Advertisement

Responsive Advertisement

ဒုက္ခ (၇) မျိုး




ဒုက္ခ (၇) မျိုး
°°°°°°°°°°°°
{၁} ဒုက္ခ ဒုက္ခ
{၂} ဝိပရိဏာမ ဒုက္ခ
{၃} သင်္ခါရ ဒုက္ခ တဲ့။ ဒီသုံးမျိုးက တစ်စုံပဲ။
{၄} ပဋိစ္ဆန္န ဒုက္ခ
{၅} အပ္ပဋိစ္ဆန္န ဒုက္ခ ။ ဒီ ၂-မျိုးက တစ်စုံပဲ။
{၆} ပရိယာယ ဒုက္ခ
{၇} နိပ္ပရိယာယ ဒုက္ခ ။ ဒီ ၂-မျိုးက တစ်စုံပဲ။
အားလုံးပေါင်း(၇)မျိုးရှိတယ်။


အဲဒီ(၇)မျိုးထဲက
ကိုယ်ထဲမှာနာကျင်ကိုက်ခဲခြင်း စသည်ဖြင့်
အခံခက်တဲ့ ကိုယ်ဆင်းရဲက တစ်မျိုး
စိတ်ထဲမှာ စိတ်ပူခြင်း စိတ်ညစ်ခြင်း
နှလုံးမသာခြင်း ဝမ်းနည်းခြင်း စသည်ဖြင့်
အခံခက်တဲ့ စိတ်ဆင်းရဲက တစ်မျိုး
ဒီ ကိုယ်ဆင်းရဲနဲ့ စိတ်ဆင်းရဲကို
ဒုက္ခဒုက္ခ လို့ခေါ်တယ်။
ဆင်းရဲသဘောရှိတဲ့ ဆင်းရဲတဲ့
ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကိုတော့
လူတိုင်းလူတိုင်းက ကြောက်ကြတယ်
သတ္တဝါတိုင်း သတ္တဝါတိုင်းက ကြောက်ကြတယ်။
ဒုက္ခဆင်းရဲပဲဆိုတာ အလွန်ထင်ရှားပါတယ်။
ကဲ အဲဒီဆင်းရဲအကြောင်းကို လိုက်ဆိုကြရမယ်။
(၁) ကိုယ်ထဲစိတ်ထဲ၌ မခံသာတဲ့ဆင်းရဲကို
ဒုက္ခဒုက္ခဟု ခေါ်သည်။
=====
အတွေ့ကောင်းတွေနှင့် တွေ့ထိပြီး
ကိုယ်ထဲမှာ ချမ်းသာနေတဲ့
(ကာယိကသုခ)ကိုယ်ချမ်းသာက တစ်မျိုး
ဝမ်းသာစရာတွေကို အာရုံပြုပြီး
စိတ်ထဲမှာ ရွှင်လန်းဝမ်းသာနေတဲ့
(စေတသိကသုခ)စိတ်ချမ်းသာက တစ်မျိုး
ဒီချမ်းသာ ၂-မျိုးကိုတော့
လူတိုင်းလူတိုင်း ကြိုက်ကြတယ်
သတ္တဝါတိုင်းက ကြိုက်ကြတယ်
ဒီချမ်းသာ ၂-မျိုးကို ရအောင်လို့
နေ့ညဥ့်မအား ရှာနေကြတယ်။
အသက်ကိုတောင် စွန့်ပြီး ရှာနေကြတယ်။
အလိုရှိတိုင်းရပြီး ဒီချမ်းသာတွေကို
ခံစားနေကြရတဲ့အခါလည်း
အလွန်ပင် ဝမ်းမြောက်နေကြတယ်။
ဒါပေမယ့်
အဲဒီလို ပျော်ရွှင်ဝမ်းမြောက်နေရာက
ချမ်းသာကြောင်း အာရုံဝတ္ထုတွေ ပျက်စီးဆုံးပါးသွားရင်
မနေတတ် မထိုင်တတ်ဖြစ်ပြီး
အလွန်ပင်ဆင်းရဲဒုက္ခ ရောက်တတ်ကြပါတယ်။
စုဆောင်းထားတဲ့ ရွှေငွေစသော
အသုံးအဆောင်ပစ္စည်းတွေ
အကြောင်းတစ်မျိုးမျိုးကြောင့်
မမျှော်လင့်ဘဲ ရုတ်တရက် ပျက်စီးဆုံးရှုံးသွားရင်
အလွန်ချစ်မြတ်နိုးတဲ့ အိမ်သူအိမ်သား
သားချစ်သမီးချစ် ကလေးများ သေဆုံးကွဲကွာသွားရင်
မနေသာမထိုင်သာဖြစ်ပြီး အလွန်ဆင်းရဲတတ်တယ်
ရူးနောက်ခြင်း စသော စိတ်ရောဂါလည်း ရတတ်တယ်။
ရုတ်တရက်လည်း သေသွားတတ်တယ်။
ဒါကြောင့် အဲဒီ ကိုယ်ချမ်းသာ စိတ်ချမ်းသာကို
ဝိပရိဏာမ ဒုက္ခလို့ ခေါ်တယ်။
အဲဒီချမ်းသာတွေရှိနေတုန်းမှာ ကောင်းပေမယ်လို့
သူတို့ ဖောက်ပြန်ပျက်စီးသွားတဲ့အခါ
မရှိတဲ့အခါကျတော့ ယူကျုံးမရဖြစ်ပြီး
ဆင်းရဲစေတတ်တဲ့ဒုက္ခလို့ ဆိုလိုပါတယ်။
အဲဒီဆင်းရဲအကြောင်းကို လိုက်ဆိုကြရမယ်။
(၂) ကိုယ်ထဲစိတ်ထဲ၌ ကောင်းစားချမ်းသာတဲ့သုခကို
ဝိပရိဏာမဒုက္ခခေါ်သည်။
=====
မြင်နေကျ ကြားနေကျ မကောင်းမဆိုး
ရိုးရိုးအာရုံဝတ္ထုတွေနှင့် တွေ့ဆုံခံစားနေရတဲ့အခါမှာ
မကောင်းတာ ဆင်းရဲတာလည်း မဟုတ်ဘူး။
ကောင်းတာ ချမ်းသာတာလည်း မဟုတ်ဘူး။
မကောင်းမဆိုး ရိုးရိုးအနေပဲ ရှိနေတယ်။
အဲဒီလို မကောင်းမဆိုး ရိုးရိုး
အလယ်အလတ်သဘောကို
ဥပေက္ခာဝေဒနာ ခေါ်တယ်။
အဲဒီ ဥပေက္ခာကိုတော့ သူ့သဘောအရအားဖြင့်
ဆင်းရဲတယ်လို့လည်း မဆိုနိုင်ဘူး။
ချမ်းသာတယ်လို့လည်း မဆိုနိုင်ဘူး။
ဒါပေမယ့် အဲဒီဥပေက္ခာက
မြဲတည်နေတာတော့လည်း မဟုတ်ဘူး
မမြဲတဲ့အတွက်
အဲဒီ အလယ်အလတ် အခြေအနေအတိုင်း
ဖြစ်နေစေချင်ရင် သူ့ဆိုင်ရာ အကြောင်းတွေဖြင့်
မပြတ်ပြုပြင်ပေးနေရတယ်။
ပြုပြင်ပေးနေရတော့ တာဝန်လေးတာ ဆင်းရဲတာပေါ့။
ဒါကြောင့် မကောင်းမဆိုး အလယ်အလတ်ခံစားမှု
ဥပေက္ခာဝေဒနာကို သင်္ခါရဒုက္ခလို့ ခေါ်တယ်။
နောက်ပြီးတော့
ဝေဒနာမှ အခြားတစ်ပါးသော
လောကီရုပ်နာမ်တရားတွေကိုလည်း
အမြဲမပြတ် ပြုပြင်ပေးနေရသဖြင့် တာဝန်လေး၍
ပင်ပန်းစေတဲ့ ဆင်းရဲလို့ ဆိုလိုပါတယ်။
အဲဒီ သင်္ခါရဒုက္ခအကြောင်းကို လိုက်ဆိုကြရမယ်။
(၃) မကောင်းမဆိုး အလယ်အလတ်ခံစားမှု
ဥပေက္ခာဝေဒနာနှင့်
လောကီရုပ်နာမ်တရားအပေါင်းကို
သင်္ခါရဒုက္ခခေါ်သည်။
=====
သုခဝေဒနာကိုလည်း
တည်မြဲအောင် အမြဲမပြတ်ကြောင့်ကြစိုက်ပြီး
ပြုပြင်ပေးနေကြရတာပဲ။
ဒါကြောင့် သုခဝေဒနာလည်း
ဒီသင်္ခါရဒုက္ခထဲ ပါဝင်သင့်ပါတယ်။
ဒါပေမယ့် ဝိပရိဏာမဒုက္ခလို့
သီးခြားအမည်ပေးထားပြီး ဖြစ်တဲ့အတွက်
အဲဒီ သုခဝေဒနာကို အဋ္ဌကထာဆရာများက
ဒီ သင်္ခါရဒုက္ခထဲမှာ ထည့်ပြီး မပြကြတာပါပဲ
သူ့အတွက် ပြုပြင်ပေးနေရလို့ တာဝန်လေးနေတာ
အလွန်ထင်ရှားနေသောကြောင့် သင်္ခါရဒုက္ခထဲ
ထည့်သွင်းပြီးလည်း ယူသင့်ပါတယ်။
ယခုပြောတဲ့ ဒုက္ခသုံးမျိုးကို
သိမှတ်ထားရန် အရေးကြီးပါတယ်။
ဒီဒုက္ခသုံးမျိုးကို
ကောင်းကောင်းသဘောပေါက်ထားရင်
ဒုက္ခသစ္စာအကြောင်းကို အလွယ်တကူနဲ့
သိနားလည်နိုင်ပါတယ်။
=====
(၄) နားကိုက်ခြင်း၊ သွားနာခြင်း ၊
ခေါင်းကိုက်ခြင်း၊ လေအောင့်ခြင်း၊
လိုချင်တပ်စွဲမှု နှိပ်စက်၍ ပူလောင်ခြင်း၊
စိတ်ဆိုးစိတ်ပျက်၍ ပူလောင်ခြင်း၊
စိတ်ညစ်ခြင်း၊ စိတ်ပူခြင်း အစရှိတဲ့
ကိုယ်ထဲ စိတ်ထဲက အခံရခက်နေသော ဆင်းရဲဟာ
ခံစားနေရတဲ့သူမှာသာ ထင်ရှားတယ်။
အခြားပုဂ္ဂိုလ်တွေမှာ မထင်ရှားဘူး။
မေးကြည့်လို့ အဲဒီ ခံစားနေရတဲ့သူက
ပြောပြမှသာလျှင် သိရတယ်။
အဲဒီလို ဆင်းရဲဟာ ဖုံးကွယ်ထားသလိုပင်
မြှုပ်ကွယ်နေတဲ့အတွက် ပဋိစ္ဆန္နဒုက္ခခေါ်တယ်။
မထင်ရှားတဲ့ဆင်းရဲဖြစ်တဲ့အတွက်
အပါကဋဒုက္ခ လို့် လည်းခေါ်တယ်။
=====
(၅) ဓားခုတ်ခံရခြင်း၊ လှံထိုးခံရခြင်း၊ သေနတ်မှန်ခြင်း
စသည်ကြောင့်ဖြစ်တဲ့ အနာဆင်းရဲကတော့
ကွယ်ဝှက်ခြင်းမရှိဘဲ ထင်ရှားပေါ်နေတဲ့အတွက်
အပ္ပဋိစ္ဆန္နဒုက္ခခေါ်တယ်။
ပါကဋဒုက္ခ လို့လည်း ခေါ်တယ်။
=====
(၆) ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကို ဖြစ်စေနိုင်တဲ့
ရုပ်နာမ်သဘောတရားဟူသမျှတွေဟာ
သူ့ပင်ကိုယ်က မဆင်းရဲသော်လည်း
ဆင်းရဲ၏အကြောင်းဝတ္ထုဖြစ်သောကြောင့်
ပရိယာယဒုက္ခ ခေါ်တယ်။
ဖြစ်ပေါ်လာမည့် အကျိုးအာနိသင် ဆင်းရဲနှင့်
ဆက်သွယ်ကြည့်လျှင်
ကြောက်ဖွယ်ကောင်းတဲ့ဆင်းရဲလို့ ဆိုလိုပါတယ်။
ဥပမာအားဖြင့် ရှေ့နားက ပြောခဲ့တဲ့အတိုင်း
နောင်အခါကျလျှင် မိမိကစိုက်ပြီး
လျော်ပေးဆပ်ရ အပြစ်ခံရမယ့်အမှုကိစ္စကို
အာမခံလက်မှတ်ထိုးမိတာလိုပင်
ကြောက်စရာကောင်းတဲ့ ဆင်းရဲပါပဲ။
=====
(၇) ဒုက္ခ ဒုက္ခ ဆိုတဲ့
ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကိုတော့
နိပ္ပရိယာယဒုက္ခ ခေါ်တယ်၊
နည်းပရိယာယ်သွယ်ဝိုက်ခြင်းမရှိဘဲ
မုချဆင်းရဲလို့ ဆိုလိုတယ်။
အဲဒီ ဆင်းရဲဒုက္ခ(၇)မျိုးထဲက
ပရိယာယဒုက္ခ ဖြစ်သောကြောင့်
ဘ၀အသစ်ဖြစ်ခြင်းဆိုတဲ့ ဇာတိကို
ဒုက္ခဆင်းရဲလို့ ဟောတော်မူပါတယ်။
ဘယ်လိုလဲဆိုလျှင်
အကုသိုလ်ကံကြောင့် ငရဲ၌ဖြစ်ပြီး
နှစ်ပေါင်းသိန်းသန်းများစွာ ငရဲမီးအလောင်ခံရခြင်း၊
ငရဲထိန်းတို့၏ အမျိုးမျိုး အနှိပ်စက်ကိုခံရခြင်း
အစရှိတဲ့ ငရဲဆင်းရဲဟူသမျှဟာ
ငရဲ၌ဖြစ်မှု ဇာတိကြောင့်ပဲ။
အကုသိုလ်ကံကြောင့် ပြိတ္တာဘုံ၌ဖြစ်ပြီး
ငတ်မွတ်ဆာလောင်ခြင်း၊ မီးလောင်ခံရခြင်း
အစရှိသော နှစ်ပေါင်းသိန်းသန်းများစွာခံရသော
ပြိတ္တာဆင်းရဲဟာလည်း
အဲဒီဘ၀၌ဖြစ်မိတဲ့ ဇာတိကြောင့်ပဲ။
ကျွဲ၊နွား၊ဆင်၊မြင်း၊ခွေး၊၀က်၊ကြက်၊ငှက်၊
ဆိတ်၊သိုး၊ပိုးမျိုးများစွာ တိရစ္ဆာန်သတ္တ၀ါတွေ
ဆင်းရဲနေကြတာလည်း
အဲဒီ တိရစ္ဆာန်ဘ၀၌ဖြစ်မိတဲ့ ဇာတိ ကြောင့်ပဲ။
လူ့လောကမှာ စားဝတ်နေရေးမပြည့်စုံလို့
လူ့ဘ၀တစ်ခုလုံး ဆင်းရဲနေကြရတာလည်း
လူ့ဘ၀၌ ဖြစ်ရတဲ့ ဇာတိကြောင့်ပဲ။
ချမ်းသာ ကြွယ်ဝပါတယ်ဆိုတဲ့ လူတွေ မှာလည်း
မကျန်းမမာရောဂါဝေဒနာကြောင့်
ကိုယ်ဆင်းရဲခြင်း၊စိတ်ဆင်းရဲခြင်း၊
အလိုမပြည့်ဝလို့ စိတ်ဆင်းရဲခြင်း၊
လူနိုင်တွေ ရန်သူတွေကို ကြောက်ရခြင်း၊
အိုရခြင်းအစရှိသော ဆင်းရဲဟူသမျှတွေဟာလည်း
လူ့ဘ၀၌ ဖြစ်ခြင်း ဇာတိကြောင့်ပဲ။
အဲဒီလို တစ်ဘ၀လုံးနှင့်ဆိုင်တဲ့
ဆင်းရဲဟူသမျှ၏အကြောင်းရင်း ၀တ္ထုဖြစ်သောကြောင့်
ထိုထိုဘ၀၌ဖြစ်ခြင်းဇာတိကို
ဒုက္ခဆင်းရဲလို့ ဆိုရတယ်။
မဟာစည်ဆရာတော်၏
ဓမ္မစကြာတရားတော်ကြီး
Credit, U Khane Ti

Post a Comment

0 Comments