Advertisement

Responsive Advertisement

ထူးမြတ်လှပုံ မြတ်ကဆုန်


ကဆုန်လ ခေါ်ကြရပုံ

ပုဂံခေတ် ကျောက်စာများတွင် (ခုဆုန်၊ ခူဆုန်၊ ကူဆုန်) စသည်ဖြင့် အမျိုးမျိုး ရေးထိုးထားသည်ကို လေ့လာသင်ကြားခဲ့ရဖူးသည်။ ရှေးဆရာကြီးများက . . .
(ကံဥဒကံ၊ ဆိန္ဒတီတိ ကဆိန္နံ) ဟု ၀ိဂြိုဟ်ပြုကြသည်။ (ယောမာသော=အကြင်လတွင် ကံဥဒကံ=ရေကို ဆိန္ဒတိ=ဖြတ်တတ်၏၊ ဣတိတသ္မာ=ထို့ကြောင့် ထိုလကို ကဆုန်ဟု ခေါ်ရမည်ဟု အဓိပ္ပာယ် ဖွင့်ဆိုသင့်သည်။
"ကု" သည် ရေကိုဟော၍ (ဆုန်)မှာ သွန်းလောင်းခြင်း၊ သွန်းပက်ခြင်း၊ ဆင်းသက်ယိုစီးခြင်း အနက်များရှိကြောင်း (က) ပုဒ်မှာရေကို ဆိုလိုပြီး (ဆုန်) မှာဖြတ်ခြင်း တောက်ခြင်းဟု ယူသင့်ကြောင်း ဆရာကြီးဦးဘိုးလတ်က ရှင်းလင်းထားခဲ့လေသည်။ သို့အတွက် ကဆုန်လတွင် လွန်စွာပူပြင်း၍ မြစ်ချောင်းအင်းအိုင်များကို ရေဖြတ်ကြောင်း သိရပါသည်။

ကဆုန်လတွင် ထူးခြားချက် များစွာရှိသည်။
မဟာသက္ကရာဇ် (၁၀၃) ခုနှစ်မှစ၍ တင်ပြပါမည်။ ထိုနှစ်က ဆုန်လဆန်း ၁၄ ရက် မိုးသောက်ယံအချိန်က ဖြစ်၏။ ထိုအချိန်တွင် အလောင်းတော် သိဒ္ဓတ္ထသည် ဥရုဝေလတောအိုအတွင်းရှိ ညောင်ပင်ကြီးတစ်ပင်၏ ခြေရင်း၌ ထိုင်တော်မူကာ ဆွမ်းခံရန် အစီအစဉ်များ စိတ်ကူးနေသည်။ ထိုအချိန်တွင် သေနနိဂုံးရွာမှ မဟာသေန သူဌေးကြီး၏သမီး သုဇာတာသည် အသပြာတစ်သိန်းထိုက်သော ရွှေခွက်နှင့် ဃနာနို့ဆွမ်းများ လောင်းထည့်ကာ ပူဇော်ခဲ့သည်။
ကဆုန်လ ရောက်လာသဖြင့် သစ်ပင်ပန်းမန်များ ရေပြတ်နေသည်။ ရေလောင်းပေးမှ အသက်ရှည်မည်။ အထူးသဖြင့် မြတ်စွာဘုရားကျောမှီ၍ ပွင့်တော်မူရာ၊ မဟာဗောဓိညောင်ပင်ကို ရေသွန်းပေးရန် လိုအပ်နေလေပြီ . . . . .

အလောင်းတော်လည်း အနီးရှိနေဉ္စရာမြစ်သို့ ကြွ၍ ခြေလက်များသန့်စင်ပြီး နေ၀န်းပေါ်ချိန်တွင် ဃနာနို့ဆွမ်းများကို ဘုဉ်းပေး၍ ရွှေခွက်ကို ရေသို့မျှောခဲ့လေသည်။ ထို့နောက် မင်းသိဒ္ဓတ္ထသည် ဗောဓိပင်ခြေရင်းသို့ ကြွကာ ထက်ဝယ်ဖွဲ့ခွေနေတော် မူပြန်သည်။ မဂ်လေးတန် ဖိုလ်လေးတန်ကို မြင်သိ၍ (အနေကဇာတိသံသာရံ) ဂါထာကို လှူဒါန်းကျူးရင့်လေသည်။ အဓိပ္ပာယ်ကား "ငါသည် လောကသုံးပါး၌ ဘုရားစင်စစ် ဧကန်ဖြစ်ခဲ့ပြီ" ဟု ကြွေးကြော်ခြင်းဖြစ်။
ဤသည်ကို လယ်တီဆရာတော်ကြီးက (တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့် ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ပိတာန်ထီးနှင့် မငြီးကြည်ဖြူ နေတော်မူလျက်) ဟု စပ်ဆိုခဲ့လေသည်။

မြတ်စွာဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂါယာမှ ဗောဓိညောင်ပင်၏ မျိုးပွားအပင်များကို မြန်မာတို့ဆောင်ယူလာကြပြီး အထွတ်အမြတ် စိုက်ပျိုးထားကာ ထိုဗောဓိညောင်ပင်တို့ကိုလည်း ရေသွန်းလောင်းလေ့ရှိပြန်သည်။


ကဆုန်လ၏ မှတ်သားဖွယ်ကြီး ၁၆-ချက်။ ။
*********

ကဆုန်လနှင့်စပ်လျဉ်း၍ ထူးခြားချက် ၁၆ ချက်ရှိကြောင်းကို အရှင်သြဘာသာဘိဝံသ၏ အဘိဓာန်၌ ဖတ်ခဲ့ရလေသည်။
ယင်းတို့မှာ..
၁။ အလောင်းတော်သုမေဓာသည် ဒီပင်္ကရာ မြတ်စွာဘုရားထံ နိယတဗျာဒိတ်ပန်း ဆင်မြန်းရယူခဲ့သောလ
၂။ သိဒ္ဓတ္ထမင်းသား ဖွားမြင်သောလ
၃။ တောထွက်တော်မူသောလ
၎။ သစ္စာလေးပါးသိမြင်၍ ဘုရားဖြစ်သောလ
၅။ ပရိနိဗ္ဗာန်စံဝင်သောလ
၆။ ဗောဓိပင်ကို ညောင်ရေသွန်းသည့်လ
၇။ စံကားပန်းများ ပွင့်သောလ
၈။ ၀ိသာခါနက္ခတ် ထွန်းလင်းသောလ
၉။ တံငါတာရာ ထွန်းပသောလ
၁၀။ နေ့နာရီ ၃၂ ညနာရီ ၂၈ ရှိသောလ
၁၁။ ရက်စုံသက်သောလ
၁၂။ နဂါးဦးခေါင်း အနောက်မြောက်သို့ လှည့်သောလ
၁၃။ စနေ၊ ကြာသပတေး၊ ရက်ရာဇာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ ပြဿဒါး
၁၄။ နှစ်ဖ၀ါးဖြင့် မွန်းတဲ့သောလ
၁၅။ ဗြိဿရာသီမည်သောလ
၁၆။ ဖွားဖက်တော်ခုနစ်ပါး မွေးဖွားသောလ စသည်တို့ ဖြစ်ကြပေသည်။
ရွှင်လန်းကြပါစေ..
အရှင်ဇောတိ - နံ့သာနီ





Post a Comment

0 Comments