Advertisement

Responsive Advertisement

လူသေသော်လည်း ကိုယ်ရေမပုတ်ရခြင်း


ကိလေသာမှန်သမျှဟာ အာမဂန္ဓ=ညှီဟောက်တဲ့အနံ့, အညှီအဟောက်သာဖြစ်သည်။
"နိက္ကိလေသာနံ မတသရီရမ္ပိ ဒုဂ္ဂန္တံ နဟောတိ"
နက္ကိလေသာနံ - ကိလေသာမရှိသော ပုဂ္ဂိုလ်တို့၏
မတသရီရမ္ပိ - သေသွားသော အလောင်းကောင် ရုပ်ကလာပ်သည်လည်း
ဒုဂ္ဂန္တံ နဟောတိ - အပုပ်နံ့မထွက်
ဒီအဋ္ဌကထာ စကားရပ်ကိုကြည့်ပြီး သေလျှင် မပုပ်တဲ့ သူတွေကို ရဟန္တာ ပဲ လို့ ယူဆတဲ့ အယူအဆဟာ မြန်မာ ပြည်မှာ ကြီးထွားနေတယ်။ ဒီအယူအဆက သေလို့ မပုပ် သူကို ရဟန္တာ အနေနဲ့ ကြည်ညိုလို့ ကိုယ့်အတွက် သိပ် အန္တရာယ် မဖြစ်ပေမယ့် သေပြီးတဲ့အခါ တောင့်တင်းသွား တဲ့သူတွေ၊ ပုပ်သွားတဲ့ သူတွေကို ရဟန္တာ မဟုတ်ဘူးလို့ စွပ်စွဲမိရင်တော့ အန္တရာယ် ရှိနိုင်တယ်။ နောက်တစ်ချက်က သေလျှင် မတောင့်တင်း မပုပ်သူကို ကိုယ့်ဟာကိုယ် ကြည်ညိုရုံ မကဘဲ သူတကာကို ဒါရဟန္တာပါလို့ ဇွတ်ပြောမိရင်လည်း အန္တရာယ် ရှိတယ်။

သေလို့ ပုပ်တယ်၊ မပုပ်ဘူး ဆိုတာကို ကြည့်ပြီးတော့ ရဟန္တာဟုတ်မဟုတ် ဆုံးဖြတ်လို့ မရဘူး။ သေပြီးနောက် ပိုင်း မတောင့်တင်း၊ မပုပ်ဘူးဆိုတာ ပုထုဇဉ်မှာလည်းဖြစ် နိုင်တယ်။ သေက္ခအရိယာတွေမှာလည်း ဖြစ်နိုင်တယ်။ ရဟန္တာတွေမှာလည်း ဖြစ်နိုင်တယ်။ ကိလေသာတွေ ရှိနေပေမယ့် အတိတ်ကပါလာတဲ့ ကုသိုလ်ကံတွေကြောင့် သေပြီးနောက် မပုပ်တာတွေ ရှိတယ်။ ဝိပဿနာ ကျကျနန ရှုထားလို့ မပုပ်တာလည်းရှိတယ်။ ကိလေသာတွေ အကုန်ကုန်သွားလို့ အဋ္ဌကထာ စကားရပ်အတိုင်း မပုပ်တာလည်း ရှိတယ်။ အဋ္ဌကထာကို အမှားလို့ပြောနေတာ မဟုတ်ဘူးနော်၊ အဋ္ဌကထာ မှန်တယ်၊ ဖြစ်နိုင်ချေ တစ်ခုကို ရှင်းပြ ထားတဲ့ စကားရပ်ကို လှေနံဓားထစ် အသေဆုပ်ထားရင် ကိုယ့်အမှားပဲဆိုတာ သိစေချင်တာပါ။ ရုပ်ခန္ဓာဆိုတာ တစ်ဦးနဲ့တစ်ဦး တူမှမတူဘဲ။ ပုပ်ချင်ပုပ်မှာပေါ့။ ရုပ်ဆိုတာ သူ့ဆိုင်ရာ အကြောင်းအတိုင်း ဖြစ်လာမှာပဲ ကိုယ်ကပြော မရဘူး။ အရေးကြီးတာက သေလျှင်မပုပ်တာ ရဟန္တာပဲ ရယ်လို့ ဘုရားက မဟောဘူး ဆိုတာပဲ။ မဟောဆို ဒီစကားက တစ်ဖို့ တစ်ဖက် တစ်စုတည်း ကြည့်ပြီး ပြောဖို့ မှန်မှ မမှန်ပဲကို။ ဘယ်ဟောပါ့မလဲ။ ကိလေသာ ကင်း မကင်း၊ စင် မစင် ဆိုတာ ရုပ်ကိုကြည့်ပြီး ဆုံးဖြတ်ဖို့ မဖြစ်နိုင်ဘူး။ သူကျင့်ကြံခဲ့တဲ့ တရားဓမ္မကို ကြည့်ရမှာပဲ။
ရဟန္တာနဲ့ ပတ်သက်တဲ့ အယူအဆတွေမှာ သေလျှင် ညာဘက်စောင်းတယ် ဆိုတာကလည်း ပါသေးတယ်။ အရှင်ကောဏ္ဍညကြီး ပရိနိဗ္ဗာန်စံတာ ထိုင်လျက်စံတာလေ။ ဘယ်လိုလုပ် ညာဘက်စောင်းမလဲ။ ရဟန္တာ မဟုတ်ဘူး ပြောမလား။ အရှင်မဟာမောဂ္ဂလာန်ကြီး ကျတော့ မတ်တပ်စံတယ်တဲ့။ ဘယ်မှာညာဘက်စောင်းမလဲ။ အရှင်အာနန္ဒာတို့ သန္တိအမတ်ကြီးတို့ ကောင်းကင်ပေါ် ပျံတက်ပြီး ပရိနိဗ္ဗာန် စံတယ်လို့ ဆိုတယ်။ ဒါတွေကြည့်ပြီး ဒီပုဂ္ဂိုလ် တွေကို ရဟန္တာ မဟုတ်ဘူးလို့ ပြောလို့ ရပါ့မလား။
နောက်ထပ် အရိုးချိတ်ဆက်တယ်ဆိုတဲ့ အယူအဆလည်း ရှိသေးတယ်။ ဒီအယူကတော့ အတော်ဗဟုသုတ နည်းပြီး လက်လွတ်စပါယ်နိုင်တယ်လို့ ပြောရမယ်။ စာပေမှာပါတာ က ဘုရားအလောင်းတွေအရိုးက သံကွင်းလို ကွင်းဆက်၊ ပစ္စေကဗုဒ္ဓါလောင်းအရိုးက ချွန်တောင်းချိတ်လို ချိတ်ဆက်၊ ကျန်လူတွေ တေ့ဆက် လို့ပဲ ဆိုတယ်။ ဒီနေရာမှာ ဘုရားလောင်း ကွင်းဆက်လိုပဲ စကြာမင်းလောင်းတွေလည်း ကွင်းဆက်ပဲ။ စာပေမှာ ထင်ရှားတာ ဘုရားလောင်း သိဒ္ဓတ္ထ မင်းသားအပြင် နန္ဒမင်းသားတို့ ရာဟုလာမင်းသားတို့ ကို လည်း စကြာမင်းလောင်းအင်္ဂါနဲ့ ညီတယ်လို့ ဆိုတယ်။ သူတို့လည်း အရိုးကွင်းဆက်ပဲလေ။ ဘုရားမှ မဟုတ်ဘဲ။
 ပုပ်ခြင်း မပုပ်ခြင်းနဲ့ ရဟန္တာရဲ့ ဂုဏ်ရည်တွေကိုပဲ ဆက်တာကောင်းတယ်။ သာသနာတော်မှာ အရှင်သာရိပုတ္တရာကြီးက နေလို လလို ထင်ရှားတယ်။ ဗြဟ္မာကို ကိုးကွယ်နေတဲ့ တစ်မိသားစုလုံးကို အရိယာတွေ ဖြစ်စေခဲ့ တယ်။ ညီအကို မောင်နှမ ခုနစ်ဦးစလုံး ရဟန္တာတွေ ဖြစ် ကုန်တယ်။
ညီအကြီးဆုံး ဥပသေနဆိုတာလည်း ထင်ရှားတဲ့ ရဟန္တာကြီး တစ်ပါးပါ။ ဒီရဟန္တာကြီး ပရိနိဗ္ဗာန်စံတဲ့ရက်မှာ သံဃာတွေနဲ့ စကားပြောနေတုန်း အပေါ်ကဆော့နေတဲ့ မြွေကလေး ပြုတ်ကျလာတယ်။ အရှင်မြတ်ရဲ့ ကိုယ်ပေါ်ကို ကျ တဲ့အခါ အရှင်ဥပသေနက ကိုယ်တော်တို့ တပည့်တော်ကို အပြင်ထုတ်ပေးပါလို့ ပြောတယ်။ အပြင်ကို မ,ထုတ်ပြီး မကြာခင်ပဲ အသားတွေပုပ်ဆွေး ပြတ်ကျပြီး ပရိနိဗ္ဗာန်စံ သွားတယ်။ အင်မတန် အဆိပ်ပြင်းတဲ့ မြွေမျိုး။ ကိုက်မိလျှင် ဆေးမမီဘူး။ ချက်ချင်း အသားပုပ်ဆွေးပြီး အသက် ပါသွားတယ်။ အချို့က ဒီမြွေရဲ့ အသားနဲ့ထိလျှင်တောင် အဆိပ်မိတယ်လို့ ပြောစမှတ်ရှိတယ်။ စာရေးသူတို့ ပျဉ်းမနားနယ်ဘက်နေစဉ်က မြွေပြဒါးဆိုလား၊ မြွေပတုတ်ဆို လား အရေပြားပြောင်ချော်ချော်နဲ့မြွေက ဒီလိုအဆိပ်မျိုး ရှိတယ်လို့ ကြားဖူးတယ်။ ကိုင်လည်း မကိုင်ဖူးပါဘူး။ အကိုက်လည်း မခံရဖူးပါဘူး။ (ခံရရင် ဒီစာဘယ်ရေးနိုင် ပါ့မလဲ)။ အိမ်ထဲဝင်လာတာတော့ ကြုံဖူးတယ်။ မှားဝင် လာတာထင်ပါတယ်။ ပြန်ထွက်သွားမှ သက်ပြင်းချနိုင် တယ်။ ထားပါလေ....။ ပြောချင်တာက အရှင်ဥပသေန ရဟန္တာကြီး မြွေဆိပ်ကြောင့် ပုပ်တယ်ပေါ့။ ရုပ်ဆိုတာ ဒီလိုပဲ ဆိုင်ရာအကြောင်းအလိုက် ဖြစ်မှာပဲ။ ကိလေသာ ကင်းနေလို့ မြွေဆပ်မတက်ဘူးဆိုတာ ဘယ်ဟုတ်ပမလဲ။ နိရောဓသမာပတ် ဝင်စားနေရင်တော့ တစ်မျိုးပေါ့။ အခုက ပုံမှန် နေရင်းထိုင်ရင်းဆိုတော့ အဆိပ်တက်တာပေါ့။
(ဒါတောင်အချို့က သောတာပန် အရက်သောက်လျှင် မမူးဘူးတို့၊ ရေနဲ့အရက်ရောသောက်လျှင် ရေပဲဝင်တယ်တို့ အရက်က ရေဖြစ်တယ်လို့ ပြောကြသေးတယ်။ ရဟန္တာ ကိုယ်ထဲတောင် မြွေဆိပ်ဝင်သေးတာ သောတာပန်ကိုယ်ထဲ ကိုရော အရက်ဘာလို့ မဝင်နိုင်ရမလဲ။ ကိုယ့်ဟာကိုယ် သောက်ချင်သောက်ပါ။ သောတာပန် မဟုတ်ဘူးဆိုလည်း မဟုတ်ဘူးပေါ့။ အခုတော့ သောတာပန်လဲဖြစ်ချင် အရက် ကလည်း မပြတ်နိုင်တော့ ငါးပါးမှောက်တာပေါ့။ သောတာပန်တစ်ယောက် ခွဲစိပ်ခန်းဝင်စရာရှိလို့ မေ့ဆေးထုံဆေးပေးတဲ့အခါ မတိုးဘူးဆိုရင် မခက်ပေဘူးလား။)
နောက်ထပ် ပူတိဂတ္တတိဿမထေရ်ဆိုတာ ရဟန္တာပဲ။ ပရိနိဗ္ဗာန်စံတော့ အသား၊ အရိုး ဆွေးမြေ့ပုပ်ပွပြီး စံတာပဲ။ သူက အစကတည်းက ရောဂါဖြစ်နေတာ။ အရှင်ဥပတိဿ မထေရ်ကြီး ကိလေသာကင်းစင်ပေမယ့် မြွေဆိပ်ကြောင့် ပုပ်ရသလို အခုလည်း ကိလေသာကင်းစင်ပေမယ့် ရောဂါကြောင့် ပုပ်ရတာပဲ။ ပုပ်တာ နံတာ ရုပ်ရဲ့သဘောပဲ။ ကိလေသာဆိုတဲ့ နာမ်တွေကို ပြဿနာမရှာနိုင်ပါဘူး။
ရုပ်ဆိုတာ သေပြီး ပုပ်ရင်လဲ ပုပ်မှာပဲလေ။ မသေခင်တောင် ဒီလောက်ပုပ်ဟောင် နံစော်နေတာကိုး။ နေ့တိုင်း သန့်ရှင်း ရေးလုပ်နေလို့သာ သက်သာနေတာ။ မဟုတ်ရင် အချစ် လေး၊ အသဲလေး၊ ပူတူတူးလေး ဆိုတဲ့လူတွေတောင် ကပ်ချင်မှာ မဟုတ်တော့ဘူး။ ရဟန္တာကြီးတစ်ပါး သက်တော်ကလည်းကြီး၊ ကျန်းမာရေးကလည်းမကောင်း၊ ပြုစုမယ့်သူ လည်းမရှိလို့ ကျင်ကြီးကျင်ငယ် အလိမ်းလိမ်း ကပ်နေတာ ကို သိကြားမင်းက လာပြုစုတယ်လို့ပြောတယ်။ မထေရ်ကြီးက နတ်ဆိုတာ လူအနံ့ကို တစ်ယူဇနာကတောင် မခံနိုင်ဘူး။ ဒါ့ကြောင့် သွားပါလို့ခိုင်းတော့ သိကြားမင်းက အရှင်ဘုရားရဲ့ သီလရနံ့ဟာ အလွန်မွှေးကြိုင်ပါတယ်လို့ ပြန် ပြောတယ်။ ဒါ လူနံ့မွှေးတယ်ပြောတာ မဟုတ်ဘူး။ သီလရနံ့ကိုပြောတာ။ သီလ၊ သမာဓိ၊ ပညာဂုဏ် ရနံ့တွေက မွှေး ကြိုင်နေတာ။ ရုပ်နဲ့ပတ်သက်လို့ကတော့ ရှင်းရှင်းပြောရရင် ဘုရားတောင် သူ့ကိုယ်သူ ပုပ်တယ်လို့ ပြောဖူးတယ်။ "ကိံတေ ဝက္ကလိ ဣမိနာ ပူတိကာယေ = ဝက္ကလိ! ငါဘုရားရဲ့ ကိုယ်ကောင်ပုပ်အားဖြင့် သင့်မှာ ဘာအကျိုးရှိမလဲ"တဲ့။ အသွေး၊ အသား၊ သလိပ်၊ ချွေး၊ ကျင်ကြီး၊ ကျင်ငယ်တွေ စုပေါင်းနေတဲ့ ဒီရုပ် ကိုယ်ခန္ဓာကြီးက ပုပ်တာမဆန်းဘူး။ ဒါကိုကြည့်ပြီး ရဟန္တာ ဖြစ် မဖြစ် ပြောနေတာကသာ ထူးဆန်းနေတာပါ။
ဒီရဟန္တာကြီးက သာဝတ္ထိပြည်က မြတ်စွာဘုရား တရား ဟောတာကိုကြားပြီး ရဟန်းပြုလာတာပါ။ ဘွဲ့ကတော့ တိဿလို့ခေါ်တယ်။ နောက်ပိုင်း မုန့်ညှင်းစေ့လောက် အနာ လေး ကိုယ်မှာ ဖြစ်လာရာကနေ နောက်တော့ ပဲနောက်စေ့ ပမာဏ၊ ပဲစင်းငုံသီးပမာဏ၊ ဇီးသီးပမာဏ၊ ဇီးဖြူသီး၊ ဥသျှစ်သီး လောက်အထိ အနာတွေက ကြီးလာတယ်။ သကလသရီရံ - ကိုယ်အလုံးသည်၊ ဆိဒ္ဒါဝဆိဒ္ဒံ - အပေါက် အပေါက်၊ အဟောသိ - ဖြစ်၏ တဲ့။ အဲတော့မှ ပူတိဏ္တ တိဿထေရ်ရော တွေဝ နာမံ ကိုယ်လုံးပုပ်သော တိဿ ထေရ ဆိုတဲ့ နာမည်တွင်သွားတာ။ နောက်ထပ်ကြာလာ တော့ အဋ္ဌနီ - အရိုးတို့သည် ဘိဇ္ဇိံသု - ကျိုးကုန်၏။ အပဋ္ဌိဇဂ္ဂိယော - မသုတ်သင်နိုင်သည်။ အဟောသိ - ဖြစ်၏ နိဝါသန ပါရုပနပိ - ဝတ်သောသင်္ကန်းရုံသောသင်္ကန်းလည်း ပုဗ္ဗလောဟိတ မက္ခိတံ - ပြည်သွေးအလိမ်းလိမ်းကပ်ခြင်း ရှိ၏ လို့ဆိုတယ်။ နောက်ပိုင်းတော့ ပြုစုမယ့်သူမရှိလို့ ဘုရားကိုယ်တိုင်လာပြုစုမှ ရဟန်းတွေ ဝိုင်းပြုစုကြတယ်။ တိုတိုပြောရရင် သွေးပြည် အလိမ်းလိမ်းနဲ့ ညစ်ပတ်နေရာ က သန့်ရှင်းရေးလုပ်ပြီးလို့ စိတ်လက် ပေါ့ပါးနေတုန်း ဘုရားက တရားဟောမှ တိဿရဟန်း ရဟန္တာဖြစ်တယ်။ နောက်တော့ ဒီဝေဒနာနဲ့ပဲ ပရိနိဗ္ဗာန်စံတယ်။ ဘုရားက တဿ - ထိုရဟန္တာ၏ သရီရကိစ္စံ - သင်္ဂြိုလ်ခြင်းကိစ္စကို ကာရာပေတွာ - ပြုစေ၍ ဓာတုယော - ဓာတ်တော်တို့ကို ဂပေတွာ - ယူ၍ စေတိယံ - စေတီကို ကာရာပေသိ - တည် စေတယ်တဲ့။ရဟန်းတွေကလည်းဘုရားကို ပူတိဂတ္တတိဿ မထေရ်ကြီးသည် ကုဟိံ - ဘယ်အရပ်မှာ နိဗ္ဗတ္တော - ဖြစ်သ လဲ လို့မေးတော့ ပရိနိဗ္ဗူတော - ပရိနိဗ္ဗာန်စံပြီ တဲ့။ ဒီတော့ ရဟန်းတွေက အရဟတ္တူ ပနိဿယသမ္ပန္နဿ - အရဟတ္တ ဖိုလ်၏ ဥပနိဿယည်းနဲ့ပြည့်စုံသော ဘိက္ခုနောပန - ရဟန်းကား ကိံကာရဏ - အဘယ်အကြောင်းကြောင့် ဂတ္တံ - ကိုယ်သည်၊ ပူတိကံ - ပုပ်ခြင်းရှိ၏၊ ဇာတံ - ဖြစ်လေသ နည်း၊ ကိံကာရဏ - အဘယ်အကြောင်းကြောင့်၊ အဋ္ဌီနိ - အရိုးတို့သည်၊ ဘန္နာနိ - ကျိုးကုန်ဘိသနည်း၊ ကိံကာရဏ - အဘယ်အကြောင်းကြောင့်၊ အရဟတ္တဿ - အရဟတ္တဖိုလ် ၏၊ ဥပနိဿယဘာဝံ - အကြောင်းနှင့်ပြည့်စုံသည်၏အဖြစ် သို့၊ ပတ္တံ - ရောက်လေသနည်း လို့မေးတာပေါ့။ ဘုရားက ဖြေတာ ရှင်းရှင်းလေးပဲ။ ဘိက္ခဝေ - ရဟန်းတို့၊ ဧတံ တဗ္ဗံ - ဤအလုံးစုံသည်၊ ဧတဿ - ထိုရဟန်း၏၊ အတ္တနာ - မိမိ သည်၊ ကတကမ္မေနေဝ - ပြုအပ်သောကံဖြင့်သာလျှင်၊ နိဗ္ဗတ္တံ - ဖြစ်၏ တဲ့။ ဘာတွေပြုဖူးသလဲ မေးမှ အတိတ် ဇာတ်ကိုဟောတာ။ သူက အတိတ်တုန်းက ငှက်မုဆိုး ဖြစ်ခဲ့ တာကိုး။ သူဖမ်းမိတဲ့ ငှက်တွေကို ဘုရင်ကိုဆက်တယ်။ ပိုတာတွေကို ရောင်းစားတယ်။ နောက်ပိုတာတွေကို သတ် ပြီး သိမ်းထားလိုက်တယ်။ ငှက်သေတွေကို ပူတိကာဝ - ပုပ်သည်သာလျှင်၊ ဘဝိဿန္တိ ဖြစ်ကုန်၏ ဆိုတော့ သူက မပုပ်အောင် မသတ်တော့ဘူး။ မပျံနိုင်အောင် ဒူးရိုးတွေ အတောင်ရိုးတွေကို ချိုးထားတယ်။ နောက်ရက်ကျတော့ ရောင်းလို့ရအောင်ပေါ့။ ငှက်တွေအများကြီးရရင် သူကိုယ် တိုင်လည်း ချက်စားတာပေါ့။ တစ်နေ့ ငှက်သားဟင်း ကောင်းကောင်းချက်ထားပြီး စားခါနီး ရဟန္တာတစ်ပါး ကြွ လာတာမြင်တော့ သဒ္ဓါပေါက်လို့ လောင်းလှူပြီး တုမှေဟိ - အရှင်ဘုရားတို့၊ ဒိဋ္ဌဓမ္မဿ - မြင်အပ်သောတရား၏၊ မတ္ထကံ - ပြီးခြင်းသို့၊ ပါပုဏေယျံ - ရောက်ပါလို၏ လို့ ဆုတောင်းခဲ့တယ်။ ဒီနေရာမှာ ဘုရားရှင် အကြောင်း အကျိုး ဆက်စပ်ပြတာက ဘိက္ခဝေ - ရဟန်းတို့၊ တဒါ - ထိုအခါ၌၊ တိဿဿ - တိဿ၏၊ ကတကမ္မေန - ပြုအပ် သောကံဖြင့်၊ ဧတံ - ဤမကောင်းမှုသည်၊ တိဿဿ - တိဿအား၊ ဥပ္ပန္နံ - ဖြစ်ပြီး၊ သကုဏာနံ - ငှက်တို့၏၊ အဋ္ဌီလေ ဒနနိဿန္ဒေန - အရိုးကိုချိုးခဲ့ဖူးသော မကောင်းမှု ကံ၏ အကျိုးဆက်ဖြင့်၊ တိဿဿ - တိဿ၏၊ ဂတ္တဉ္စ - ကိုယ်သည်လည်း၊ ပူတိကံ - ပုပ်ခြင်းသို့၊ ဇာတံ - ရောက် သောဖြစ်ခြင်းရှိ၏၊ အဋ္ဌီနိစ - အရိုးတို့သည်လည်း၊ ဘိန္နာနိ - ကျိုးလေကုန်၏၊ ခီဏာသဝဿ - ရဟန္တာအား၊ သရသပိဏ္ဍပါတဒါနိဿန္ဒေန - အရသာရှိသော ဆွမ်းကို ပေးလှူခဲ့ဖူးသော ကုသိုလ်ကံ၏အကျိုးဆက်ဖြင့်၊ ရဟတ္တံ - ရဟန္တာအဖြစ်သို့၊ ပတ္တော - ရောက်၏ လို့ဆိုတယ်။ ဒါကို ကြည့်ရင် ရဟန္တာဖြစ်ခြင်းရဲ့ အကြောင်းက တစ်ခု၊ ပုပ်ခြင်း ရဲ့ အကြောင်းက တစ်ခု ဆိုတာ သိနိုင်ပါပြီ။
အရိယာ ဖြစ်တယ်ဆိုတာ ဆိုင်ရာကိလေသာတွေကို အမြစ်ပါမကျန် သမုစ္ဆေဒပဟာန် ပယ်ရှားပစ်တာပဲ။ မဂ်ကပယ်တဲ့ ကိလေသာဆိုတာ အတိတ် ကိလေသာလဲ မဟုတ်ဘူး။ အနာဂတ် ကိလေသာလဲ မဟုတ်ဘူး။ ပစ္စုပ္ပန် ကိလေသာလဲ မဟုတ်ဘူး။ အတိတ်က ကိလေသာဆိုတာ ဥပါဒ်၊ ဋ္ဌီ၊ ဘင် ခဏငယ် (၃) ချက်မှာပဲ ဖြစ်ပြီး ပျက်သွားပြီ မမီလိုက်ဘူး။ ပစ္စုပ္ပန် ကိလေသာ ကလည်း လက်ဖျစ်တစ်တွက်အတွင်း ဖြစ်သွားတဲ့ စိတ်ပေါင်း ကုဋေသန်းချီ မှာပါတဲ့ အကုသိုလ်စေတသိက်ဆိုတော့ မမီပြန်ဘူး။ အနာဂတ် ကိလေသာ ဆိုတာကလည်း ဖြစ်မှမဖြစ်သေးတော့ ဘာမှလုပ်မရသေးဘူး။ မဂ်ကပယ်တဲ့ ကိလေသာက အနုသယကိလေသာ ဆိုတာပဲ။ အကိန်းဓာတ်၊ ဖြစ်ခဲ့၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ့၊ တစ်ခုမှ မဟုတ်ဘူး။ ဖြစ်စေနိုင်တဲ့ ဓာတ်တစ်မျိုး။ သဘောက ပဋိဃာနုသယရှိနေရင် ဒေါသဖြစ်စရာ အာရုံတွေ့ရင် ဒေါသဖြစ်မှာပဲ။ ထိန်းနိုင် လို့ အရှိန်မပြင်းတာတို့၊ အချိန်မကြာတာတို့တော့ ရှိမယ်။ အနာဂါမ်လိုတော့ လုံးဝ ဒေါသမထွက်ဘဲမနေဘူး။ အနာဂါမ်က ပဋိဃာနုသယ(ပဋိဃသံယောဇဉ်) ကို အနာဂါမိမဂ္ဂဘာဝနာပညာနဲ့ သမုစ္ဆေဒပဟာန်အား အမြစ်ပြတ်ပယ်ရှားပြီးပြီ။ ဂက်စ်ကုန်သွားတဲ့ မီးခြစ်လို ကျောက်ပြုတ်သွားတဲ့ မီးခြစ်လို ဘယ်လိုခြစ်ခြစ် မီးမတောက်တော့ဘူး။ မြင်စရာ၊ ကြားစရာ၊ ဘယ်လိုစိတ်ဆိုးစရာ အာရုံကြုံကြုံ ဒေါသမထွက်တော့ဘူး။ ဒါကို ဘူမိလဒ္ဓုပန္နလို့ခေါ်တယ်။ ဒီအနုသယက ကိုယ့်ဟာကိုယ် ကြိုးစားပြီး ပယ်ရတာ။ ဘုရားတောင် လာပယ်ပေးလို့ မရဘူး။ (ဒါလေးပြောချင်လို့ ဘုရားတောင်ပယ်မရတဲ့ ကိလေသာဘာလဲလို့ မေးဖူးတုန်း က အဆဲခံရဖူးသဗျ)။ ''အတ္တာဟိ အတ္တနော နာထော'' "မိမိကိုယ်သာ ကိုးကွယ် ရာ" ဆိုတာနဲ့ "ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံ သရဏံ ဂစ္ဆာမိ" "ဘုရား၊ တရား၊ သံဃာ ကိုးကွယ်ပါ၏ဆိုတဲ့ ကိုးကွယ်မှုနှစ်မျိုး။ ပြဿနာက ဒါနားလည်ရင် ရှင်းပါတယ်။ "နာထ" နဲ့ "သရဏ" ဆိုတဲ့ စကားလုံးတွေ အဓိပ္ပါယ်ကိုရှင်းနေရင် ပိုရှည်နေ တော့မယ်။ အတိုချုပ်ပြောရရင် အနုသယကိလေသာကို မဂ်နဲ့ပယ်ဖို့ ကိုးကွယ်ရာ အားကိုးရာက ကိုယ်တိုင်ပဲ။ ကိုယ့်အား ကိုယ်သာကိုး။ ဘုရားတောင် လာမပယ်ပေးနိုင်ဘူး။ ဘုရားတည်းဟူသော အာရုံကိုတောင် ကိလေသာဖြစ်နိုင်သေးတာပဲ။ ဥပမာဆိုရင် မာဂဏ္ဍီကမုန်းလို့ ဒေါသကိလေသာ ဖြစ်တယ်။ ဝက္ကလိက သဘောကျလွန်းလို့ လောဘကိလေသာ ဖြစ်တယ်။ ပယ်နိုင်တဲ့ နည်းလမ်းကို ညွှန်ကြားပြသပေးဖို့ ကိုးကွယ်စရာ အားကိုးစရာ ကလည်း ဘုရား၊ တရား၊ သံဃာ ပေါ့လေ။ ဆက်သွားရင် အနုသယ ကိလေသာ ပယ်တဲ့ ဆောင်းပါး ဖြစ်တော့မယ်။ လိုရင်းက ကိလေသာဆိုတာ အနုသယ ကိလေသာကို မဂ်နဲ့ ပယ်ပြီး ကိလေသာဖြစ်စရာ အာရုံကြုံတိုင်း ကိလေသာ မဖြစ်တော့တာပဲရှိတယ်။ သူ့ဟာသူသေရင် တောင့်ချင်လည်း တောင့်မယ်။ မှောက်ချင်လည်း မှောက်မယ်။ ပျော့ချင်လည်း ပျော့မယ်။ ညာဘက်စောင်းချင် လည်း စောင်းမယ်ပေါ့။
အချို့အချို့သော တရားစခန်းတွေမှာ ဒီလိုအယူတွေ ဖြစ်နေတာရှိတယ်။ ရာသက်ပန်တရားစခန်းဝင်သွားသူတွေ ကွယ်လွန်ပြီး ဈာပနချရင် မီးသင်္ဂြိုလ်ရင်း တခြားယောဂီတွေ အသုဘကမ္မဋ္ဌာန်းရှုတာတွေ ဘာတွေလည်း ရှိကြပါတယ်။ ဒီမှာ ကျန်ခဲ့တဲ့ယောဂီတွေက အလောင်းလေးပျော့နေရင် ကြည်ညိုသလောက် မာတောင့်နေလို့ ကောင်းကောင်းရှို့မရ ခုတ်ရ၊ ထစ်ရ ဖြစ်တဲ့အခါ အလကား ပါလို့ အတွေးဝင်ကြတယ်။ ပျော့ပျောင်းပြီး တင်ပလင်ပါခွေလို့ရရင် အရိယာ ဖြစ်သွားပြီလို့တောင် တထစ်ချယုံကြည်ကြတယ်။ ဒါ ပြဿနာမဟုတ်သေးဘူး။ မာနေလို့ အလကားပါထင်ရင် ပြဿနာ။ ဆေးဆရာကြီး ဇီဝကရဲ့နှမငယ် သီရိမာပြည့်တန်ဆာမ သောတာပန်ဖြစ်သွားတာပဲ။ သူသေတော့ ဘုရားက ချက်ချင်းမသင်္ဂြိုလ်ခိုင်းပဲ စွဲလန်းနေတဲ့ရဟန်းကို တရားဟောဖို့ ဒီအတိုင်း ထားခိုင်းတယ်လေ။ သောတာပန် အရိယာမကြီးသေတော့ ဘယ်လိုနေလဲ။ စတုတ္ထေ ဒီဝသေ - လေးရက်မြောက်နေ့၌၊ သရီရံ - ကိုယ်သည်၊ ဥဒ္ဓုမာယိ - ဖူးဖူးယောင်၏၊ နဝဟိ ဝဏမုခေဟိ - ကိုးပါးသောအမာဝတို့မှ၊ ပုဋ္ဌဝါ - ပိုးလောက်တို့သည်၊ ပဂ္ဃရိံသု - ယိုစီးကုန်၏၊ သကလသရီရံ - ကိုယ်အလုံးသည်၊ ဘိန္နံ - ပျက်၏၊ သာလီဘတ္တ စာဋိဝိယ - သလေးထမင်းချက်သော အိုးစရည်း ကဲ့သို့၊ အဟောသိ - ဖြစ်၏ တဲ့ ။ သီရိမာကို ဘာတရားမှမရဘူးပြောလို့ ရပါ့ မလား။
နောက်ထပ် ထူးထူးဆန်းဆန်းက အရိယာဖြစ်တယ်လို့ ယူတာမဟုတ်ဘူး။ အရိယာမဟုတ်ဘူးလို့ ယူတာ။ တရားရတယ် ဘာညာမျိုးပေါ့လေပြောရင် အဲပုဂ္ဂိုလ်က တရားမရဘူးလို့ တထစ်ချ ဆွဲတော့တာပဲ။ ဒါကလည်း ကျမ်းမလွဲပါဘူး။ ဒါပေမယ့် အသေဆုပ်ထားလို့ လွဲတာ။ သောတာပန်ဖြစ်ရင် ရွှေအိုး ရထားသူက လူတကာ လည်မပြောသလို အရိယာကလည်း ပြောမနေဘူး ဆိုတာကို စုံကိုင်ပြီး တကယ့်အရိယာဆို မပြောဘူး၊ ပြောရင် မဟုတ်ဘူး ဆိုတာတွေ ဖြစ်ကုန်ရော။ အဲလိုကြီးလည်း မဟုတ်သေးပါဘူး။ လိုအပ်ရင် ပြောပါတယ်။ ရဟန်းတွေအဖို့ကတော့ မရဘဲ ရတယ်ပြောရင် ပါရာဇိကပဲ။ ရလို့ ရတယ်ပြောရင်တောင် ပြောတုန်း ဒုက္ကဋ်၊ ပြောပြီး ပါစိတ်တဲ့။ အာပတ်တွေ ရှိတယ်။ လူတွေအနေနဲ့တော့ မရှိပါဘူး။ ဓမ္မာဒါသသုတ်ကိုကြည့်ရင် ဘုရားတရားသံဃာကို မတုန်မလှုပ်ယုံကြည်ခြင်း မကျိုးမပေါက်မပြောက်မကျားတဲ့ အရိယသီလနဲ့ပြည့်စုံခြင်း ဆိုတဲ့ဂုဏ်တွေ တည်သူဟာ ကိုယ့်ကိုယ်ကိုယ် အပါယ်လေးပါးကလွတ်ပြီ။ အထက်မဂ်သာ လားရာရှိသည် စသည်ဖြင့် သောတာပန်အဖြစ်ကို ပြောလိုက ပြောနိုင်တယ်လို့ဆိုထားတယ်။ သတိပြုစရာကတော့ ဒီသုတ်မှာ လူတကာကို လိုက်ပြောဖို့ ပြောမထားဘူး ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ဖို့ပြောထားတာ။ ပီတိအဟုန်ကြောင့် ဝမ်းသာလွန်းလို့ ထုတ်ပြောတာတွေ, ကိုယ်သေခါနီးမှာ ယုံမှားကင်းအောင်မေးလို့ ဖြေရတာတွေလည်း အပြစ်လွတ်တာတွေလရှိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ရွှေအိုး ဥပမာလိုပေါ့။ တကယ်ရတဲ့သူက လည်း သိပ်ဟက်ဟက်ပက်ပက် မပြောလိုပါဘူးလေ။
ပြောခြင်း၊ မပြောခြင်းနဲ့ပတ်သက်လို့ ကြားဖူးတာတွေတော့ အများကြီးပါ။ အီတလီက ဦးလောကနာထက ဆရာတော်ကြီးတွေဆီ မေးဖူးတယ်ဆိုပဲ။ အရှင်ဘုရား ရဟန္တာလားပေါ့။ ဆရာတော်ကြီးတစ်ပါးက အေးဗျာ လူတွေက အပြင်သာပူတာမြင်တာ အထဲမှာ အေးသွားတာမျိုး မမြင်နိုင်ဘူးလို့ဖြေတယ်တဲ့။ နောက်တော့ ဒီလို တည့်တည့် မမေးတော့ဘူး။ တပည့်တော် ဘုရားဆုပန်ထား တယ်။ အရှင်ဘုရားနဲ့ နောက်ဘဝဆုံမလားလို့ မေးသတဲ့။ အရှင်ဘုရား သတ္တိ ကောင်းလှပါတယ်။ တပည့်တော်တော့ အဲလောက်သတ္တိ မရှိဘူးလို့ ဖြေသတဲ့။ ဒါတွေက ကြားဖူးတာတွေဆိုတော့ စကားလုံးအသုံးအနှုန်း မှားနိုင်ပါတယ်။
သဘောအကျဆုံးကတော့ မဟာစည်ဆရာတော်ကြီးနဲ့ မင်းကွန်းဆရာတော်ကြီး တို့ ဖြေတာကိုပဲ။ ပရိက္ခရာကုန်သည်ကြီး ဦးရွှေလှိုင်နဲ့ မင်းကွန်းဆရာတော်ကြီး တို့က ဇာတိတူတယ်။ မင်းကွန်းဆရာတော်ကြီးက ကြုံတုန်းဆိုပြီး အကြွ၊ ဦးရွှေလှိုင်က သူ့အိမ်ကို ရဟန္တာကြွတယ်လို့ အိပ်မက် မက်ထားတာနဲ့ ကြုံဆို တော့ အိပ်မက်အကြောင်းလည်းလျောက်၊ အရှင်ဘုရား ရဟန္တာပဲလို့လည်း ဆိုသတဲ့။ ရုပ်သွင်ချင်းကပါ တူတယ်ဆိုသကိုး။ မင်းကွန်းဆရာတော်ကြီးက ဒကာကြီး ကျုပ်ရဟန္တာ မဟုတ်ပါဘူး။ ရဟန္တာဖြစ်ဖို့ဆိုတာ လွယ်တာမဟုတ် ပါဘူး ဒကာကြီးလို့ ငြင်းတယ်တဲ့။ ကွယ်ဝှက်မနေပါနဲ့ အရှင်ဘုရား။ ဘယ်လို ငြင်းကွယ်ပေမယ့် အရှင်ဘုရား ရဟန္တာအစစ်ပါလို့ ဇွတ်လျောက်တော့ ဆရာတော်ကြီးက ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို ဒန်ဆေးခံခွက်ထဲထည့်ပြီး ယမ်းမီးခြစ်နဲ့ ရှဲခနဲခြစ်ပြီး ဆောင့်ကြောင့်ထိုင် ရဲခနဲ နှစ်ခါ သုံးခါ ရှိုက်ပြရင်း "ဒကာကြီး ဒါလားဗျ ရဟန္တာ၊ ရဟန္တာဆိုတာ ဒီလို ပလိဗောဓတွေ မရှိတော့ပါဘူး ဒကာကြီး၊ ဘုန်းကြီး ရဟန္တာ မဟုတ်ပါဘူး" လို့ ဆိုတယ်တဲ့။ ဒီလိုပြောချိန်မှာ တော့ ရဟန္တာမဟုတ်သေးဘူး သိနိုင်ပေမယ့် တထစ်ချတော့ မပြောရဲဘူး။ ဘာလို့လဲဆိုတော့ အောက်သွေး (၃၀) ဆို သတိလစ်၊ (၀) ဆိုသေနိုင်တာကို နှာခေါင်းသွေး (၂) ဇလုံလောက်ထွက်ပြီး အောက်သွေး (၀)နဲ့ (၂) နာရီလောက် သတိမလွတ်ဘဲ အေးအေးငြိမ်ငြိမ် နေနိုင်တယ်လို့ ဖတ်ဖူးတယ်။ စာရေးသူတို့ မင်းကွန်းကိုရောက်တုန်းကလည်း မင်းကွန်းဆရာတော်ကြီးဓာတ်တော်ဆိုတာ ဖူးခဲ့ရတယ်လေ။
မဟာစည် ဆရာတော်ကြီးက အင်္ဂလိပ်စာလည်းတတ်တယ် ။ အင်္ဂလိပ်လိုလည်း ဟောတာနာဖူးတယ်။ နိုင်ငံခြား သာသနာပြုတွေလည်း ကြွတယ်။ ဝိပဿနာနဲ့ ပတ်သက်လို့ မေးတာတွေလည်း ဖြေပေးတယ်။ ပရိယတ်နဲ့ ပတ်သက်တာတွေ မေးလည်း ဖြေတယ်။ တစ်ခါ ဂျပန်မတစ်ယောက်မေးတဲ့ မေးခွန်းတွေထဲမှာ မဂ်ဖိုလ်နဲ့စပ်တာတွေ ပါလာတယ်။ အကုန်ဖြေပေးတယ်။ ''ကိုယ်တိုင်မြင်ပြီလား" ဆိုတဲ့ မေးခွန်းကိုကျတော့ "မြင်ပြီပြောလို့လည်း ယုံချင်မှယုံမယ်၊ မမြင်ဘူးပြော လို့လည်း အကျိုးမရှိ၊ ဒါကြောင့် မဖြေလိုဘူး" လို့ဖြေခဲ့တယ်။ နောက်ထပ် ကြားဖူးတာကတော့ ခေါင်းပေါ်ကို ဖန်ချောင်းပြုတ်ကျတာ မလန့်ဘူးတို့၊ ဆေး လိပ်မီးနဲ့ တို့စမ်းတာမလန့်ဘူးတို့လည်း ကြားဖူးတယ်။ (ဖန်ချောင်းကတော့ ထားပါ၊ ဆေးလိပ်မီးကတော့ ဘယ်သူတို့စမ်းပါလိမ့်။ မလုပ်ကောင်းလုပ်ကောင်း အံ့သြစရာ)။ မာနဆိုတာ အတော်ပယ်ရခက်တဲ့ တရားပဲလို့ ပြောဖူးတယ်လို့လည်း ကြားဖူးတယ်။ (အနာဂါမ်အဆင့်များလား) ။ ရွှေမင်းဝံဆရာတော်လေးကို "ဒီက ဒွါရခြောက်ပေါက်က ကိလေသာတွေ မ၀င်တော့ဘူး" လို့ပြောတာလည်း ကြားဖူးတယ်။ (အခုတော့ ရွှေမင်းဝံဆရာတော်ကြီးလည်း မဟာစည်ဥသျှောင်ဖြစ်နေပါပြီ) ကျန်တာတော့ တရားပွဲအစ ဒကာ၊ ဒကာမတွေကိုအဆုံး မဂ်ဖိုလ် နဲ့ ပတ်သက်လို့ပြောတာ မကြားဖူးဘူး။ သူ့ယောဂီတွေတောင် ဘယ်သူ ဘယ် အဆင့် ဘာညာ မပြောဘူး။ ဥာဏ်စဉ်တရားနာလို့ ရှေ့နား နားလည်ရင် အဲ့လောက်ရောက်ပြီ။ အလယ်၊ နောက်အထိ နားလည်ရင် နားလည်သလောက် ရောက်ပြီမှတ် လို့ပဲပြောတယ်။
ဘုရားရှင်လက်ထက်မှာ လူဝတ်ကြောင်တွေ ပြောတာရှိပါတယ်။ ရဟန်းတွေ လည်း ပြောတာရှိပါတယ်။ ရဟန်းတွေကတော့ လူတို့ ကိုရင်တို့ကိုပြောရင် အာပတ်ပေါ့လေ။ ဓာတ်တော်ကျမှ ရဟန္တာဆိုတာကလည်း ရှိပြန်ရော။ ဘုရား လက်ထက်က အစောပိုင်း တန်ခိုးပြပြီး ပရိနိဗ္ဗာန်စံတယ်။ ဒါက ဘုရားခိုင်းတာ။ အရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံပြီးနောက်မှ တန်ခိုးမပြနဲ့တော့၊ ခရုသင်းကဲ့သို့ ဖြူစင်သော ဓာတ်တော်များသာ ကျန်ရစ်စေလို့ အမိန့်ထုတ်ခဲ့တာ။ သန္တတိရဟန္တာတို့လို ပြာတောင်မကျန်တဲ့ ရဟန္တာလည်းရှိတယ်။ သူတို့ကို ဓာတ်တော် မကျလို့ ရဟန္တာမဟုတ်ဘူး ပြောမရဘူးဆိုတာ သတိထားသင့်တယ်။
ဘာပဲဖြစ်ဖြစ် အယူမှားပြီဆိုကတည်းက ပုထုဇဉ်တွေပဲလေ။ ပုထုဇဉ် အမိုက်အကန်းတွေမို့လည်း ရဟန္တာမှ အရိယာမှ နဲ့ ဖြစ်ကြတာပေါ့။ အရိယာဆို အယူလည်းမှန်ပြီ၊ သူတော် ကောင်းမှန်သမျှလည်း ကြည်ညိုနိုင်ပြီ။ အန္ဓပုထုဇဉ် အမိုက်အကန်းတွေသာ မှားလျက်နဲ့ စွဲနေတာ။ ကလျာဏ ပုထုဇဉ်တွေကတော့ အမှားသိရင် ပြင်နိုင်ပါတယ်။ ကိလေသာ ကင်း၊ မကင်း ဆိုတာ ကြည်ညိုတတ် ဖို့ရယ် အကျင့်သီလကို ဆုံးခန်းတိုင်အောင် ကျင့်ကြံပြီးသူ ရဟန္တာတွေကိုရော ကျင့်ကြံဆဲအရိယာတွေကိုရော အလောင်းတော်သူမြတ်တွေစတဲ့ ပုထုဇဉ် သူတော်ကောင်းတွေကိုရော ကြည်ညိုရင် အကျိုးရမှာပဲလို့ သဘောပေါက် ပြီး ကြည်ညိုနိုင်ကြပါစေ။
အရှင်ခေမိဿရ(B.A.,B.M.)

Post a Comment

0 Comments