Advertisement

Responsive Advertisement

လီနင်



လီနင်ဟု ကျော်ကြားသည့် ဗလာဒီမစ် အီလစ်ခ်ျ အိုလျာနော့ (Valdimic Ilyichi Olyanor) မှာ ကမ္ဘာပေါ်တွင် ပထမဆုံးသော ကွန်မြူနစ်နိုင်ငံဖြစ်သည့် ဆိုဗီယက်ပြည်ထောင်စုကို တည်ထောင်သူ၊ မာ့ခ်ဝါဒကို လက်တွေ့ အကောင်ထည်ဖေါ်သူအဖြစ် အများကသိကြသည်။ ကားလ်မာ့ခ် ပြောသမျှကို ယုံကြည်စွာဖြင့် လိုက်နာသူ အဖြစ်လည်းကျော်ကြားသည်။

လီနင်ကို ဆမ်းဗရစ်ခ်ျမြို့ (Simbrisk) (နောင်တွင် အိုလျာနော့မြို့(Olyanor) တွင်ဖွားမြင်သည်။ အဖေဖြစ်သူမှာ သစ္စာရှိ အစိုးရ၀န်ထမ်း တဦးဖြစ်သော်လည်း အစ်ကိုဖြစ်သူ အလက်ဇန္ဒားမှာ ဇာဘုရင်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများတွင် ပါဝင်သဖြင့် အသတ်ခံရသည်။ လီနင် အသက် ၂၃ နှစ်တွင် ပြင်းထန်သည့် ကွန်မြူနစ်တဦးအဖြစ်သို့ ရောက်လာသဖြင့် ဇာဘုရင်အစိုးရက ဖမ်းဆီးပြီး ထောင်တွင်း၌ ၁၄ လထားပြီးနောက် ဆိုက်ဘေးရီးယား (Siberia) သို့ နယ်နှင်ခံခဲ့ရသည်။ ထိုဒေသတွင် သုံးနှစ်မျှ နေရစဉ် အချိန်အတွင်း နိုင်ငံရေး အပေါင်းအသင်းတဦးနှင့် တွေ့ဆုံပြီး ရုရှားတွင် ဓနရှင်ဝါဒ တိုးတက်ထွန်းကားလာပုံ အမည်ရှိ ကျမ်းတဆောင်ကို ရေးသားခဲ့သည်။ ၁၉၀၀၊ ဖေဖေါ်ဝါရီတွင် ပြစ်ဒဏ်မှလွတ်ပြီး အနောက်ဥရောပနိုင်ငံများတွင် ၁၇ နှစ်တိုင် လှည့်လည် နေထိုင်ခဲ့သည်။ ထိုသို့နေထိုင်စဉ် အချိန်များတွင် တော်လှန်ရေးသမား ပီသစွာနေထိုင်ခဲ့သည်။ နောက်ပိုင်းတွင် သူပါဝင်သည့် ရုရှဆိုရှယ်ဒီမိုကရက်တစ်ပါတီ နှစ်ခြမ်းကွဲသောအခါ အင်အားပိုကြီးသည့် ဗော်ရှီဗစ်ပါတီ (Bolsheviks) ၏ ခေါင်းဆောင်ဖြစ်လာသည်။

နိုင်ငံ့စီးပွားရေး တင့်တောင်းမှုမရှိသည့်ကြားမှ ဇာဘုရင်အစိုးရသည် စစ်ပွဲအတွင်းသို့ ၀င်ရောက်ခဲ့ခြင်းကြောင့် ပထမကမ္ဘာစစ်မှာ လီနင်အတွက် အလွန်ကောင်းသည့် အခွင့်အရေးကြီးဖြစ်လာသည်။ စစ်မပြီးမီပင် ပြည်သူတို့အကြား အလွန်မကျေမနပ်ဖြစ်လာပြီး ၁၉၁၇ တွင် အများသိကြသည့်အတိုင်း အောက်တိုဘာ တော်လှန်ရေးကြီးဖြစ်ကာ ဇာဘုရင်အစိုးရ ပြုတ်ကျပြီး ဒီမိုကရက်တစ်များ စုပေါင်းသည့် အစိုးရတရပ် အာဏာရယူခဲ့သည်။ ဇာဘုရင်အစိုးရ နန်းကျကြောင်းသိလျှင် လီနင် ပြည်ပမှ ရုရှားသို့ ပြန်လာသည်။ သို့သော် ထိုအရပ်သားအစိုးရတွင် အတွေ့အကြုံနည်းသလို အာဏာကြီးခြင်း မရှိကြောင်း လီနင်တယောက် ကောင်းစွာနားလည်လာပြီး ဗော်ရှီဗစ်တို့အား အင်အားတောင့်တင်းသည့် ကွန်မြူနစ်အစိုးရတရပ် အမြန်ဖွဲ့ရန်၊ တနည်းဆိုရလျှင် အာဏာသိမ်းရန် လှုံဆော်သည်။ သို့ဖြင့် ဇူလိုင်လတွင် ဆူပူမှုတရပ် ဖြစ်ပွားခဲ့ပြီး အောင်မြင်မှု မရသဖြင့် လီနင်ကိုယ်တိုင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ နောက်တကြိမ် အောက်တိုဘာတော်လှန်ရေးတွင်မူ အပြီးသတ်အောင်မြင်ပြီး လီနင်လည်း နိုင်ငံခေါင်းဆောင် ဖြစ်လာတော့သည်။

နိုင်ငံ့ခေါင်းဆောင်ဖြစ်လျှင် လျင်လျင်မြန်မြန်ပင် ဆိုရှယ်လစ်စီးပွားရေးကို တည်ဆောက်သည်။ အလွန်ရက်စက်သူ၊ ၀ါဒေရးရာ ပြင်းထန်သူအဖြစ် အများက ဆိုလာကြသည်။ ဆိုရှယ်လစ်စီးပွားရေးပုံစံ မအောင်မြင်နိုင်ကြောင်း ကောင်းစွာ နားလည်လာပြီးနောက် လမ်းစဉ်ပြောင်းကာ အရင်းရှင်ဆိုရှယ်လစ်စီးပွားရေးစနစ် (Capitalist Socialist Economy) ကို တည်ဆောက်သည်။ ထိုပုံစံမှာ ဆိုဗီယက်ပြည်ထောင်စု၏ နောက်ဆုံးချိန်များထိ အသုံးပြုခဲ့သည်။

အာဏာတည်မြဲရေးလမ်းစဉ်အဖြစ် ပြည်တွင်းရှိသတင်းစာများ၊ အသံလွင့်ဌာနများ အပါအ၀င် အခြားမည်သည့် ဌာနကိုမဆို ပါတီအစိုးရ၏ ထိန်းချုပ်မှုအောက်တွင်သာ ထားသည်။ အုပ်စိုးချိန် ငါးနှစ်တာအတွင်း ရုရှားမင်းမျိုးမင်းနွယ်များကို အပြီးသတ် ရှင်းလင်းခဲ့သည်။ ကွန်မြူနစ်ဝါဒကို အမြင်မကြည်သူ၊ ၀ါဒကွဲသူများကို ထောင်ချခြင်း၊ ကွပ်မျက်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

လီနင်သည် အစွမ်းထက်သည့် နိုင်ငံရေးသမားသာမဟုတ် စာရေးကောင်းသူ တဦးလည်းဖြစ်သည်။ ကွန်မြူနစ်ကျမ်းစာ အများအပြားရေးပြီး ကမ္ဘာပေါ်တွင် ကွန်မြူနစ်ဝါဒ ပျံ့နှံ့အားကောင်းရေးကို ဆောင်ရွက်ခဲ့သည်။ (လီနင်ရေးသားခဲ့သည့် ကျမ်းများကို သိလျှင် ကူညီဖေါ်ပြပေးစေလိုပါသည်။)
၁၉၂၂၊ မေတွင် အလွန်ဆိုးဝါးသည့် နှလုံးရောဂါကို လီနင်စတင်ခံစားလာရသဖြင့် ကွယ်လွန်ချိန်ရောက်သည့် ၁၉၂၄ ထိ တိုင်းပြည်ကို ကောင်းစွာဦးဆောင်နိုင်စွမ်းမရှိတော့ပဲ ဖြစ်ခဲ့ရသည်။ကွယ်လွန်ပြီးနောက် သူ့ရုပ်အလောင်းကို မပုပ်မသိုးစေရန် ဆေးဖြင့်စီရင်ပြီး မော်စကို (Moscow) ရှိ ရင်ပြင်နီ (Red Square) တွင် ဗိမာန်တည်ကာ အများလာရောက် ကြည့်ရှုခွင့် ပေးထားသည်။

လီနင် အစပြုသည့် တော်လှန်ရေးကြောင့် အစစတွင် နောက်ကျကျန်နေသည့် ရုရှားသည် ခေတ်သစ်တရပ်သို့ လျင်မြန်စွာ တိုးတက်သွားခဲ့သည်မှာ ငြင်းမရပေ။ ထို့ပြင် ကမ္ဘာနှင့်အ၀ှမ်းဆိုသလိုပင် ကွန်မြူနစ်နိုင်ငံများ ပေါ်ပေါက်လာပြီးနောက် ၁၉၇၉ ထိ ကွန်မြူနစ်သြဇာ ပျံ့နှံ့နိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ထိုအချိန်အထိ ကမ္ဘာ့လူဦးရေ၏ သုံပုံတပုံမှာ ကွန်မြူနစ်အရိပ်အောက်တွင် နေထိုင်ခဲ့ရသည်မှာ အထင်အရှားပင်ဖြစ်သည်။

လီနင်သည် ကားလ်မာ့ခ်၏ ၀ါဒများကို၊ လမ်းစဉ်များကို လိုက်နာသည်ဟု ဆိုသော်လည်း လီနင်မကြာခဏပြောလေ့ရှိသည့် ပစ္စည်းမဲ့အာဏာရှင်စနစ်ဆိုသည့် အသုံးအနှုန်းကို မာ့ခ်၏ကျမ်းစာများတွင် အကြိမ်များစွာ မတွေ့ရပေ။ လက်တွေ့တော်လှန်ရေး လုပ်ရာတွင် နည်းပရိယာယ်နှင့် ပတ်သတ်ပြီး အလွန်စူးစိုက်စွာ သုံးစွဲလေ့ရှိသူဖြစ်ပြီး အကြမ်းဖက်ရန်လည်း ၀န်မလေးသူအဖြစ် သတ်မှတ်ကြသည်။ ထိုကိစ္စရပ်နှင့် ပတ်သက်ပြီး လီနင် မကြာခဏပြောလေ့ရှိသည့် စကားမှာ “သမိုင်းမှာ ဘယ်လူတန်းစား တိုက်ပွဲကများ အကြမ်းနည်းမသုံးပဲ အောင်မြင်သွားတာမျိုး ရှိပါရဲ့လား။” ဟူ၍ြ့ဖစ်သည်။

ကျော်စွာ၁၀၀- ဒေါက်တာသန်းထွန်း
— with Elizabeth L. Roi Ji.

Post a Comment

0 Comments