သံသရာ ဘယ်ကစ
သံသရာ ဘယ်ကစလဲ?? ဆိုတဲ့ မေးခွန်းက ဘာသာခြားတွေ ထိုးနှက်တဲ့မေးခွန်းဖြစ်ပါတယ်..
ဒီအကြောင်းကို မြတ်စွာဘုရားကိုယ်တိုင်က သတ္တဝါတွေအတွက် အကျိုးမရှိလို့ ဖြေကြားခဲ့ခြင်း မရှိတဲ့ မေးခွန်းလည်း ဖြစ်နေပြန်တော့.. ဘာသာခြားတို့ရဲ့ ထိုးစစ်မှာ ကျရှုံးရမလို ဖြစ်နေပါတယ်..။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဓမ္မဓိဋ္ဌာန်ကျကျ ပြောရမယ်ဆိုရင်ဖြင့်..
ပဋိစ္စသမုပ္ပါဒ်အလိုအရ ကြည့်မယ်ဆိုရင်တော့ သတ္တ၀ါအစ အ၀ိဇ္ဇာ၊ တဏှာကလို့ မှတ်ယူရပါမယ်။ အတိတ်က သစ္စာလေးပါးမသိတဲ့ အ၀ိဇ္ဇာကြောင့် ပစ္စုပ္ပန်ခန္ဓာဖြစ်တယ်။ ကိုယ့်ဘ၀လေးကိုယ် နှစ်သက်တဲ့တဏှာကြောင့် နောက်ဘ၀ကိုလည်း နှစ်သက်လာပြန် တယ်။ ဒီလိုနှစ်သက်တဲ့တဏှာကြောင့် အနာဂတ် ခန္ဓာဖြစ်တယ်။ ပစ္စုပ္ပန်တဏှာကြောင့် အနာဂတ်ဘ၀ ဖြစ်ရတယ်။ အတိတ်အ၀ိဇ္ဇာကြောင့် ပစ္စုပ္ပန်ခန္ဓာဖြစ်၊ ပစ္စုပ္ပန်တဏှာကြောင့် အနာဂတ်ခန္ဓာဖြစ်တယ်။ ပစ္စုပ္ပန်ခန္ဓာဖြစ်ကြောင်းမှာ အ၀ိဇ္ဇာဦးစီးတယ်၊ အနာဂတ်ခန္ဓာဖြစ်ကြောင်းမှာ တဏှာဦးစီးတယ်။ ဒါကြောင့် ပဋိစ္စသမုပ္ပါဒ်မှာ အ၀ိဇ္ဇာနဲ့ တဏှာဆိုပြီး အလယ်မှာ ပြထားပါတယ်။ အတိတ်အကြောင်းအခြင်းအရာ ငါးပါးမှာ အ၀ိဇ္ဇာက စတယ်။ သစ္စာလေးပါးမသိတဲ့ အ၀ိဇ္ဇာကြောင့် ပစ္စုပ္ပန်ခန္ဓာငါးပါးဆိုတဲ့ ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတို့ ပေါ်လာတယ်။ ဒါဟာ အခုရထားတဲ့ ခန္ဓာငါးပါးပဲ။ အတိတ်က ဘယ်သူခေါင်းဆောင်ခဲ့လို့ ဒီခန္ဓာငါးပါး ရလာတာလဲဆိုတော့ အ၀ိဇ္ဇာ ခေါင်းဆောင်ခဲ့လို့ပါ။
ဝလုံးတစ်လုံးကို ၀ိုင်းလိုက်ရင် အဲဒီဝလုံးရဲ့အစကို ရှာမရသလို
ဝလုံးပေါင်းများစွာ ၀ိုင်းလိုက်ပါက အစကိုပါ ရှာမတွေ့တော့ဘဲ ဖြစ်နေမှာပါ။
အဲဒီတော့ ဝလုံးဖြစ်စေနိုင်တဲ့ စာရွက်၊
ခဲတံစတဲ့ ၀လုံးဖြစ်အောင်လုပ်မဲ့အရာများ ရှိနေသမျှ ၀လုံးဟာ
စက်ဝိုင်းနေဦးမှာပါ။ ဝလုံးဖြစ်စေမဲ့အရာများက အ၀ိဇ္ဇာ၊ တဏှာတွေပါ။
ဝလုံးထပ်မဖြစ်ဘဲ ပျောက်ပျက်သွားအောင် ပြုလုပ်နိုင်တာက
ခဲဖျက်ဆိုတဲ့ မဂ္ဂင်ရှစ်ပါးအစရှိတဲ့ နိဗ္ဗာန်ရောက်ကြောင်း တရားတွေပါ။
အဲဒီတော့ မြတ်ဗုဒ္ဓက သူသိမြင်ခဲ့တဲ့ ၀လုံးထပ်မဖြစ်အောင်၊
ဝလုံးလေးပျောက်သွားအောင် ဘယ်လိုဖျက်ရမယ်ဆိုတာ နည်းပေးလမ်းညွှန်ခဲ့တာပါ။ ဒါဟာ
အဓိကအကျဆုံးအရာပါ။ ဒါမှသာ မိမိတို့ဒုက္ခခံနေရတဲ့ သံသရာကြီးကနေ
လွတ်မြောက်မှာ ပါ။ ၀လုံးလေးဘယ်ကနေ ဘယ်လိုဖြစ်လာတယ်ဆိုတာကိုသိရုံနဲ့
ဒုက္ခသံသရာကနေ လွတ်မြောက်မှာ မဟုတ်ပါဘူး။ အစမထင် သံသရာဟာ ၀လုံးပေါင်းများစွာ
ဝိုင်းလာခဲ့လို့ ၀လုံးရဲ့အစကို ရှာမတွေ့နိုင်အောင်ဖြစ်နေပါတယ်။ အဲဒီတော့
ဝလုံးထပ်မ၀ိုင်းအောင် ၀လုံးဖြစ်စေနိုင်တဲ့အရာများကို ခဲဖျက်နဲ့ဖျက်ပေးဖို့
မြတ်ဗုဒ္ဓက နည်းလမ်းပေးခဲ့တာပါ။
စစ်တိုက်တဲ့လူဟာ ရန်သူပေါ်လာရင် ရှင်းပစ်ရမှာပဲဖြစ်ပြီး
ရန်သူတွေဘယ်လိုဖြစ်လာတာလဲ။ ဘယ်ကနေရောက်ရောက်လာတာလဲဆိုတာ
စဉ်းစားစရာမလိုပါဘူး။ မိမိတာဝန်က ရှင်းပစ်ဖို့ပါပဲ။
အဲဒီလိုပဲ မိမိတို့ကလည်း သတ္တ၀ါဖြစ်လာပြီဆိုရင် ဒုက္ခဆင်းရဲမှကင်းအောင်
ငြိမ်းချမ်းမှုကိုရအောင် အန္တရာယ်ဖြစ်တဲ့ ကိလေသာများကို ရှင်းလင်းအောင်
ပြုလုပ်ရမှာပါ။
နောက်တစ်ခု သိထားရမှာက မြတ်ဗုဒ္ဓစာပေထဲမှာလာတဲ့ သတ္တ၀ါဖြစ်ခြင်း
(၄)မျိုးလေးစားကို သိထားရပါမယ်။ အဲဒီလေးမျိုးကတော့ (၁) ဥကနေ ဖြစ်လာတဲ့
အဏ္ဍဇသတ္တ၀ါ၊ (ကြက်၊ ငှက်စသည်)။
(၂) ပိုးလောက်ကဲ့သို့ အညှီအဟောက်ကို အစွဲပြု၍ မွေးဖွားလာသော သံသေဒဇ သတ္တ၀ါ၊ (ခြင်၊ လောက်စသည်)
(၃) ကိုယ်ဝန်ဖြင့် မွေးဖွားလာသော ဂဗ္ဘသေယျက သတ္တ၀ါ၊ (လူ၊ နွား၊ ခွေးစသည်)
(၂) ပိုးလောက်ကဲ့သို့ အညှီအဟောက်ကို အစွဲပြု၍ မွေးဖွားလာသော သံသေဒဇ သတ္တ၀ါ၊ (ခြင်၊ လောက်စသည်)
(၃) ကိုယ်ဝန်ဖြင့် မွေးဖွားလာသော ဂဗ္ဘသေယျက သတ္တ၀ါ၊ (လူ၊ နွား၊ ခွေးစသည်)
(၄) ကုသိုလ်အဟုန်ကြောင့် ဖွားကနဲ့ဖြစ်လာတဲ့ (ကမ္မဇ) သြပပါတိက သတ္တ၀ါ (နတ်ဗြဟ္မာ)တို့ ဖြစ်ပါတယ်။
ဒီလို သတ္တ၀ါတွေမွေးဖွားမှုဟာ လေးမျိုးလေးစားနဲ့ဖြစ်နေကြတာဆိုတော့
ကျွတ်တမ်းဝင်ဖို့ သတ္တ၀ါတွေဟာ ဘယ်လောက်ပဲရှိနိုင်မယ်ဆိုတာ စဉ်းစားကြည့်ရင်
သိနိုင်ပါတယ်။ မြတ်စွာဘုရားရှင်တွေပွင့်တိုင်း လူဖြစ်တဲ့သတ္တ၀ါတိုင်းတောင်
ကျွတ်တမ်းမ၀င်ကြဘူးဆိုမှတော့
ကျန်တဲ့သတ္တ၀ါတွေဟာ ဘယ်လိုလုပ်ကျွမ်းတမ်းဝင်မလဲ။ နောက်ပြီး
အပါယ်လေးဘုံရောက်တဲ့သတ္တ၀ါတွေဟာ ကောင်းမှုကုသိုလ်မလုပ်နိုင်လို့
အပါယ်လေးဘုံမှာပဲ တ၀ဲလည်လည်နဲ့
ကျင်နေရတာဆိုတော့ ဘယ်လောက်ပဲမြတ်ဗုဒ္ဓတွေပွင့်ပွင့် သူတို့ကတော့
အပါယ်ထဲမှာပဲ ကျင်လည်နေရတာမို့ ကျွမ်းတမ်းဝင်ဖို့ ခဲယဉ်းပါတယ်။
နဂါးဖြစ်ရတဲ့သတ္တ၀ါတောင် ဘုရားရှင်နှစ်ဆူပွင့်တဲ့အထိ
ကြာမြင့်စွာ နေခဲ့ရသေးတာဆိုတော့ ကျန်တဲ့တိရစ္ဆာန်တွေ၊ ငရဲသားတွေ၊ ပြိတ္တာ၊
အသူရကယ်တွေဆို ဘယ်လောက်တောင်များ အပါယ်ထဲမှာပဲ အချိန်များစွာ
ကျင်လည်နေရမယ်ဆိုတာ မသိနိုင်ဘူးလေ။
အပါယ်လေးဘုံကိုရောက်သွားရင် ကုသိုလ်ဆိုတာလည်း မသိ။
အကုသိုလ်ဆိုတာလည်း မသိဘဲဖြစ်သွားပါတယ်။ နောက်ပြီး အပါယ်လေးဘုံမှာက
ကုသိုလ်ကောင်းမှုပြုလုပ်မိရန် မလွယ်ကူးတာမို့ အပါယ်ကနေ အပါယ်ကိုဆက်သွားရတာ
များပါတယ်။ ငရဲမှာဆို ငရဲဆင်းရဲများကို နေ့စဉ်နဲ့အမျှ ခံစားနေရတာမို့
ကုသိုလ်ဆိုတာ မရှိ၊ ပြိတ္တာ၊ အသူရကာယ်ဆိုတာကလည်း
သူများကောင်းမှုကုသိုလ်ကို သာဓုခေါ်မှသာ ကုသိုလ်ဆိုတာရှိပြီး မကောင်းမှုတွေနဲ့
ဖြတ်သန်းရတာ များပါတယ်။ တိရစ္ဆာန်ဘ၀လည်း ကုသိုလ်ဆိုတာ မသိတဲ့အတွက်
ကုသိုလ်ရယ်လို့ သီးသန့်လုပ်တာမျိုးမရှိဘဲ
တချို့သောတိရစ္ဆာန်များသာ တရားနာတာတို့၊ သူတစ်ပါးကို ကူညီတာတို့ကြောင့်
ကုသိုလ်ရကြပါတယ်။ များသောအားဖြင့် မကောင်းမှုတွေပဲ ပြုလုပ်ဖြစ်ကြပါတယ်။
နတ်ပြည်၊ ဗြဟ္မာပြည်ရောက်ပြန်တော့လည်း နတ်စည်းစိမ်၊ ဗြဟ္မာ့
စည်းစိမ်တွေကိုခံစားနေရတာကြောင့် ကုသိုလ်လုပ်ဖို့ မေ့လျှော့တတ်ကြပါတယ်။
တကယ့်ကို သူတော်ကောင်းစိတ်ရှိတဲ့ နတ်ဗြဟ္မာများသာ ဗုဒ္ဓတရားတော်များ
နာကြားခြင်း၊ တရားမှတ်ခြင်းများ ပြုလုပ်ကြပါတယ်။ များသောအားဖြင့်တော့
ကာမဂုဏ်စည်းစိမ်တွေနဲ့ ယစ်မူးနေမိကြပါတယ်။
အဲဒါကြောင့် ကောင်းမှုလုပ်ခွင့်ရတဲ့ လူ့ဘ၀မှာ ကောင်းမှုများများ ပြုလုပ်ဖို့
မြတ်ဗုဒ္ဓက တိုက်တွန်းခဲ့တာပါ။
အစမထင်သံသရာကနေ ဖြစ်လာကြတဲ့သတ္တ၀ါတွေဟာ
ဘယ်လောက်ရှိလဲသိနိုင်ဖို့ ရေတွက်ရခက်တယ်ဆိုတာ တိရစ္ဆာန်တွေကိုကြည့်ရုံဖြင့်
သိနိုင်ပါတယ်။ ဘာဖြစ်လို့ မရေတွက်နိုင်တာလဲဆိုတော့ ရေတွက်လို့မရအောင်ကို
များနေလို့ပါ။ ဒါကြောင့်လည်း အင်္ဂလိပ်စာပေမှာ Co_Noun and Un-Noun ဆိုပြီး
သုံးနှုန်းကြတာပါ။ ရေတွက်လို့မရနိုင်တဲ့အရာတွေကို ဒါဟာ ဘယ်လောက်ရှိတယ်လို့
အမှန်တကယ်သိတဲ့လူကပြောရင်လည်း အဲဒီပြောတဲ့သူသာ
အရူးလို့ထင်ခံရမှာပါ။ ဒါကြောင့် မြတ်ဗုဒ္ဓက သတ္တ၀ါတွေဟာ
အနန္တ-အဆုံးအပိုင်းအခြား ရေတွက်လို့မရဘူးလို့ ပြောခဲ့တာပါ။ ဥပမာ-ဦးဇင်းက
သမုဒ္ဒရာထဲမှာ ငါးအကောင်ပေါင်း
ကုဋေပေါင်းတစ်ထောင်ရှိတယ်လို့ပြောရင် ဘယ်သူကယုံမလဲ။ ဦးဇင်းကိုသာ
အရူးလို့ပြောကြမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ မိမိတို့က
မရေတွက်နိုင်လို့ပါ။ အဲဒါကြောင့် သဗ္ဗညုတဉာဏ်ရရှိသူသာ
သိမြင်နိုင်တဲ့အရာတွေကို မြတ်ဗုဒ္ဓက
ဟောပြောခြင်းမပြုခဲ့ဘဲ မကြံစည်အပ်တဲ့အရာလို့ မိန့်ဆိုခဲ့တာပါ။ အဲဒီတော့
သတ္တ၀ါတွေ ဘယ်လောက်ရှိတယ်ဆိုတာ သိချင်ရင် ပထမဦးဆုံး
သမုဒ္ဒရာထဲကသတ္တ၀ါတွေကိုပဲ အရင်ရေတွက်ကြည့်ပါလို့ ပြောပါရစေ။
မဇ္ဈိမပဏ္ဏာသ၊ စူဠမာလုကျသုတ်မှာ အရှင်မာလုကျပုတ္တက မြတ်ဗုဒ္ဓအား လောကကြီး
အဆုံးရှိသလား အဆုံးမရှိဘူးလား။ သတ္တ၀ါတစ်ယောက် သေပြီးရင် ပြန်ဖြစ်လား
မဖြစ်ဘူးလား။ ဖြစ်သည်လည်းမဟုတ် မဖြစ်ဘူးလည်းမဟုတ်ဆိုတဲ့ မိစ္ဆာဒိဋ္ဌိ
မေးခွန်း(၁၀)ခု မေးခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ အဲဒီလို အတွေးမျိုးတွေကို
အနောက်တိုင်း အတွေးခေါ် (Western Philosophers) လို့ ခေါ်ပါတယ်။ အဲဒါတွေကJust
thinking ပဲဖြစ်ပြီး အကျင့်မပါတဲ့အရာတွေသာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့
တရားတွေက အကျင့်ကိုပဲ ဦးစားပေး ဟောထားခဲ့တာပါ။ အဲဒီလို Just thinking
တွေလုပ်နေပြီး အကျင့်တွေမလုပ်ဘူးဆိုရင် အဲဒီလူဟာ မျက်မှောက်လောကီအတွက်လည်း
တိုးတက်မှာမဟုတ်သလို သံသရာလွတ်ကြောင်းများ ကိုလည်း
ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် Just
thinking-တွေးခေါ်စဉ်းစားစရာမဟုတ်တာတွေကို မစဉ်းစားဘဲနဲ့
Doer-လက်တွေ့သမားဖြစ်အောင် ပြုလုပ်သင့်တာတွေကို ပြုလုပ်ဖို့ မမေ့ပါနဲ့လို့
တိုက်တွန်းပါရစေ။
1 Comments