Advertisement

Responsive Advertisement

မွေးနေ့ ဆုမွန်

" မွေးနေ့ ဆုမွန် "
*********

မွေးနေ့ ရောက်ပြီတဲ့..
ဘာလိုလိုနဲ့ ကောင်းမှုကံ အကျိုးတရားတွေကို ခံစားလာခဲ့တာ (၃၁)နှစ် ရှိခဲ့ပြီပေါ့..။
အသက်ဆိုတာ အချိန်..
အချိန်ဆိုတာ နာရီ..
နာရီဆိုတာ မိနစ်..
မိနစ်ဆိုတာ စက္ကန့်..
အားလုံးကို ပေါင်းခြုံလိုက်တော့ ဘဝ လို့ခေါ်တယ်..။
အနောက်တိုင်း စကားပုံတစ်ခုရှိတယ်..။
Time and tide wait for no man. (အချိန်နှင့်ဒီရေသည် လူကိုမစောင့်)
ကောင်းတာလုပ်လုပ် မကောင်းတာလုပ်လုပ် အချိန်က သွားနေမှာပဲ..
ဒီအပေါ်မှာ အမြတ်ထွက်အောင် လုပ်တတ်ဖို့ အရေးကြီးတယ်..။
ကုန်လွန်သွားတဲ့အချိန်တွေမှာ လောကအတွက် ဘဝအတွက် အကျိုးရှိရှိ အသုံးချဖို့ လိုအပ်တယ်..။
Time is the best counsellour. အချိန်ဟာ ကိုယ့်ဘဝအတွက် တိုင်ပင်ရန် အကောင်းဆုံးသော အဖော်မွန်လည်း ဖြစ်တယ်..။
သို့အတွက်ကြောင့်လည်း အောင်မြင်သူ အများစုဟာ တနေ့တာအချိန်ဇယား ဆွဲပြီး အချိန်နဲ့ အလုပ်လုပ်ကြတယ်..။
တစ်နှစ်နဲ့ တစ်နှစ်ဟာ မကြာလိုက်ဘူး..။ ၄/၅ နှစ်ဆိုတာလည်း ခဏလေးလိုပဲနော် စသည်ဖြင့် လောက လူအများပြောနေကြတဲ့ သတိမဲ့ စကားတွေကို ဆင်ခြင်ပြီး..
ကိုယ့်ကိုကိုယ်လည်း မေးကြည့်နေမိတယ်..
ငါ့.. ဘဝအတွက် ဘာတွေ လုပ်ပြီးပြီလဲ..?
ငါ.. သာသနာအတွက် ဘာတွေ လုပ်ခဲ့ပြီလဲ..?
ငါ့.. ဘာသာနဲ့ လူမျိုးအတွက် ဘာတွေ လုပ်နေပြီလဲ..?
ငါ.. လျှောက်ရမယ့် သံသရာအတွက် ဘယ်လိုတွေ စီစဉ်ထားလဲ..? စသည်ဖြင့်ပေါ့..။
ဘုရားဟော အဘိဓမ္မာမှာ ပဋိသန္ဓေ- ဘဝင်- စုတိ စသည်ဖြင့် အစဉ်လိုက် ဟောထားတယ်..။
မွေးခြင်းနဲ့ သေခြင်းဟာ စက္ကန့်မခြားဘူး..။ သေခြင်းရဲ့ အဆုံးမှာ မွေးခြင်းရှိပြီး.. မွေးခြင်းရဲ့အစမှာလည်း ရုပ်တရား နာမ်တရားလေးတွေဟာ အမြဲမပြတ် ဆက်လျက် သေဆုံးနေကြတယ်..။
ဒီအကြောင်းလေးတွေကို တရားသဘောအတိုင်းသာ သိမယ်ဆိုရင် မွေးနေ့ ပါတီပွဲကျင်းပလို့ ဆုံးနိုင်ပါဦးမလား..။

ယနေ့ခေတ်အလိုဆို..
မွေးနေ့ကျရောက်ပြီဆိုတာနဲ့ အသိမိတ်ဆွေတသိုက်နဲ့ ပျော်ကာ ပါးကာ သောက်ကာ စားကာနဲ့ သတိမဲ့လုပ်ရပ်တွေနဲ့သာ အချိန်ဖြုန်းနေကြတယ်..။
အမှန်က မွေးနေ့ဆိုသည်မှာ လူ့ဘဝကို ရောက်လာတဲ့ လူတစ်ယောက်ကို သတိပေးလိုက်ခြင်းပါ..။
လွန်ခဲ့တဲ့ နှစ်က ဒီလိုအချိန် ဒီလိုနှစ်မှာ လူ့ဘဝထဲကို ရောက်ခဲ့တယ်..။
အထူးအားဖြင့် အသက်နဲ့ အရှက်ကို မငဲ့ပဲ ကိုယ့်အတွက်နဲ့ အသက်ကိုပေးခဲ့တယ် မာတာမိခင် ကျေးဇူးရှင်ကြီးကို အရင်ဆုံး ဦးချကန်တော့သင့်တယ်..။
ကိုယ်တိုင်က ကံတရားတွေ ဘယ်လောက်ပင် ကောင်းနေပါသော်လည်း အမှီသဟဲပြုရာ တခြားသူ အကူအညီမပါရင် လိုရာခရီး မပြီးနိုင်သကဲ့သို့..
လူ့ဘဝရောက်ရန် ကုသိုလ် ပါရမီတွေ ဖြည့်ဆည်းသော်လည်း မိခင်က မွေးထုတ်မပေးဘူးဆိုရင် ပျက်ဆီးရမှာ ဧကန်ပင်ဖြစ်တယ်..။
ကောင်းတဲ့ဘုံကို ကောင်းမှုကုသိုလ်ကံကြောင့် ရောက်ခဲ့သည့်အတွက် နောက်ထပ်တဖန် ကုသိုလ်တရားများကို ပြုကျင့်သင့်တယ်။
သို့မှသာ ကုသိုလ်ကို ကုသိုလ်ဆင့်လို့ ပြုလုပ်ခြင်းဖြင့် လူ့ဘဝရဲ့ ကံကောင်းခြင်းတွေကို အချိုပေါ်မှာ သကာဆင့်သလို ဖြစ်တော့မှာပေါ့..။
သို့အတွက်ကြောင့် Happy Birthday to you. လို့ ပြောနေမည့်အစား..
The good time only comes once. လူ့ဘဝရခိုက် အခွင့်အရေးလေးကို တန်ဖိုးရှိရှိ အဓိပ္ပါယ်သိအောင် အပ္ပမာဒ တရား လက်ကိုင်ထားကာ ကုသိုလ်တရားများ ကြိုးစားကြပါလို့ မွေးနေ့ ဆုမွန်ကောင်း တောင်းလိုက်ပါရစေ…။
အရှင်ဇောတိ- နံ့သာနီ
ထိုင်းနိုင်ငံ

Post a Comment

0 Comments