လောက - ၃ ပါး
ဖြစ်ပျက်နေသော သဘောတရားများကို လောကဟု ခေါ်သည်။ ထိုလောကသည် - (၁) သြကာသလောက (၂) သတ္တလောက (၃) သင်္ခါရလောက ဟု - (၃)ပါး အပြားရှိသည်။
(၁) သြကာသလောက သတ္တ၀ါတို့၏ တည်ရာနေရာ ဘုံဌာနသည် သြကာသလောကမည်၏၊ ထိုသြကာသလောကသည် - (က) ကာမ = ၁၁ ဘုံ (ခ) ရူပ - ၁၆ ဘုံ (ဂ) အရူပ - ၄ဘုံအားဖြင့် (၃၁)ဘုံ ရှိပါသည်။ ကာမ(၁၁)ဘုံ ဟူသည် အပါယ်(၄)ဘုံ၊ ကာမသုဂတိ(၇)ဘုံတို့ ဖြစ်ပါသည်။
(က) ကာမ = ၁၁ဘုံ အပါယ် (၄) ဘုံ ချမ်းသာကင်းသော ဘုံများကို အပါယ်ဘုံဟု ခေါ်သည်။ (၁) ငရဲ = ချမ်းသာဟူ၍ မြူတစ်စေ့မျှ မရှိသောဘုံ။
ငရဲကြီး (၈) ထပ် (က) သဉ္ဇိဝ်း = သဉ္ဇိုဝ်းငရဲ = အဖန်ဖန် အထပ်ထပ် ပြန်၍ ပြန်၍ အသက်ရှင်ပြီး ငရဲဆင်းရဲကို ခံစားရသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊ (ခ) ကာလသုတ္တ = ကာလသုတ်ငရဲ = မျဉ်းကြိုးအနက်ဖြင့် မျဉ်းသားကာ ပဲခွပ်၊ ပုဆိန်၊ ဓားမ၊ လွှတို့ဖြင့် အရွေးခံရသော ငရဲသားတို့၏ ဖြစ်ရာဘုံ (ဂ)
သဃာံတ = သဃာံတငရဲ = အလျှံတပြောင်ပြောင် တောက်လောင်နေသော သံတောင်
သံခဲတို့ဖြင့် အဖန်တလဲလဲ ထုကြိတ်ဝါးမြိုခံနေရသော ငရဲသား တို့၏ ဖြစ်ရာဘုံ၊ (ဃ) ရောရုဝ = ရောရုဝငရဲ = ပြင်းထန်ကျယ်လောင်သော အသံဖြင့် အမြဲတမ်း ငိုကြွေး မြည်တမ်းနေရသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊ (င) မဟာရောရုဝ = မဟာရောရုဝငရဲ = ရောရုဝငရဲသားတို့ထက် ပိုလွန်ပြင်းထန်စွာ ငိုကြွေးမြည်တမ်းနေရသော ငရဲသားတို့၏ ဖြစ်ရာဘုံ။ (စ) တာပန = တာပနငရဲ = ပူလောင်လွန်းလှသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊ (ဆ) မဟာတာပန = မဟာတာပနငရဲ = တာပနငရဲသားတို့ထက် ပိုလွန် ပြင်းထန်စွာ ပူလောင်သော ငရဲသားတို့၏ ဖြစ်ရာဘုံ၊ (ဇ)
အ၀ီစိ = အ၀ီစိငရဲ = မီးလျှံကွက်လပ်မရှိ၊ ဆင်းရဲဝေဒနာကွက်လပ်မရှိ၊
ငရဲသားကွက်လပ်မရှိသော ငရဲသားတို့၏ ဖြစ်ရာဘုံ။ (ထိုအ၀ီစိငရဲကိုပင်
မဟာအ၀ီစိငရဲဟု ခေါ်သည်။)
ဥဿဒ ငရဲငယ် (၅)မျိုး ထိုငရဲကြီး
ရှစ်ထပ်တွင် အထပ်တိုင်းအထပ်တိုင်း၌ အမျိုးမျိုးသော ဆင်းရဲ
ဒုက္ခများပြားလှသည့် ငရဲငယ် ငါးခုတို့ဖြင့် ၀န်းရံလျက်ရှိသည်၊
ထိုငရဲငယ်များကို ဥဿဒငရဲဟု ခေါ်၏၊ ထိုဥဿဒခေါ် ငရဲငယ်ငါးခုတို့ကား - (က) ဘင်ပုပ်ငရဲ (ဂူထ) (ခ) ပြာပူငရဲ (ကုက္ကုဠ) (ဂ) လက်ပံတောငရဲ (သိပ္ပလိဝန) (ဃ) သန်လျက်တောငရဲ (အသိပတ္တ) (င) ကြိမ်ပိုက်ချောင်းငရဲ (ဝေတ္တရဏီ) - တို့ဖြစ်ပါသည်။ (က) ဘင်ပုပ်ငရဲ = ယူဇနာတစ်ရာနက်သော မစင်တွင်းကြီးထဲ၌ ပိုးလောက်တို့၏ ၀ါးမျိုစားသောက်မူကို ခံရသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊ (ခ) ပြာပူငရဲ = ယူဇနာတစ်ရာနက်သော ပြာပူတွင်းကြီးထဲ၌ အဖန်ဖန် ပူပြင်းလောင်ကျွမ်းမူကို ခံရသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊ (ဂ)
လက်ပံတောငရဲ = သံနှင့်တူသော လက်ပံဆူး၊ ဓား-သန်လျက်နှင့်တူသော
လက်ပံရွက်ရှိသော ယူဇနာတစ်ရာ အမြင့်ရှိသော လက်ပံတော၌ ခွေး၊ လင်းတ၊ ကျားတို့၏
ဝါးမျိုကိုက်သတ်မူ၊ လက်ပံဆူး၊ လက်ပံရွက်တို့၏ စူးရှဖြတ်တောက်မူကို ခံရသော
ငရဲသားတို့၏ ဖြစ်ရာဘုံ၊ (ဃ)
သန်လျက်တောငရဲ = အမြင့်၊ အနံတစ်ယူဇနာစီရှိသော သန်လျက်ရွက်နှင့်တူသော
သစ်တောကြီး၌ လက်ပံတော ငရဲနည်းတူ ခံရသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊ (င)
ကြိမ်ပိုက်ချောင်းငရဲ = အလွန်စပ်ငံသော ကြေးနီပူရေတို့ဖြင့် သံတံကျင်ပမာ
စူးရှသော ကြိမ်တို့ ရောယှက်သော ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံနေရသော
ငရဲသားတို့၏ ဖြစ်ရာဘုံ၊
ဆောင် = သဉ္ဇိုဝ်း,ကာလ၊ သံဃာတနှင့်၊ ရောရုဝနှစ်၊ တာပန်နှစ်၊ တွက်စစ် အ၀ီစိ။ အထပ်တိုင်းမှာ၊ ဘင်, ပြာ, လက်, သန်၊ ကြိမ်ပိုက်ရံ၊ ငါးတန် ဥဿဒရှိ။ (၂) တိရစ္ဆာန်ဘုံ = တိရစ္ဆာန်တို့၏ နေရာဘုံ၊ (၃) ပြိတ္တာဘုံ = ချမ်းသာမှကင်းဝေးသော ပြိတ္တာတို့၏ နေရာဘုံ၊ (၄) အသုရကာယ်ဘုံ = မြူးထူးပျော်ပါးမူ ကင်းသည့် ပြိတ္တာ အသုရကာယ်တို့၏ နေရာဘုံ။
ကာမသုဂတိ (၇) ဘုံ ကောင်းမူရှိသူတို့ လားရောက်၍ စည်းစိမ်ချမ်းသာများကို ခံစားရာ ကာမဘုံကို ကာမသုဂတိဘုံဟု ခေါ်သည်။ (၁) လူ့ဘုံ = လူတို့၏ နေရာဘုံ၊ (၂) စာတုမဟာရာဇ်ဘုံ = ဓတရဋ္ဌ၊ ၀ိရူဠက၊ ၀ိရူပက္ခ၊ ကုဝေရဟု ဆိုအပ်သော နတ်မင်းကြီး လေးပါးတို့၏ နေရာဘုံ၊ (၃) တာဝတိံသာဘုံ = လာဃလုလင်နှင့် ကုသိုလ်ပြုဖက် ၃၃-ဦးတို့၏ နေရာဘုံ၊ (၄) မာယာဘုံ = ဆင်းရဲဒုက္ခမှ ကင်းသော နတ်တို့၏ ဖြစ်ရာဘုံ၊ (၅) တုသိတာဘုံ = မိမိ၏ စည်းစိမ်ကျက်သရေတို့ကို နှစ်သက်တတ်သော နတ်တို့၏ ဖြစ်ရာဘုံ၊ (၆) နိမ္မာနရတိဘုံ = ကိုယ်တိုင်ဖန်ဆင်းထားသော စည်းစိမ်ဖြင့် မွေ့လျော်တတ်သော နတ်တို့၏ ဖြစ်ရာဘုံ၊ (၇) ပရနိမ္မိတ၀သ၀တ္တိဘုံ = သူများဖန်ဆင်းပေးသော စည်းစိမ်းကို မိမိအလိုဆန္ဒအတိုင်း ဖြစ်စေနိုင်သော နတ်တို့၏ ဖြစ်ရာဘုံ။ ဤကာမသုဂတိ (၇)ဘုံတွင် နံပါတ် (၁) လူ့ဘုံမှတပါး ကျန် (၆)ဘုံကို နတ်တို့၏ နေရာဖြစ်၍ နတ်ပြည် (၆)ထပ်ဟု ခေါ်သည်။
(ခ) ရူပ - ၁၆ ဘုံ ရူပကုသိုလ်ဈာန်ရသူတို့ ရောက်ရာ ဖြစ်သောကြောင့် ရူပဘုံဟု ခေါ်၏။ ထို ရူပဘုံသည် (၁၆)ဘုံ ရှိသည်။ ပထမဈာန် (၃) ဘုံ (၁) ဗြဟ္မပါရိသဇ္ဇာဘုံ = မဟာဗြဟ္မာတို့၏ အခြံအရံ ပရိသတ်ဖြစ်သော ဗြဟ္မာင်တို့၏ ဖြစ်ရာဘုံ၊ (၂) ဗြဟ္မပုရောဟိတာဘုံ = မဟာဗြဟ္မာတို့၏ မှူးကြီးမတ်ရာ ပုရောဟိတ် ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊ (၃) မဟာဗြဟ္မာဘုံ = ကြီးမြတ်ကုန်သော (မဟာ) ဗြဟ္မာတို့၏ ဖြစ်ရာဘုံအားဖြင့် ပထမဈာန် (၃) ဘုံ၊
ဒုတိယဈာန် (၃) ဘုံ (၄) ပရိတ္တာဘာဘုံ = ကိုယ်ရောင်ကိုယ်ဝါနည်းသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊ (၅) အပ္ပမာဏာဘာဘုံ = ကိုယ်ရောင်ကိုယ်ဝါများသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊ (၆) အာဘဿရာဘုံ = ပြိုးပြိုးပြတ်ပြတ် တလက်လက် ထွက်သော ကိုယ်ရောင်ကိုယ်ဝါ ရှိသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံအားဖြင့် ဒုတိယဈာန် (၃) ဘုံ။
တတိယဈာန် (၃) ဘုံ (၇) ပရိတ္တသုဘာဘုံ = နည်းပါးသော်လည်း တခဲနက် တောက်ပသော ကိုယ်ရောင်ကိုယ်ဝါ ရှိသည့် ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊ (၈) အပ္ပမာဏသုဘာဘုံ = များပြား၍ တခဲနက်တောက်ပသော ကိုယ်ရောင်ကိုယ်ဝါ ရှိသည့် ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊ (၉) သုဘကိဏှာဘုံ = တခဲနက်သော ကိုယ်ရောင်ကိုယ်ဝါ တို့ဖြင့် ရောယှက်နေသည့် ဗြဟ္မာတို့၏ ဖြစ်ရာဘုံအားဖြင့် တတိယဈာန် (၃) ဘုံ။ (၁၀) ဝေဟပ္ဖိုလ်ဘုံ = ကြီးကျယ်ပြန့်ပြောသည့် အကျိုးရှိသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊ (၁၁) အသညသတ်ဘုံ = သညာ-စသော နာမ်ခန္ဓာ မရှိ၊ ရုပ်ခန္ဓာ သက်သက်ရှိသော ဗြဟ္မာတို့၏ဖြစ်ရာဘုံ၊ -
သုဒ္ဓါဝါသဘုံ = အလွန်စင်ကြယ်သော အနာဂါမ်၊ ရဟန္တာ ဗြဟ္မာတို့၏ဖြစ်ရာ
သုဒ္ဓါဝါသဘုံ (၅)ဘုံ အားဖြင့် စတုတ္ထဈာန် (၇) ဘုံ၊ ပေါင်း ရူပ ဗြဟ္မာဘုံ
(၁၆)ဘုံ ဖြစ်ပါသည်။
သုဒ္ဓါဝါသ (၅) ဘုံ (၁၂) အ၀ိဟာဘုံ = အချိန်အနည်းငယ်မျှပင် မိမိဘုံဌာနကို မစွန့်ခွာသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊ (၁၃) အတပ္ပါဘုံ = တစ်စုံတစ်ခုသော အကြောင်းကြောင့်မျှ စိတ်ပူပန်မူ မရှိသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊ (၁၄) သုဒဿာဘုံ = အလွန်တင့်တယ်သော အရောင်အဆင်း ရှိသောကြောင့် ရူကြည့်ချင်စရာ အလွန်ကောင်းသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊ (၁၅) သုဒဿီဘုံ = အလွန်စင်ကြယ်သော မျက်စိနှင့် ပြည့်စုံသည့်ဖြစ်၍ လွန်ကဲထူးခြားစွာ မြင်စွမ်းနိုင်သော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊ (၁၆) အကနိဋ္ဌာဘုံ = ရူပဗြဟ္မာ အားလုံးတို့ထက် စည်းစိမ်အားဖြင့် အကြီးအကျယ် အမြင့်မြတ်ဆုံး ဖြစ်သော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊
(ဂ) အရူပ - ၄ဘုံ အရူပကုသိုလ် ဈာန်ရသူတို့ ရောက်ရာဖြစ်သောကြောင့် အရူပဘုံဟု ခေါ်၏။ ထိုအရူပဘုံသည် - (၁) အာကာသနဉ္စာယတနဘုံ = ရုပ်ခန္ဓာမရှိ၊ အာကာသနဉ္စာယတန၀ိပါက်စိတ် စေတသိက်ဟူသော နာမ်ခန္ဓာ လေးပါးသာရှိသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊ (၂) ၀ိညာဏဉ္စာယတနဘုံ = ရုပ်ခန္ဓာ မရှိ၊ ၀ိညာဏဉ္စာယတန ၀ိပါက်စိတ် စေတသိက်ဟူသော နာမ်ခန္ဓာ လေးပါးသာရှိသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊ (၃) အာကိဉ္စညာယတနဘုံ = ရုပ်ခန္ဓာမရှိ၊ အာကိဉ္စညာယတန ၀ိပါက်စိတ် စေတသိက်ဟူသော နာမ် ခန္ဓာလေးပါးရှိသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊ (၄)
နေ၀သညာနာသညာယတနဘုံ = ရုပ်ခန္ဓာ မရှိ၊ နေ၀သညာ နာသညာ ယတန၀ိပါက်စိတ် စေတသိက်
ဟူသော နာမ်ခန္ဓာ လေးပါးသာရှိသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံအားဖြင့် (၄)ဘုံ
ဖြစ်ပါသည်။
ဧကဝေါကာရ-စတုဝေါကာရ-ပဉ္စဝေါကာရဘုံများ ဤသို့ဆိုခဲ့ပြီးသော ဘုံတို့တွင် - (၁) အသညသတ်ဘုံသည် ရူမက္ခန္ဓာဟူသော ခန္ဓာတစ်ပါးသာ ရှိသောကြောင့် ဧကဝေါကာရဘုံ မည်၏ (ဧက = တစ်ပါး + ဝေါကာရ = ခန္ဓာ) (၂) အရူပ (၄)ဘုံသည် နာမ်ခန္ဓာလေးပါးသာ ရှိသောကြောင့် စတုဝေါကာရ ဘုံမည်၏ (စတု = လေးပါး + ဝေါကာရ = ခန္ဓာ) (၃) ကာမ (၁၁)ဘုံ၊ အသညသတ်ကြဉ်သော ရူပ (၁၅)ဘုံအားဖြင့် (၂၆)ဘုံသည် ခန္ဓာငါးပါးလုံး ရှိသောကြောင့် ပဉ္စဝေါကာရဘုံမည်၏။ (ပဉ္စ = ငါးပါး + ဝေါကာရ = ခန္ဓာ) ဤသို့အားဖြင့် -
(၁) ကာမ - ၁၁ ဘုံ (၂) ရူပ - ၁၆ ဘုံ (၃) အရူပ - ၄ ဘုံ စုစုပေါင်း (၃၁) ဘုံကို သြကာသလောကဟု ခေါ်သည်။
(၂) သတ္တလောက လူ နတ် ဗြဟ္မာ တိရစ္ဆာန် ပြိတ္တာ အသုရကာယ်စသော ပုဂ္ဂိုလ် သတ္တ၀ါ အပေါင်းသည် သတ္တလောက မည်၏။ ထိုသတ္တ၀ါတို့သည် အမျိုးအစားဖြင့် ရှိသည်။ (က) ပုထုဇဉ် ပုဂ္ဂိုလ် - ၄မျိုး (ခ) အရိယာ ပုဂ္ဂိုလ် - ၈မျိုးအားဖြင့် - ၁၂မျိုး -
ပုထုဇဉ်ပုဂ္ဂိုလ် (၄) မျိုး (၁)
ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ် = မကောင်းမူ ဒုစရိုက်တို့ကို ပြုလုပ်ခဲ့သောကြောင့်
ထိုအကုသိုလ်ကံတို့၏ အကျိုးဖြစ်သော အဟိတ် အကုသလ ၀ိပါက် ဥပေက္ခာ
သန္တီရဏစိတ်ဖြင့် ပဋိသန္ဓေနေသော ပုဂ္ဂိုလ်များဖြစ်သည်။ ထိုပုဂ္ဂိုလ်များကား
ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်-ဟူသော အပါယ်ဘုံသား သတ္တ၀ါများတည်း။ (၂)
သုဂတိအဟိတ်ပုဂ္ဂိုလ် = ကုသိုလ်ပြုစဉ်အခါက ဉာဏ်လည်းမပါ၊ ရှေ့နောက်
အကုသိုလ်ခြံရံ၍လည်း ပြုခဲ့သော အညံ့စား ကုသိုလ်တို့ကြောင့်ဖြစ်သော
အဟိတ်ကုသလ၀ိပါက် ဥပေက္ခာသန္တီရဏ စိတ်ဖြင့် ပဋိသန္ဓေနေသော ပုဂ္ဂိုလ်များဖြစ်သည်။
ထိုပုဂ္ဂိုလ်များကား ဝေမာနိကနတ်ပြိတ္တာ၊ ဘုမ္မစိုး၊ ရုက္ခစိုး၊ ၀မ်းတွင်းကန်း၊
အ၊ ဆွံ့၊ အရူး၊ ဥဘတောဗျည်း၊ နပုန်းပဏ္ဍုက်စသော ပုဂ္ဂိုလ်တို့နှင့် ဇီဝိတန၀က
ကလာပ်ရုပ်ဖြင့် ပဋိသန္ဓေနေသော အသညသတ် ဗြဟ္မာတို့တည်း။ (၃)
ဒွိဟိတ်ပုဂ္ဂိုလ် = အမောဟဟူသော ဉာဏ်ပညာမပါဘဲ အလောဘ၊ အဒေါသဟူသော
ဟိတ်နှစ်ပါးဖြင့်သာ ပဋိသန္ဓေနေသော ပုဂ္ဂိုလ်။ တရားအားထုတ်သည့်အခါ
ဈာန်မဂ်ဖိုလ်ရနိုင်လောက်အောင် ဉာဏ်မထက်မြက်သော လူ နတ် ပုဂ္ဂိုလ်တို့တည်း။ (၄)
တိဟိတ်ပုဂ္ဂိုလ် = အလောဘ၊ အဒေါသ၊ အမောဟဟူသော (ဉာဏ်ပညာပါသော)
ဟိတ်သုံးပါးဖြင့် ပဋိသန္ဓေနေသော ပုဂ္ဂိုလ်။ တရားအားထုတ်သည့်အခါ
ဈာန်မင်္ဂဖိုလ်ရနိုင်လောက်အောင် ဉာဏ်ထက်မြက်သော ပုဂ္ဂိုလ်တို့တည်း။
အရိယာပုဂ္ဂိုလ် (၈) ယောက် (၁) သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် = သောတာပတ္တိမဂ် ရဆဲပုဂ္ဂိုလ် (၂) သကဒါဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် = သကကဒါဂါမိမဂ် ရဆဲပုဂ္ဂိုလ် (၃) အနာဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် = အနာဂါမိမဂ် ရဆဲပုဂ္ဂိုလ် (၄) အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် = အရဟတ္တမဂ် ရဆဲပုဂ္ဂိုလ် (၅) သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ် = သောတာပတ္တိဖိုလ် ရပြီးသော (သောတာပန်) ပုဂ္ဂိုလ် (၆) သကဒါဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ် = သကဒါဂါမိဖိုလ်ရပြီးသော (သကဒါဂါမ်) ပုဂ္ဂိုလ် (၇) အနာဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ် = အနာဂါမိဖိုလ် ရပြီးသော (ရဟန္တာ) ပုဂ္ဂိုလ် (၈) အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ် = အရဟတ္တဖိုလ် ရပြီးသော (ရဟန္တာ) ပုဂ္ဂိုလ်
ပုထုဇဉ်ပုဂ္ဂိုလ်(၄)ယောက်တွင်
နောက်ဆုံးဖြစ်သော တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်နှင့် အရိယာပုဂ္ဂိုလ်
(၈)ယောက်အားဖြင့် (၉)ယောက်သော ပုဂ္ဂိုလ်တို့ကို အလောဘ၊ အဒေါသ၊ အမောဟဟူသော
ဟိတ်သုံးပါးနှင့် ပဋိသန္ဓေနေကြသောကြောင့် တိဟိတ်ပုဂ္ဂိုလ်ဟုခေါ်သည်။
အရိယာပုဂ္ဂိုလ် (၈)ယောက်တွင်လည်း - သေက္ခပုဂ္ဂိုလ်၊ အသေက္ခပုဂ္ဂိုလ် ဟူ၍ ပုဂ္ဂိုလ်နှစ်မျိုး ရှိသည်။ (က) သေက္ခ = သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကို ကျင့်ဆဲဖြစ်သော အရဟတ္တဖလဋ္ဌာန် ပုဂ္ဂိုလ်မှတပါး ကျန်အရိယာပုဂ္ဂိုလ် (၇)ယောက် ဖြစ်သည်။ (ခ)
အသေက္ခ = သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကို ကျင့်ပြီးဖြစ်သော
အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ် (၁)ယောက် ဖြစ်သည်၊ ဤပုဂ္ဂိုလ်ကို “အသေက္ခ” အပြင်
“ရဟန္တာ”ဟုလည်း ခေါ်၏။
ဤသို့အားဖြင့် - (က) ပုထုဇဉ် - ၄ယောက် (ခ) အရိယာ - ၈ယောက် အားဖြင့် (၁၂) ယောက်သော ပုဂ္ဂိုလ်များကို သတ္တလောကဟု ခေါ်သည်။
(၃) သင်္ခါရလောက ဖြစ်တတ်၊ ပျက်တတ်သော သဘောရှိသည်ဖြစ်၍ ဘုံသုံးပါး၌ ဖြစ်သော (တေဘူမက) ရုပ်နာမ်တရားတို့သည် သင်္ခါရလောက မည်၏။
သင်္ခါရလောက (၁) ပါး သတ္တ၀ါအားလုံးတို့ တည်နေမူ အသက်ရှင်မူ၏ အကြောင်းဖြစ်သော အာဟာရ (အကြောင်း) တရားတစ်ပါး။
သင်္ခါရလောက (၂) ပါး (၁) ဘုံသုံးပါး၌ဖြစ်သော လောကီစိတ် ၈၁-ပါး၊ စေတသိက် ၅၂-ပါး၊ ဟူသော နာမ်တရား။ (၂) ဖောက်ပြန်တတ်သော သဘောရှိသည့် ရုပ် ၂၈-ပါးဟူသော ရုပ်တရား အားဖြင့် နာမ်၊ ရုပ် နှစ်ပါး။
သင်္ခါရလောက (၃) ပါး (၁) နှစ်သက်ဖွယ်သော အာရုံကို ခံစားခြင်းသဘောရှိသော သောမနဿ ဝေဒနာ တစ်ပါး၊ (၂) မနှစ်သက်ဖွယ်သော အာရုံကို ခံစားခြင်းသဘောရှိသော ဒေါမနဿ ဝေဒနာ တစ်ပါး၊ (၃) အလယ်အလတ် (တည့်မတ်သမူလျစ်လျူရူသော) ခံစားခြင်း သဘောရှိသော ဥပေက္ခာဝေဒ၏နာ တစ်ပါး - အားဖြင့် ဝေ၏နာ (၃) ပါး။
သင်္ခါရလောက (၄) ပါး (၁) အလုတ်အလွေးပြု စားမျိုအပ်သော အစာအာဟာရတစ်ပါး၊ (၂) အာရုံကို တွေ့ထိတတ်သော ဖဿအာဟာရတစ်ပါး၊ (၃) စိတ်ကို စေ့ဆော် တိုက်တွန်းတတ်သော မနောသဉ္စေတနာ အာဟာရ တစ်ပါး၊ (၄) အာရုံကို အထူးသိတတ်သော ၀ိဉာဏ်အာဟာရ တစ်ပါး - အားဖြင့် အာဟာရ (၄) ပါး။
သင်္ခါရလောက (၅) ပါး (၁) ဖောက်ပြန်တတ်သော ရုပ်အစု ရူပုပါဒါနက္ခန္ဓာတစ်ပါး၊ (၂) ခံစားမူအစု ဝေဒနုဒါနက္ခန္ဓာတစ်ပါး၊ (၃) လောကီမှတ်သားမူအစု သညုပါဒါနက္ခန္ဓာတစ်ပါး၊ (၄) လောကီပြုပြင်မူ စီရင်မူအစု သင်္ခါရုပါဒါနက္ခန္ဓာတစ်ပါး၊ ( ၅) လောကီသိမူ (စိတ်) အစု ၀ိညာဏုပါဒါနက္ခန္ဓာတစ်ပါး - အားဖြင့် ဥပါဒါနက္ခန္ဓာ ၅-ပါး။
သင်္ခါရလောက (၆) ပါး (၁) မြင်သိစိတ် (စက္ခုဝိညာဉ်) ဖြစ်ရာ မျက်စိအကြည် စက္ခာယတန တစ်ပါး။ (၂) ကြားသိစိတ် (သောတ၀ိညာဉ်) ဖြစ်ရာ နားအကြည် သောတာယတန တစ်ပါး၊ (၃) နံသိစိတ် (ဃာန၀ိညာဉ်) ဖြစ်ရာ နှာခေါင်း အကြည် ဃာနာယတန တစ်ပါး၊ (၄) လျက်သိစိတ် (ဇိဝှာဝိညာဉ်) ဖြစ်ရာ လျှာအကြည် ဇိဝှာယတနတစ်ပါး၊ (၅) ထိသိစိတ် (ကာယ၀ိညာဉ်) ဖြစ်ရာ ကိုယ်အကြည် ကာယာယတနတစ်ပါး - အားဖြင့် အဇ္ဈတ္တိက(အတွင်း) အာယတန ၆-ပါး။ ဤဆိုအပ်ခဲ့ပြီးသော
တရားများနှင့် ခန္ဓာ (၅)ပါး၊ အာယတန (၁၂)ပါး၊ ဓာတ် (၁၈)ပါး၊ ပဋိစ္စသမုပ္ပါဒ်
အင်္ဂါ ၁၂-ပါး စသော တေဘူမက ရုပ်နာမ် တရားတို့ကို သင်္ခါရလောကဟု ခေါ်သည်။
လောကသုံးပါး ဆက်သွယ်ပုံ (က) ကုသိုလ်၊ အကုသိုလ် သင်္ခါရတို့နှင့် ဖြစ်ရာဘုံ ပုဂ္ဂိုလ်များ သတ္တ၀ါတို့ ပြုလုပ်သမျှသော ကံကို ဤနေရာ၌ သင်္ခါရဟုခေါ်သည်။ ထိုသင်္ခါရတို့သည်
ကုသိုလ်သင်္ခါရ၊ အကုသိုလ်သင်္ခါရအားဖြင့် နှစ်မျိုးရှိသည်။ ထိုနှစ်မျိုးတွင်
ကုသိုလ်သင်္ခါရသည်လည်း ကာမကုသိုလ်သင်္ခါရ၊ ရူပကုသိုလ်သင်္ခါရ၊
အရူပကုသိုလ်သင်္ခါရအားဖြင့် သုံးမျိုးပြားပြန်သည်။ ထိုတွင် - - ကာမကုသိုလ်သင်္ခါရကြောင့် ကာမသုဂတိ (၇) ဘုံ၌ ဖြစ်ရသည်။ - ရူပကုသိုလ်သင်္ခါရကြောင့် ရူပ (၁၆) ဘုံ၌ ဖြစ်ရသည်။ - အရူပကုသိုလ်သင်္ခါရကြောင့် အရူပ (၄) ဘုံ၌ ဖြစ်ရသည်။ - အကုသိုလ်သင်္ခါရကြောင့် အပါယ် (၄) ဘုံ၌ ဖြစ်ရသည်။ ဤကား ကုသိုလ်၊ အကုသိုလ်ကံဟူသော သင်္ခါရလောကနှင့် (၃၁)ဘုံဟူသော သြကာသလောကတို့ ဆက်သွယ်ပုံဖြစ်ပါသည်။ အပါယ်လေးဘုံ၌ ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ်များသာ ဖြစ်ကြရသည်။
လူ့ဘုံနှင့် စာတုမဟာရာဇ်ဘုံတို့၌
သုဂတိအဟိတ်၊ ဒွိဟိတ်၊ တိဟိတ် ပုထုဇဉ်ပုဂ္ဂိုလ် (၃)ယောက်၊ အရိယာပုဂ္ဂိုလ်
(၈)ယောက် အားဖြင့် (၁၁)ယောက် ဖြစ်ကြရသည်။
တာဝတိံသာ စသောနတ်ပြည် (၅) ဘုံ၌ ဒွိဟိတ်၊ တိဟိတ် ပုထုဇဉ် (၂)ယောက်၊ အရိယာ (၈)ယောက်အားဖြင့် (၁၀) ယောက်ဖြစ်ကြရသည်။
ဗြဟ္မပါရိသဇ္ဇာဘုံမှစ၍
ဝေဟပ္ဖိုလ်ဘုံတိုင်အောင် ဗြဟ္မာ (၁၀) ဘုံ၌ တိဟိတ် ပုထုဇဉ်နှင့် အရိယာ
(၈)ယောက်အားဖြင့် (၉) ယောက်သော တိဟိတ်ပုဂ္ဂိုလ်တို့ ဖြစ်ကြရသည်။
အသညသတ်ဘုံ၌ သုဂတိအဟိတ်ပုဂ္ဂိုလ်သာ ဖြစ်ရသည်။
သုဒ္ဓါဝါသ (၅) ဘုံ၌ အနာဂါမိဖိုလ် (အနာဂါမ်) ပုဂ္ဂိုလ်၊ အရဟတ္တမဂ် ပုဂ္ဂိုလ်၊ အရဟတ္တဖိုလ် (ရဟန္တာ) ပုဂ္ဂိုလ် (၃) ယောက်တို့သာ ဖြစ်ကြရသည်။
အရူပ (၄) ဘုံ၌ သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်မှတပါး အရိယာ (၇)ယောက်၊ တိဟတ်ပုထုဇဉ် (၁) ရောက်အားဖြင့် (၈)ယောက် ဖြစ်ကြရသည်။
ဤကား (၃၁)ဘုံဟူသော သြကာသလောကနှင့် ပုဂ္ဂိုလ် (၁၂)ယောက်ဟူသော သတ္တလောကသို့ ဆက်သွယ်ပုံ ဖြစ်ပါသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော်များ စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
0 Comments