၁။ ရာဂစရိုက်ရှိသူသည် အသုဘ ၁၀- ပါး၊ ကာယဂတာသတိ ဤ ၁၁- ပါးသော ကမ္မဋ္ဌာန်းတို့နှင့် သင့်လျှော်သည်..။
၂။ ဒေါသစရိုက်ရှိသောသူသည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော အပ္ပမညာ (ဗြဟ္မစိုရ်) တရား ၄-ပါး၊ နီလ ပီတ လောဟိတ သြဒါတ ဟုဆိုအပ်သော ဝဏ္ဏကသိုဏ်း ၄-ပါး ဤ ၈-ပါးသော ကမ္မဋ္ဌာန်းတို့နှင့် သင့်လျှော်သည်။
၃။ မောဟနှင့် ဝိတတ်စရိုက် ရှိသောသူသည် ထွက်လေဝင်လေကို နှာသီးဖျား၌ ရှုမှတ်သော အာနာပါနဿတိ ကမ္မဋ္ဌာန်းနှင့် သင့်လျှော်သည်။
၎။ သဒ္ဓါစရိုက်ရှိသူသည် ဗုဒ္ဓါနုဿတိ၊ ဓမ္မနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေဝတာနုဿတိ၊ ဤခြောက်ပါးသော ကမ္မဋ္ဌာန်းတို့နှင့် သင့်လျှော်၏။
၅။ ပညာစရိုက်ရှိသောသူသည် မရဏာနုဿတိ၊ ဥပသမာနုဿတိ၊ (နိဗ္ဗာန်ကိုအာရုံပြုခြင်း) စတုဓါတုဝတ္ထာန် (ဓါတ်ကြီးလေးပါးရှုမှတ်ခြင်း)၊ အာဟာရ ပဋိကူလပဋိကူလသညာ၊ ဤလေးပါးသော ကမ္မဋ္ဌာန်းတို့နှင့် သင့်လျှော်သည်။
၆။ ထိုသို့ ဆိုခဲ့ပြီးသော ၃၀ သော ကမ္မဋ္ဌာန်းတို့မှ ကြွင်းကုန်သော ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ အာကာသ၊ အာလောပ ဟုဆိုအပ်သော ကသိုဏ်း ၆-ပါး၊ အာရုပ္ပ ၄-ပါး၊ ဤ ၁၀ ပါးသော ကမ္မဋ္ဌာန်းတို့သည် အလုံးစုံသော စရိုက် ၆ ပါးတို့နှင့် သင့်လျှော်သည်..။
ကသိုဏ်းတို့တွင် အလုံးစုံငယ်သော ကသိုဏ်းဝန်းသည် ဝိတတ်စရိုက်ရှိသူအား သင့်လျှော်၏။ ကြီးသော ကသိုဏ်းဝန်းသည် မောဟစရိုက်ရှိသူအား သင့်လျှော်၏။
ရာဂကိုပယ်ခြင်းငှါ အသုဘကမ္မဋ္ဌာန်းကို ပွားအပ်၏။
ဒေါသကိုပယ်ခြင်းငှါ မေတ္တာကမ္မဋ္ဌာန်းကို ပွားအပ်၏။
ဝိတတ်ကိုပယ်ခြင်းငှါ အာနာပါနဿတိကမ္မဋ္ဌာန်းက ပွားအပ်၏။
မာနကိုပယ်ခြင်းငှါ အနိစ္စသညာကမ္မဋ္ဌာန်းကို ပွားအပ်၏။
ကမ္မဋ္ဌာန်းအားထုတ်လိုသူများသည် ပြဆိုခဲ့သော ကမ္မဋ္ဌာန်း (၄၀) တို့တွင် မိမိတို့၏ စရိုက်နှင့် သင့်/မသင့် နှိုင်းချိန်၍ သင့်လျော်မည်ထင်သော ကမ္မဋ္ဌာန်းကို ပွားများအားထုတ်သင့်ပါသည်ဟု တိုက်တွန်းလိုက်ပါရစေ..
ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ် နှာ(၄၃၈) မှ ထုတ်နှုတ်တင်ပြသည်..
အရှင်ဇောတိ (နံ့သာနီ) ထိုင်းနိုင်ငံ

0 Comments