တာ အကြောင်းပြ နတ်ကွန်းတွေ ကျောက်ပြားခင်းမှာ မကြောင်းပြပီး အတင်းအလှူခံပါတယ်။ ဘယ်တော့ သွားသွား အဲ့ကျောက်ပြားက မခင်းရသေးပါဘူး။ တနေ့တနေ့ ရတဲ့ငွေက မနည်းပါဘူး။ တစ်နှစ်တစ်ခါတောင် မရောက်တာပဲ လိမ်ချင်လည်း လိမ်ပါစေလေ ဆိုပီး အလှူငွေ ထည့်ခဲ့သူတွေလည်း မနည်းမနောပါပဲ။ လုံးဝကို မထည့်သင့်ပါဘူး။

ဒါမှ နိုင်ငံ သိက္ခာကျနေတဲ့ အဲဒီ အကျင့်ဆိုးတွေ ပျောက်မှာပါ။ လမ်းတလျှောက် အလှူခံရန်ဘေးတွေကနေ မနည်း လွတ်အောင် ရုန်းပီး တောင်ပေါ် ရောက်ပြန်တော့လည်း ရောင်းနေသမျှ တောထွက် ပစ္စည်းတွေကလည်း အကုန် အတုတွေချည်းပါပဲ။ ဥပမာ နံ့သာဖြူတုံး စပါးကြီး သည်းခြေ ကျောက်သွေး စသည် အကုန်အတုချည်းပဲ။ တည်းခိုခန်းတွေက အီးစော် ချီးစော် နံနေတာတောင် သောကြာ စနေရက်တွေမှာဆို တစ်ခန်းကို ၇ သောင်း ၈ သောင်းပါ။ (ရိုင်းသွားရင် ခွင့်လွှတ်ပါ )။ တောင်တက်ကားတွေရဲ့ စပါယ်ယာတွေကလည်း ရိုင်းချက်က 9 ကျော်တယ်။ သတ်မှတ်ထားတာထက် လူပိုတင်တယ်။ ပြွတ်သိပ်နေတာပဲ။ ကိုယ် ပြောရဲပါတယ်။ ရောက်ချင် လို့သာသွားနေကြတာ စိတ်သက်သာတဲ့လူ တစ်ယောက်မှ မပါလောက်ဘူး။
နိုင်ငံခြားသား အများစု သွားရောက်တဲ့ အဲဒီလို နေရာတွေဟာ နိုင်ငံအတွက် ဂုဏ်တက်စေ ဂုဏ်ကျစေတဲ့ နေရာတွေမို့ တကယ်ဂရုစိုက်သင့်တဲ့ နေရာတွေပါ။ ကိုယ်သွားတဲ့နေ့ကဆို နိုင်ငံခြားသူ နှစ်ယောက် အတင်းအလှူခံနေတဲ့ သူတွေကို Beggar လို့ ဆဲသွားပါတယ်။ ကိုယ်က ကြားကနေ စိတ်တိုနေရတယ်။ တာဝန်ရှိသူများ အနေနဲ့ ပြုပြင်သင့်ပါပီ။ ဘုရားကို ကာကွယ်စောက်ရှောက် ပါတယ် လို့ ပြောပီး လုပ်စားနေတဲ့ ဂေါပကတွေကို အရေးယူပီး နိုင်ငံ့အရှက်နဲ့ ဂုဏ်သိက္ခာကို ကယ်တင်ပေးပါလို့ တောင်းဆိုပါတယ်။ လုပ်စားသူတွေ အများဆုံးပြောတဲ့ ရွှေနန်းကျင်ကို လှူပီး အမျှပေးလိုက်ပါ တဲ့ ။ တကယ်တော့ ရွှေနန်းကျင်က မကျွတ်လွတ်သေးတာ မဟုတ်ပါဘူး။ တကယ်မကျွတ် လွတ်သေးတဲ့သူတွေက ကျိုက်ထီရိုးတောင် တလျှောက်က ဓားပြ တစ်ဖြစ်လဲ ဂေါပကတွေပါပဲ။ PK ပြောသလိုလေးလိုပဲပေါ့ “ခင်များတို့က ဘုရားတွေ နတ်တွေကို ကာကွယ်စရာ မလိုပါဘူး။ သူတို့ဘာသာသူတို့ ကာကွယ်နိုင်ပါတယ်”….။ ။
By သီတဂူအရှင်ဇဋိလ ( ကဝ )

Post a Comment

0 Comments