ရဟန်း ပီတိ
************
ဦးဇင်း လူထွက်လိုက်ပြီလား.. တဲ့
မထွက်ပါဘူး.. ထွက်ဖို့်အတွက် စိတ်ကူးမရှိသလို ၂၄ နှစ်အရွယ် သာသနာ့ဘောင် ဝင်ကတည်းက ဘုရင်နောင် ဖောင်ဖျက်လာခဲ့တာပဲ..။
ရခဲလှသည့် ရဟန်းဘဝကို ရနေခြင်းဖြင့် ကိုယ်တိုင် ဝမ်းမြောက်ပီတိ ဖြစ်ရပါတယ်..။
ဗုဒ္ဓဟောကြား ပိဋကတ်တွေကို သင်ကြားရပြန်တော့ သဒ္ဓါတရားတွေ ပိုလို့တိုးလာခဲ့တယ်..။
ဒီဘဝရောက်ဖို့အတွက် ကလေးအရွယ် နှစ်တန်းနှစ်လောက်ကစပြီး စိတ်ကူးယဉ် အိပ်မက် မက်ခဲ့ရတယ်ဆိုလည်း မမှားဘူးလေ..။ ကံကြမ္မာမျက်နှာသာမပေးလို့ ဖခင်မဲ့ခဲ့တဲ့ မိခင်ကြီးနဲ့ မောင်နှမတွေကို လောကအလည် မျက်နှာမငယ်ရအောင် ထောက်ပံ့ထားပြီးမှ သာသနာ့ဘောင် ဝင်ရောက်ခဲ့ခြင်းပါ..။
ရည်ရွယ်ချက်ကလည်း ဘယာပဗ္ဗဇ္ဇိ- ဘေးကြောက်လို့ ဝတ်လာခြင်းမျိုးမဟုတ်။ လာဘ ပဗ္ဗဇ္ဇိ - လာဘ်လာဘလိုချင်လို့ ဝတ်လာခြင်းလည်းမဟုတ်၊ သက္ကာယ ပဗ္ဗဇ္ဇိ- အပူဇော်ခံခြင်လို့လည်း မဟုတ်တော့ နေပျော်တာပေါ့..။
သာသနာမှာ သဒ္ဓါယ ဝသတိ- သဒ္ဓါတရားကို အခြေခံပြီး နေတယ်..။ သဒ္ဓါတရားဆိုတာကလည်း အခက်သား.. အခု ထမင်းကြော်၊ အခု ဆီထမင်းဆိုပြီး အမျိုးမျိုး ဖြစ်နေတော့ သိကြားမင်းကတောင် အာမ မခံရဲလောက်တဲ့အမျိုးပေါ့။ ဒီလိုသဒ္ဓါတရားလေးကို ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ ကောင်းတဲ့ဘက်ကို ဦးတည်နေရတယ်ကွယ်..။
တကယ်တော့ ရဟန်းတော်များရဲ့ဘဝဟာ မလွယ်ပါဘူး..။ ၂၂၇ သွယ်သော မလူးသာ မလွန့်သာ သိက္ခာပုဒ်တွေအကြားမှာ နေရခြင်းဟာလည်း မြုံးမိတဲ့ ငါးတစ်ကောင်ကဲ့သို့ ကျဉ်းကြပ်လှတယ်..။ သို့သော် ဗုဒ္ဓချမှတ်ခဲ့တဲ့ စည်းကမ်းများဆိုတဲ့ အသိနဲ့ နိုင်သလောက် စောင့်ထိန်းရတော့ ပီတီဖြစ်မိတာပေါ့။
ထိန်းရတော့လည်း အမျိုးသမီးများထက် ပိုပြီး အစစအရာရာ နေထိုင် ပြုမူ ပြောဆိုဆက်ဆံသည်မှအစ ပိုတယ်..။
ထိန်းရပါများတော့လည်း လူရှုပ်တဲ့နေရာဆို မသွားချင်တော့ဘူး။ ဆူညံတဲ့အသံတွေလည်း မကြားချင်တော့ဘူး။ အစားသောက်ကစလို့ ဘယ်လောက်ပဲ ကြိုက်တာနဲ့တွေ့နေပါစေ၊ ဘယ်လောက်ပဲ ဆာလောင်မွတ်သိပ်နေပါစေ အိနြေ္ဒကို ဥပေက္ခာပြုပြီး အရမ်းမဲ့ မစားဖြစ်တော့ဘူး..။ ဘယ်လိုပင် လှပအောင် တန်ဆာဆင်ထားကြပါစေ အဖဘုရား ဟောကြားခဲ့တဲ့ "စက္ခုန္ဒြိယံ အသံဝုတံ" အစဖြာတဲ့ ဒေသနာတော်ကို နားယောင်လို့ မကြည့်ဖြစ်တော့ဘူး။
လမ်းလျှောက်တော့လည်း အရင်လို ကြမ်းကြမ်းတမ်းတမ်း မဟုတ်တော့ပဲ ဖြေးညင်းစွာနဲ့ လျှောက်တတ်လာတယ်..။ စကားပြောရာကအစ သူတစ်ပါးနားဝင်ချိုအောင် ပြောတတ်လာတယ်..။ မြို့ထဲသွားရင် လုံခြုံအောင် ဝတ်သွားတတ်လို့ မြင်တဲ့သူဘဝင်လည်း အေးချမ်းစေတယ်..။
တရားနာတဲ့အချိန် များလာတော့ သာသနာကို ပိုပြီး ယုံကြည်သက်ဝင်လာတယ်..။ ကိုယ်တိုင်ဟောရပြန်တော့လည်း မြတ်စွာဘုရားရဲ့ တရားတော်တွေကို ဖြန့်ဝေခွင့်ရတဲ့ ငါပါလားလို့ ပီတိဖြစ်မိပြန်တယ်..။ ရိပ်သာတွေဝင်ပြီး တရားထိုင်ပြန်တော့လည်း စစ်မှန် ငြိမ်းအေးတဲ့ ဓမ္မပီတိ ဓမ္မရသလေးတွေ ခံစားရတယ်..။
အချုပ်အားဖြင့်ပြေရရင်.. ဗုဒ္ဓသာသနာ ချီးမြှောက်ရလို့ ဝမ်းသာပီတိ ဖြစ်ပါတယ်လို့...။
သဗ္ဗေသတ္တာ အဝေရာဟောန္တု..
အရှင်ဇောတိ - နံ့သာနီ (ထိုင်းနိုင်ငံ)
0 Comments