ဂလောင်.. ဂလောင်.. ဂလောင်.. အချိန်ကား နံနက် (၃း၃၀)နာရီ ..
ဆူညံစွာကြားနေရသော ခေါင်းလောင်းသံနှင့်အတူ မွန်ပြည်နယ် မော်လမြိုင်မြို့ “ရာမညရဋ္ဌဗုဒ္ဓ တက္ကသိုလ်” ကြီးအတွင်း၌ (၁၀)ရက်တိုင်တိုင် ကျင်းပပြုလုပ်မည့် အောင်လံဆရာတော်ကြီး ဦးစီးသော သဲအင်းဂူ အဖွဲခွဲ-၃၂ ၏ အစပထမနေ့ ဖြစ်သည်..။
လေးရာကျော် ငါးရာနီးပါးခန့်ရှိသော ယောဂီသစ်များက မိမိတို့၏ ဆိုင်ရာ အခန်းငယ်များမှထကာ မျက်နှစ်သစ်ခြင်း၊ ကိုယ်လက်သန့်စင်စေခြင်းနှင့်အတူ အလုပ်များနေကြသည်..။ တချို့ကလည်း တက်ကြွသော ခြေလှမ်းများနှင့်အတူ ကြိုတင်သတ်မှတ်ထားသော နာရီမပြည့်မီ စောစီးစွာနေရာယူနှင့်ကြပြီးဖြစ်သည်..။
မကြာမီအချိန်တွင်လည်း ဆရာတော်ကြီးမှ သြဝါဒတရားတော်များ မိန့်ကြားတော့မည်..။
ဆရာတော်ကြီးသည် သက်တော် (၆၄)နှစ်၊ သိက္ခာတော် (၂၁)ရှိပြီဖြစ်သည်..။ ငယ်စဉ်က သက်တော် (၂၄)နှစ် အရွယ်တွင် ရဟန်းဘောင်တက်ခဲ့သော်လည်း (၆)ဝါအရတွင် ဖခင်ကြီးကွယ်လွန်သဖြင့် မိခင်ကြီးအား လုပ်ကျွေးပြုစုရန် လူဝတ်လဲခဲ့ရသည်..။ သာသနာပြုရမည့် ပုဂ္ဂိုလ်ဖြစ်သည့်အားလျှော်စွာ သက်တော် (၄၂)နှစ်တွင် သာသနာ့ဘောင်သို့ ပြန်လည်ဝင်ရောက်ခဲ့သည်။
ဆရာတော်ကြီး၏ ရိပ်သာစခန်းပွဲသည် အခြားသော စခန်းမျာနှင့်မတူ၊ တမူထူးခြားသည်မှာ ယောဂီတစ်ယောက်သည် ပထမအကြိမ် (၁၀)ရက်၊ ဒုတိယအကြိမ် အချောသပ် (၁၀)ရက် အားဖြင့် နှစ်ကြိမ်သာ ဝင်ခွင့်ရှိသည်..။ နှစ်ကြိမ်ဝင်ပြီးသော ယောဂီသည်လည်း နောက်နောင်တွင် ဝင်စရာမလိုအောင် မိမိကိုယ်တိုင် အားထုတ်တတ်ပြီဖြစ်သည်..။ တဖန်.. သဒ္ဓါတရား ထက်သန်သော ယောဂီများကို သက်ညှာသောအားဖြင့် အောင်လံရိပ်သာကြီးတွင် ဝါတွင်းရက်ရှည် လာရောက် ကျင့်ကြံအားထုတ်နိုင်သည်။
ဆရာတော်ကြီးသည် တရားပြရာတွင် လူခွဲလက်ခွဲ မထားဘဲ ကိုယ်တော်တိုင် အပင်ပန်းခံကာ ဦးဆောင်ပြသမှ ကျေနပ်တော်မူသည်..။ ထို့ကြောင့်လည်း ပြည်တွင်းသာမက ပြည်ပနိုင်ငံများအထိတိုင် အပင်ပန်း အဆင်းရဲခံကာ ကြွရောက်၍ ပြသတော်မူသည်..။ လောကလူတို့သည်ပင် ကိုယ်ကိုတိုင် ကောင်းတာကို စားရလျှင် ကိုယ့်ချစ်သူကို သတိရမိသကဲ့သို့ ဆရာတော်ကြီးကလည်း ကိုယ်တော်တိုင် မဂ်ဆိုက်ဖိုလ်ဝင် ထားသည့်အတွက် လောကရှိ လူသားများအား မဂ်အရသာ ဖိုလ်အရသာများကို တွေ့ထိခံစားစေလိုသောကြောင့် ယခုကဲ့သို့ အပင်ပန်း အဆင်းရဲခံကာ ပြသနေခြင်းလည်းဖြစ်သည်။
ဆရာတော်ကြီး၏ သာသနာပြုလမ်းစဉ်ကား ယနေ့အချိန်တိုင်အောင် Marsedes ကားကြီးစီးကာ ကိုယ်ပိုင်ရိပ်သာခွဲပေါင်း ရှစ်ခုကို ဦးဆောင်နေရသော်လည်း အများထင်သကဲ့သို့ မလွယ်ကူလှပါ..။ ဆရာတော်ကြီး၏ ပရိယတ္တိအခြေခံ အားနည်းသည်ဟူသော ပျော့ကွက်ကိုထောက်ကာ တိုက်ခိုက်မှုများ ထိုးနှက်မှုများလည်း ယနေ့တိုင် ရှိနေဆဲဖြစ်သည်။ ညောင်တုန်းပရိယတ္တိ စာသင်တိုက်ကြီးတွင်လည်း ဓမ္မာစရိယဆရာတော် အရှင်စန္ဒောဘာသ ကြီးမှုး၍ သုဓမ္မာဂိုဏ်းချုပ်ဆရာတော်နှင့် ထုံးဖိုဆရာတော်ကြီးတို့၏ အစစ်ဆေးကို ခံယူကာ မဂ်ဆိုက်ခဲ့ကြောင်း ဝန်ခံခဲ့ပါသည်..။ (Mp-3 အသံဖိုင်ဒေါင်းရန်- https://yadi.sk/d/35PiFs3Q3EWEHR ) မည်သို့ပင်ဆိုစေကာမူ ဆရာတော်၏ ခန္ဓာဉာဏ်တွေ့ တရားက ဗုဒ္ဓစာပေများနှင့် တထပ်တည်း ကျစေသည်..။ အပြောမဟုတ် အလုပ်နှင့် လက်တွေ့ပြပါသည်..။ ထို့ကြောင့်လည်း ဆရာတော်ကြီးထံတွင် တပည့်ခံထားသော BA,MA, Phd ဘွဲ့ရ သံဃာတော်များနှင့် အဘိဝံသ၊ ဓမ္မကထိက၊ ကမ္မဋ္ဌာနာစရိယ ဆရာတော်ကြီးများသည်ပင် ငါကကျောင်းထိုင်၊ ငါက စာတတ်၊ ငါက ဓမ္မကထိက အစရှိသော မာနတရားများကို ဖယ်ခွါကာ ဆရာတော်ကြီးထံတွင် နည်းနာ နိဿယ ခံယူကာ ရိပ်သာစခန်း ဝင်ရောက် နေကြတာကို တွေ့မြင်ရမည်ဖြစ်ပါသည်..။
ဆရာတော်ကြီးအကြောင်း စဉ်းစားနေစဉ်မှာပင် ဆရာတော်ကြွလာသဖြင့် အတွေးစတို့ ပြတ်တောက်ခဲ့ရသည်..။ ဆရာတော်ကြီးမှ ယောဂီသစ်များ၏ စာရင်းကို ဖတ်ကြားကာ ကမ္မဋ္ဌာန်းတရားများကို ပေးအပြီး ပြန်ကြွတော်မူသည်..။ ရိပ်သာကြီးအတွင်း ကျင့်ဆောင်ရသော ကမ္မဋ္ဌာန်းနည်းများမှာ..
အာနာပါန။ ။ နှာသီးဝထိချက်ကို မူတည်ပြီး ဝင်သက်ထွက်သက်၏ အတိုအရှည်၊ အနှေးအမြန်၊ အပျော့အပြင်း တို့ကို သုံးရက်ကျော်ကြာ ရှုရသည်..။
ဘောင်ချိန်ကျင့်စဉ် ။ ။ နှာသီးဝထိချက်အာရုံနှင့် ဝေဒနာကို ထိန်းညှိသော ဘောင်ချိန်ရှုနည်းကို ၂-နာရီ သုံးကြိမ် ကျင့်ရသည်..။
လျောင်း/ဘဝင် ကျင့်စဉ် ။ ။ ရှေ့စိတ်ကို နောက်စိတ်နှင့် ရှုမှတ်၍ သိပေးနေစဉ် ပေါ်လာသော အသုဘ၊ အရိုးစု၊ ဓါတ်လေးပါး၊ ၃၂-ကောဋ္ဌာသ စသော ကမ္မဋ္ဌာန်းတို့တွင် မိမိအားသန်ရာ/ မိမိစရိုက်နှင့် ကိုက်ညီသော တစ်ခုကို ရွေးပြီး လျောင်း (၃)နာရီ ရှုမှတ်ရသည်..။
ထိုင်/ဘဝင် ကျင့်စဉ် ။ ။ ထို့နောက် အထက်ပါနည်းအတိုင်း ထိုင်/ဘဝင်ကို နောက်ရက်များတွင် ကျင့်ရသည်..။
မဟာပလ္လင် ကျင့်စဉ် ။ ။ ခြေဖဝါးနှစ်ဖက်ကို အပေါ်ဖြန့်ပြီး နှစ်ဖက်ချိတ် ထိုင်ရသော (တနည်း) မြတ်စွာဘုရားရှင်တို့၏ ထိုင်ပုံ ထိုင်နည်းမျိုးဖြင့် သတ်မှတ် အဓိဋ္ဌာန် နာရီမပြည့်မချင်း ထိုင်ရသော နည်းဖြစ်သည်..။ ရှုမှတ်ပုံမှာ တက်လာသော ဝေဒနာအပေါ်မှာ နာမှုကျင်မှု ခံစားနေသော စိတ်ကလေးကို နောက်စိတ်နှင့် သိပေးမှတ်ပေးပါ။ လူနာကိုဘေးမှ ထိုင်ကြည့်နေသော ပုံစံမျိုးနှင့် ရုပ်ကြီးနှင့်စိတ်ကို ခွဲခြားကာ ကြည့်တတ်သော ဒုက္ခဝေဒနာကို ဗျိုင်းတစ်ကောင်သည် ရေမြောင်းအပေါက်မှ စောင့်ပြီး မျောပါလာသော ငါးများကို မလွတ်တမ်း ဖမ်းစီးနေသကဲ့သို့ ပေါ်လာသော အာရုံများကို တစ်ခုစီ မလွတ်တမ်းကြည့်ရသည်။
တဏှာသည် အမျိုးမျိုး အနုနည်းနှင့်တစ်မျိုး အကြမ်းနည်းနှင့်တစ်ဖုံ အမျိုးမျိုး မပျက်တရစပ် ညှင်းဆဲနေမည်ဖြစ်သည်။ ၄င်းကို သမာဓိကောင်းစွာနှင့် ခွင့်လွတ်သည်းခံပြီး စောင့်ကြည့်နေမည်ဆိုလျှင် တဏှာ၏ ကြာချိန်သည် (၁း၄၅)နာရီသာ ကြာနိုင်သည်။ မိမိအလိုသို့ မလိုက်သော တဏှာသည် သည်းမခံနိုင်သည့်အဆုံး နှလုံးအိမ်ကို ဆုပ်ကိုင်ကာ ရုံးကန်ခြင်းဖြင့် လှပ်ခနဲ- ဖတ်ခနဲ ဖြစ်ကာ ဝေဒနာ-တဏှာမစပ်နိုင်ဘဲ မဂ်ကူးခြင်းဖြင့် ဘဝင်ကျနိုင်သည်ဟု ဆရာတော်မှ အခိုင်အမာ ဟောကြားတော်မူထားသည်။ ဟောကြားသည့်အတိုင်းလည်း လိုက်နာဆောင်ရွက်ကြသဖြင့် မဂ်ကူးပြီး အေးငြိမ်းမှုကို ရသူများ ရှိကြသကဲ့သို့ ပါရမီနည်းပါးသဖြင့် ထင်သလောက် ခရီးမပေါက်ကြသော ယောဂီများလည်း ရှိကြသည်။ ၄င်းယောဂီများသည် သည်တစ်ကြိမ်မှာ မဂ်မရသော်လည်း ဒုတိယအကျော့ ဒုတိယအကြိမ်တွင် ပါဝင်ထိုင်ခြင်းဖြင့် မျှော်လင့်ချက်များ ရှိနေပါသေးသည်..။ ထို့ကြောင့်တိုက်တွန်းချင်ပါသည် ယောဂီများ ဘဝင်မကျ မဂ်မရသဖြင့် စိတ်ပျက်အားငယ်ခြင်း မဖြစ်ကြပဲ ဒုတိယအကြိမ် အချောသပ် စခန်းပွဲကို ဝင်ရောက်ခြင်းဖြင့် ခရီးဆုံးလျှင် ပန်းတိုင်တွေ့မည်ဖြစ်ကြောင်း အသိပေးပါရစေ..။
စာရေးသူကိုယ်တိုင်ကတော့ အုပ်စုပွဲအောင်မြင်ထားသော ဘောလုံးအသင်းသည် ဆီမီးဖိုင်နယ်ပွဲတတ်ရောက်ရန် မျှော်လင့်နေသကဲ့သို့ စာရေးသူကိုယ်တိုင်လည်း တရားစခန်းပွဲ ပထမအကြိမ်အောင်မြင်စွာ ဝင်ထားသောကြောင့် ဒုတိယအကြိမ် အချောသပ် ဝင်နိုင်ရန် အားမွေးကာ စောင့်ဆိုင်းနေပါတော့သည်…။
အရှင်ဇောတိ (နံ့သာနီ)
ထိုင်းနိုင်ငံ - 27,1,2017
ထိုင်းနိုင်ငံ - 27,1,2017

0 Comments