Advertisement

Responsive Advertisement

မသိုးသင်္ကန်းဟူသည်


မသိုးသင်္ကန်း ဟူသည်
******************
မသိုးသင်္ကန်းဟူသည်.. ကထိန်ကာလ ကထိန်ရာသီတွင်သာ ဆပ်ကပ်ရသော ကာလဒါန အလှူဖြစ်သည်..။
မသိုးသင်္ကန်းသည် ရက်ကူးရက်ငင် မဖြစ်မနေ အလျှင်ထုတ်ချောက် ပြီးမြောက်သည်ကို မသိုးမပုတ်သည့် အစွမ်းကြောင့် မသိုးသင်္ကန်းဟု ခေါ်ဆိုရသည်။

တစ်နေ့တည်း အာရုဏ်မတက်မှီအပြီးအစီး ရက်လုပ်လှူဒါန်း သောသင်္ကန်းဖြစ်သောကြောင့် မသိုးသင်္ကန်းဟု ခေါ်ဆိုသည်။ သို့သော် မသိုးသင်္ကန်း၏မူရင်းမှာ ကထိန်သင်္ကန်း ပင်သည်။

ကထိန် မသိုးသင်္ကန်းဟူသည်မှာ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှ တန်ဆောင်မုန်းလ ပြည့်နေ့ တိုင်အောင် တစ်လတာ ကာလ အတွင်း၌သာ ခင်းရသော ကထိန်သင်္ကန်းကို မသိုးမပုပ်ခင် ကထိန်ခင်းခြင်းကို ဆိုလိုသည်။
ဥပမာဆိုရသော် ယနေ့မနက် ချက်သော ထမင်းများကို ယနေ့ပင်စားမှ အဆင်ပြေနိုင်သည် နောက်ရက်အထိ ထားလျှင် သိုးပုပ်သွား၍ စားမရတော့ချေ။ စားလျှင် အန္တရာယ်ဖြစ်နိုင်သကဲ့သို့ပင်ဖြစ်၏။

ကထိန်ခင်းမည့် ကထိန်လျှာသင်္ကန်းအား အလှူရှင်ဒါယကာများမှ တစ်လ အတွင်း တစ်ရက်ရက်တွင်လှူဒါန်းလိုက်လျှင် ထိုလှူဒါန်းသောနေ့၌ပင် သံဃာတော်များက သိမ်အတွင်းဝယ် ကထိန်ခင်းရမည်ဖြစ်သည်။ နောက်ရက်မှ ခင်း၍မရပါ..။
နောက်ရက်မှခင်းလျှင် ကထိန်လျှာသင်္ကန်းသည် သိုးပုပ်သွား သောကြောင့် ကထိန်မမြောက်ပေ ကထိန်မမြောက်သည့်အတွက် ကထိန်အာနိသင်များကိုလည်း မရနိုင်တော့ ချေ။
ထို့ကြောင့် ယနေ့လှူသောသင်္ကန်းအား မသိုးမပုပ်သေးသည့် ယနေ့အချိန်၌ပင်လျှင် ကထိန်ခင်းရခြင်း ကိုအကြောင်းပြု၍မသိုးသင်္ကန်းဟု စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

မူလအရင်းအမြစ်ကို ပြန်ကြည့်လျှင်မြတ်ဗုဒ္ဓ၏ မိထွေးတော်ပဇာပတိဂေါတမီ သည်မြတ်စွာဘုရားအား တစ်နေ့တည်း ကိုယ်တိုင်ဗိုင်းငင် ၀ါဖတ်ရက်လုပ်လျှက် ပိတ်ချောအစုံ ကထိန်လျှာသင်္ကန်းကို လှူဒါန်းခဲ့ကြောင်းအထောက်အထား ကိုတွေ့ရသည်။

ဘုရားတွင်သင်္ကန်းလှူခြင်းကားထူးကဲမွန်မြတ်သောအကျိုးတရားတို့ ရရှိနိုင် သည်။ မသိုးသင်္ကန်းလှူဒါန်းသောသူမှာ ``ရွှေသို့အဆင်း၊ မြူကြေးကင်း၍၊ ရောင်းဝင်းစုံဝ၊ ထွန်းလင်းပ၏၊ မက သိန်းဖိုး၊ ပုဆိုးရလေး၊ညိုရွှေဖြူနီ၊ ဤနှစ်လည်သည်၊ကျမ်းညီသင်္ကန်းလှူကျိုးတည်း´´ဟူသည့်အကျိုးတရားတို့ ရရှိခံစားနိုင်သည်။ နေ့မကူး၊ ရက် မကူးဘဲ တစ်ရက်တည်း အပြီးရက်လုပ် လှူဒါန်းရသော သင်္ကန်းဖြစ်သဖြင့် မသိုးသင်္ကန်းဟုလည်း ခေါ်ဝေါ်ကြသည်။ အရှင်ဇောတိ - နံ့သာနီ

Post a Comment

0 Comments