ဗုဒ္ဓလောင်းလျာမင်းသိဒ္ဓတ် ထီးနန်းကိုစွန့် ၊ တောထွက်ခဲ့ပြီးနောက် အနော်မာဖြစ်ကမ်းကိုရောက်လာတယ်။ အဲဒီအခါမှာမိတ်ဆွေဖြစ်ဖူးတဲ့ ဃဋိကာရ ဗြဟ္မ ကြီးရောက်လာပြီးမင်းသိဒ္ဓတ် ရဟန်းဘ၀နဲ့ အသုံးပြုဖို့ ပရိက္ခရာရှစ်ပါး (သင်းပိုင်၊ ဧကသီ၊ ဒုကုဋ်၊ သပိတ်၊ ခေါင်းရိတ်ဓား၊ ခါးပန်းကြိုး၊ရေစစ်၊ ချုပ်အပ်) တို့ကိုလှူဒါန်းတယ်(ဗုဒ္ဓ၀ံသ-ဋ္ဌ၊၂၁၂)။ ဒီအဋ္ဌကထာမှတ်တမ်းအရဃဋိကာရလှူတဲ့ သပိတ်ကိုဗုဒ္ဓလောင်းလျာဟာ ဒုက္ကစရိယာကျင့်စဉ်အတွင်းခြောက်နှစ်လောက် အသုံးပြုခဲ့ဖွယ်ရှိတယ်။
ဗုဒ္ဓဖြစ်ပြီးနောက် ခုနစ်ခုမြောက် သတ္တာဟလင်းလွန်းပင်အောက်မှာသီတင်းသုံးခိုက် အရပ်လေးမျက်နှာကနတ်မင်းကြီးလေးယောက် လာရောက်ပြီး “ကျောက်ညိုဖြင့်ပြီးသောသပိတ်လေးလုံး” ကိုတစ်ပြိုင်နက် လှူဒါန်းကြတယ် (၀ိ ၃၊ ၃)။ ဒါကအစောဆုံးပါဠိတော်မှတ်တမ်းမှာဗုဒ္ဓသပိတ်တော်နဲ့ ပတ်သက်တဲ့ သဲလွန်စ ဖြစ်ပါတယ်။ ဒုက္ကရစရိယာကျင့်စဉ်ကဗုဒ္ဓအသုံးပြုခဲ့တဲ့ သပိတ်တော် (ဃဋိကာရဗြဟ္မာလှူတဲ့ ပရိက္ခရာရှစ်ပါးထဲကသပိတ်တော် ဖြစ်နိုင်တယ်)မှာသုဇာတာသူဌေးသမီးရဲ့  နို့ဃနာဆွမ်းကိုအလှူခံတဲ့ အချိန်ကစပြီးပျောက်ကွယ်သွားခဲ့လို့ တပုဿနဲ့ ဘလ္လိကတို့ မုန့်လှူတဲ့ အချိန်မှာဗုဒ္ဓမှာထည့်စရာသပိတ်မရှိခဲ့ဘူးလို့ ဆိုပါတယ်(၀ိ- ဋ္ဌ ၃၊ ၂၃၉)။
“နတ်မင်း လေးယောက်သည် ပထမတွင် ဣန္ဒနီပတ္တမြားဖြင့် ပြီးသောသပိတ်ကိုလှူဒါန်းကြသော်လည်းဗုဒ္ဓ လက်ခံတော်မမူ။ ကျောက်ညိုဖြင့်ပြီးသောသပိတ်ကိုလှူဒါန်းမှသာဗုဒ္ဓသည် သပိတ်လေးလုံး တို့ကိုလက်ခံတော်မူ၏။ အလိုဆန္ဒကြီးသောကြောင့် မဟုတ်ဘဲအလှူရှင်တို့၏ သဒ္ဓါတရားကိုစောင့်ရှောင့်ရန်သာသပိတ်လေးလုံးစလုံးကိုအလှူခံခြင်းဖြစ်၏။ အလှူခံပြီးနောက် သပိတ်လေးလုံးကို တစ်လုံးတည်း ဖြစ်သွားအောင် အဓိဋ္ဌာန်ပြုလိုက်၏ (၀ိ- ဋ္ဌ ၃၊ ၂၃၉)”။ “အဖိုးများစွာထိုက်တန်သော၊ သို့မဟုတ် အသစ်ဖြစ်သောကျောက်ညိုဖြင့်ပြီးသောသပိတ်” လို့ အဋ္ဌကထာမှာ နှစ်မျိုးဖွင့်ပါတယ်။ ဒါပေမဲ့ သုတ္တန်ဋီကာကျမ်းပြု အရှင်ဓမ္မပါလကတော့ “အသစ်ဖြစ်သောကျောက်ညိုသပိတ်”ဆိုတဲ့ အဋ္ဌကထာဒုတိယနည်းကိုပဲ နှစ်သက်ပါတယ်။ အဘယ်ကြောင့်ဆိုသော် “ဗုဒ္ဓဘုရားရှင်တို့မည်သည် အဖိုးတန်ပစ္စည်းကိုခံလည်းမခံယူသုံးလည်းမသုံးဆောင်သောကြောင့်ပါ ( မ-ဋီ ၂၊ ၁၃၈)”တဲ့။ ဗုဒ္ဓဟာဒီသပိတ်တော်ကိုပဲ ဘ၀တစ်သက်တာ အသုံးပြုသွားဖွယ် ရှိပါတယ်။ ဗုဒ္ဓသပိတ်တော် သွားလေရာ အစဉ်အလာအရဗုဒ္ဓရှင်တော်မြတ်ဟာပရိနိဗ္ဗာန်စံခါနီးနောက်ဆုံးအနေနဲ့ ဝေသာလီမြို့က ထွက်ခွာတဲ့အခါ ငိုယိုပြီးလိုက်နေကြတဲ့ လိစ္ဆ၀ီမျိုး ဗုဒ္ဓ၀ါဒီ တွေကိုချီးမြှောက်တဲ့အနေနဲ့ ကိုတော်မြတ်ရဲ့ ဆွမ်းခံသပိတ်တော်ကိုပေးခဲ့တယ်လို့ ဆိုတယ်။ ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးနောက် နှစ်ငါးရာလောက် ကြာတဲ့အထိ ဝေသာလီမြို့မှာအဲဒီသပိတ်တော်ကို ကြီးကျယ်ခမ်းနားတဲ့ စေတီတော်မှာထည့်သွင်း (ဌပနာ)ထားတယ်။ အေဒီ ၂ ရာစုမှာ ဗုဒ္ဓ၀ါဒီ ကနိသျှကဘုရင် ဝေသာလီကို တိုက်ခိုက်အောင်နိုင်ပြီးဗုဒ္ဓသပိတ်တော်ကိုမိမိ၏မြို့တော် ပက်ရှဝါသို့ ယူသွားတယ်။ နောက် နှစ်ပေါင်း နှစ်ရာလောက်အကြာ အေဒီလေးရာစုမှာတရုတ်ရဟန်းတော် ဖာဟီယန် ပက်ရှဝါကို ရောက်တဲ့အခါ ၄င်းသပိတ်တော်ကို ဖူးတွေ့ ရသေးတယ်။ နောက်ထပ် နှစ်ပေါင်းရှစ်ရာကျော်ထိအဲဒီဒေသကိုဘုရားဖူးရောက်လာကြတဲ့ ခရီးသည်တွေကအဲဒီသပိတ်တော်အကြောင်းကိုဖော်ပြကြတယ်။ ဗုဒ္ဓသပိတ်တော်ကိုဌာပနထားတဲ့ စေတီတော်ဟာအိန္ဒိယမြောက်ပိုင်းကိုမူဆလင်တို့ ကျူးကျော် ၀င်ရောက်စဉ်က ဖျက်ဆီးခံခဲ့ရတယ်။ ဒါပေမဲ့ သပိတ်တော်ကတော့ မပျက်မစီးကျန်ရစ်ခဲ့ပြီးယခုလက်ရှိအာဖဂန်နစ္စတန်နိုင်ငံကဘူးမြို့က ပြတိုက်အတွင်းမှာတည်ရှိနေပါတယ်..။
မြန်မာပြည်ရှိ မြသပိတ် စေတီတော် ဖြစ်ပေါ်လာပုံကိုဒီနေရာမှ ရှင်းပြရမည်ဆိုလျှင်လည်း.. ဗုဒ္ဓ ဘုရားရှင် တောထွက်တော်မူစဉ် အလောင်းတော် သူမြတ်အားဃဋီကာရ ဗြဟ္မာမင်းကပ်လှူသော မြသပိတ်တော်သည် ဘုရားမဖြစ်မီဒုက္ကရစရိယာခြောက်နှစ်ကြာအောင် ကျင့်တော်မူစဉ် ကာလပတ်လုံးအလောင်းတော်ကိုစွန့်ခွာမသွားဘဲသူဌေးကတော် သုဇာတာဃဏာနို့ ဆွမ်းကပ်လှူရန် လာသော ထိုခဏ၌ ကွယ်ပျောက်ခဲ့၏။ ဗုဒ္ဓဘုရားရှင်သည် ဃဏာနို့ဆွမ်းကိုရွှေခွက်နှင့်တကွ အလှူခံ၍ ၄၉ လုတ်ဘုန်းပေးပြီးလျှင် ရွှေခွက်ကိုနေရဉ္စာရာမြစ်သို့ မျှောခဲ့၏။ ထို့နောက် သတ္တာသတ္တာဟကျင့်သုံးလျက် ဘုရားအဖြစ် ရောက်တော်မူပြီးစအချိန်တွင် မြန်မာတိုင်းဥက္ကလာပဇနပုဒ်နေတဖုဿနှင့် ဘလ္လိကကုန် သည်ညီနောင်တို့ကပျားမုန့်ဆုပ်နှင့် မုန့်ကြွပ်ကျစ်ကို လင်းလွန်းပင်ရင်း၌ ဆက်ကပ်လှူဒါန်းကြ၏။ ထိုအချိန် ရှင်တော်ဘုရား၌ သပိတ်တော် လက်မဲ့ဖြစ်၍ ''ရှေးရှေးနောင်တော် မြတ်စွာဘုရားတို့သည် လက်တော်တို့ဖြင့် အာဟာရကိုအလှူမခံကြကုန်။ ထို့ကြောင့် ငါသည် ယခုကုန်သည်ညီနောင်တို့ လှူဒါန်းအပ်သောမုန့်ကြွပ်ကျစ်နှင့် ပျားမုန့်ဆုပ်တို့ကိုအဘယ်အရာဖြင့် အလှူခံရပါမည်နည်း''ဟု ကြံစည်တော်မူ၏။ ထိုအခါ မြတ်စွာဘုရား၏ စိတ်အကြံတော်ကိုသိကြ၍ အရပ်လေးမျက်နှာမှ ဓတရဋ္ဌ၊ ဝိရုဋ္ဌက၊ ဝိရုပက္ခ၊ ကုဝေရဟူသောစတုမဟာရာဇ်နတ်မင်းကြီးလေးယောက်တို့သည်ဣန္ဒနီလာ ကျောက်ညိုသပိတ်တော် လေးလုံးတို့ကို မြတ်စွာဘုရားအား ရိုသေစွာဆက် ကပ်လှူဒါန်းကြလေသည်။ မြတ်စွာဘုရားသည် ထိုဣန္ဒနီလာကျောက်ညို သပိတ်လေးလုံးတို့ကိုအလှူမခံဘဲပယ်တော်မူ၏။ တဖန်နတ်မင်းကြီးလေးယောက်တို့သည် ပဲနောက် အဆင်းရှိသော (ပကတိ)ကျောက် သပိတ်လေးလုံးတို့ ကိုဆက်ကပ်လှူ ဒါန်းကြပြန်ကုန်၏။ မြတ်စွာဘုရားသည် ထိုပကတိကျောက်သပိတ် လေးလုံးတို့ကိုအလှူခံတော်မူပြီးလျှင် နတ်မင်းကြီးလေးယောက်တို့ကိုသနားချီးမြှောက်တော် မူသောအားဖြင့် ထိုကျောက်သပိတ် လေးလုံးတို့ကိုထပ်လျက် ''သပိတ်တစ်လုံးတည်း ဖြစ်စေသတည်း''ဟုအဓိဋ္ဌာန်ပြု တော်မူလိုက်လျှင် ထိုသပိတ်တော် လေးလုံးသည် အနားလေးရစ် ရှိသောသပိတ်တော် တစ်လုံးတည်းအဖြစ်သို့ ရောက်လေသည်။ ယင်းသပိတ်တော်သည် တစ်လက်မ၏ ငါးပုံတစ်ပုံအထူရှိပြီးပဲနောက်စေ့ အဆင်းရှိ၏။ ထိုသပိတ်တော်ဖြင့် ကုန်သည်ညီနောင်၏ အလှူကိုခံယူသုံးဆောင်တော် မူ၏။ ဤသပိတ်တော်ကိုဘုရားရှင်သည် သက်တော် ၈ဝ၊ ဝါတော် ၄၅ ဝါ ကုန်ဆုံးအောင် သုံးတော်မူ၏။
မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော် မူပြီးနောက် အရှင်အာနန္ဒာနှင့် မြသပိတ်တော် အတူပါသွားပြီးသာဝတ္တိပြည်၊ ရာဇဂြိုဟ်ပြည် ၄င်းမှတစ်ဆင့် ဒက္ခိဏဂီရိတိုင်း၊ ဝဇီရာပြည်သို့ ရောက်ရှိခဲ့ပြန်သည်။ သက္ကရာဇ် ၁ဝ၁ ခုနှစ်တွင် သရေခေတ္တရာ ပြည်ကြီးကိုစိုးစံသောဒွတ္တပေါင် မင်းကြီးသည် ဗိုလ်ခြေများစွာနှင့် မြသပိတ်တော်ကိုဝဇီရာပြည် မှပင့်ဆောင်၍ သရေခေတ္တရာမြို့ပြင်၌ မြသပိတ်တော်ကိုဌာပနာပြီးစေတီတည်ထားရာ မြစည်းခုံဟုဘွဲ့မည်တွင်၏။ သရေခေတ္တရာ ပြည်ကြီးပျက်သော် မြသပိတ်တော်ကိုပေါက္ကံပြည် သို့ပင့်ဆောင်ခဲ့သည်။ ပုဂံပြည်ကြီးပျက်သော်မြသပိတ်တော် သည် အင်းဝသို့ ရောက်ရှိခဲ့သည်။ သက္ကရာဇ် ၇၅၆ ခုနှစ်တွင် ဟံသာဝတီဘုရင်မင်းရာဇာသည် အင်းဝပြည်ကြီးကိုတိုက်ခိုက် သိမ်းယူပြီးအင်းဝမှဘုရားရုပ်ပွားတစ်ဆူနှင့် မြသပိတ်တော်ကိုဧရာဝတီမြစ် ကြောင်းအတိုင်းဖောင်နှင့်ပင့် ဆောင်ခဲ့သည်။ ဖောင်တော်သည် မလွန်မြို့သို့ ရောက်သောအခါ ကျည်တောက်မှ ရေသွန်သကဲ့သို့ ရေစီးအလွန်ကြမ်းသောမလွန်ဝဲ(ယခုရွှေ လဝန်းဝဲ)၌ ကျောက်တိုင် အလား၊ ရပ်တန့်ကာနေလေ၏။ ဖောင်တော်၏ လက်ဝဲလှေတော်သား ၁၅ဝ ကိုပဲ့နင်းကြီးကိတ်ဗြဲနှင့် လက်ျာလှေတော်သား ၁၅ဝ ကိုပဲနင်းကြီးဗညား နန္ဒတို့ ကွပ်ကဲ၍ အပြင်းစုံဆွဲလှော်ခတ်သော်လည်း အချိန်ကုန်လျက် အချည်းနှီးသာ ဖြစ်ခဲ့၏။ ထိုအခါ ရဟန်းရှင်လူပညာရှင်အပေါင်းတို့ကစိစစ်တွက်ချက်ဆ ကြသော် မြတ်စွာဘုရား၏ မနေသိကဗျာဒိတ်အရဤနေရာ၌ မြသပိတ် တော်အပူဇော်ခံဖို့ ထင်ရိပ်ရှိသည်ဟုတစ်ပြိုင်နက် တစ်ချက်တည်းဘုရင်အားလျှောက်တင်ကြရာဟံသာဝတီဘုရင်သည် လက်လျှော့၍ မလွန်မြို့ အောင်သီရိကုန်းတော်ပေါ်၌တည်ထားသော ရတနာစက် ဘုရားအတွင်း ဌာပနာ၍ လှူဒါန်းခဲ့သည်။ ဟံသာဝတီဘုရင်သည် ငါ၏ပါရမီစုံညီစွာမရှိသေးဟုဝမ်းနည်းစွာဖြင့် ဘုရား ရုပ်ပွားတော် တစ်ဆူသာပင့်ဆောင်၍ စုံတော်မူရာဒဂုံမြို့ ရောက်သည် အထိလှော်ခတ်ခြင်း မပြုရဘဲအလိုအလျောက် စုံလေသည်။ မြသပိတ်တော်သည် မလွန်မြို့ကိုကျော်လွန်နိုင် ခြင်းမရှိ၍ မလွန်ဟုလည်းကောင်း၊ နောင်အခါ ရတနာစက် ဤဘုရားသည် မြသပိတ် ဘုရားဟုလည်းကောင်းထင်ရှားခဲ့သည်။
ပဲနောက် အဆင်းရှိသော မြသပိတ်တော်၌ အံ့ဖွယ်နှစ်ပါးရှိသည်။ ဆင်းရဲသောသူများကနည်းနည်းလှူ ဒါန်းလျှင် သပိတ်တော်ပေါ်သို့ လျှံတက်ခြင်းရှိ၏။ ချမ်းသာသောသူများကတင်းတောင်းထောင်သောင်းမက လှူဒါန်းသော်လည်းသပိတ်တော်ပေါ်သို့ ကျော်တက်ပြည့်လျှံသည် မရှိ။ အတွင်းအနားရေးမျှသာအညီရှိခြင်းအံ့ဖွယ်များနှင့် ပြည့်စုံသော မြသပိတ်တော် အစစ်ဖြစ်သည်လို့ အဆိုရှိပြန်ပါတယ်..။
အိန္ဒိယနိုင်ငံဟာ သူတို့ရဲ့ ရှေ့ဟောင်းဗုဒ္ဓယဉ်ကျေးမှုဆိုင်ရာ ပညာရှင် နှစ်ယောက်ကို အာဖဂန်နစ္စတန် နိုင်ငံမြို့တော် ကဘူး ဆီလွှတ်လိုက်ပါတယ်။ ဒီပညာရှင်နှစ်ယောက်ရဲ့ တာဝန်က ကဘူးမြို့မှာရှိတဲ့ အာဖဂန်နစ္စတန် အမျိုးသားယဉ်ကျေးမှု ပြတိုက်မှာ ပြသထားတဲ့ ရှေးဟောင်း ကျောက်သပိတ်ကြီးကို လေ့လာစစ်ဆေးဖို့ ဖြစ်ပါတယ်။
နှမ်းဖက်ကျောက်နဲ့ ထုဆစ်ထားတဲ့ ညို့စိမ်းစိမ်းရောင် ဒီကျောက်သပိတ်ကြီးဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း နှစ်ထောက်ခြောက်ရာလောက် ရှိပြီလို့ပညာရှင်တွေက ယူဆနေကြပါတယ်။ သူတို့က ဒါဟာ ဗုဒ္ဓခေတ်က ထွင်းထုထားတဲ့ ကျောက်သပိတ်ဖြစ်တယ်၊ ဗုဒ္ဓမြတ်စွာရဲ့ သပိတ်တောင် ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဗုဒ္ဓစာပေထဲမှာ ဗုဒ္ဓမြတ်စွာဟာ ဗြဟ္မာကြီးတစ်ပါး ဆပ်ကပ်လှူဒါန်းတဲ့ မြသပိတ်(သပိတ်လေးလုံးကို လက်မတော်နဲ့ ဖိနှိပ်ထည့်ထားလို့ တစ်လုံးတည်းဖြစ်နေတဲ့သပိတ်)ကို ဆွမ်းခံရာမှာအသုံပြုတယ်လို့ ပါရှိတယ်မဟုတ်လား။
ဒါပေမဲ့ ပြဿနာက လက်ရှိ ကဘူးအမျိုးသာပြတိုက်က သပိတ်ဟာ အချင်း တလံလောက် (၁.၇၅ မီတာ) ရှိပြီး အမြင့် နှစ်တောင်လောက် ( ၇၅ စင်တီမီတာ) ရှိတဲ့အပြင် သပိတ်နှုတ်ခမ်းအထူက တစ်ထွာလောက် (၁၈ စင်တီမီတာ) ရှိနေတယ်၊ ပြီးတော့ အလေးချိန်ကလည်း ပိသာ ခွက်၂၀သားကျော် (ပေါင် ၈၈၀) လောက်ရှိမို့ သာမန်လူတစ်ယောက် လက်နှစ်ဖက်နဲ့ ပိုက်ပြီး ဆွမ်းခံဖို့ရာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဖြစ်နေတယ်။ အဲ ..ဒီနေရာ သီရိလင်္ကာဘက်ကနေလာတဲ့ အချို့သော ရှေးဟောင်းဗုဒ္ဓစာပေတွေမှာ ဗုဒ္ဓမြတ်စွာရဲ့ အရပ်တော်ဟာ ၁၈ တောင် ရှိတယ်လို့ ရေးသားခဲ့တာမျိုးရှိတာလည်း ပညာရှင်တွေက သွားပြီးသတိပြုကြပါတယ်။ ၁၈ တောင် အယူအဆနဲ့ဆိုရင် အခုသပိတ်အရွယ်အစားဟာ ကွက်တိနီးပါး ဖြစ်နေပါတယ်။
ဒါပေမဲ့လည်း ရှေးဟောင်းပညာရှင်တွေ တူးဖေါ်တွေ့ရှိခဲ့ရသမျှ ဗုဒ္ဓခေတ် (ဘီစီ ၆၀၀) က လူသားတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေ အဆောက်အဦးတွေ စတာတွေကို လေ့လာကြည့်တဲ့အခါမှာ လွန်ခဲ့ တဲ့ နှစ်ပေါင်း ၂၆၀၀ ခန့်က လူသားတွေနဲ့ ဒီကနေ့ခေတ် လူသားတွေရဲ့ အရွယ်စားဟာ သိပ်ပြီး ကွာခြားတာ မရှိဘူးဆိုတာတွေ့ရပြန်တယ်။
ဒီတော့ တကယ်လို့သာ ဗုဒ္ဓဟာ အရပ် ၁၈ တောင်ရှိခဲ့မယ်ဆိုရင် သာမန်တခြားသူတွေနဲ့ သိသိသာသာကြီးကို ကွဲပြားနေပါလိမ့်မယ်။ ဒီလိုသိသိသာသာကြီး ကွဲပြားနေတဲ့ လူသားတစ်ယောက်ကို လူတွေအနေနဲ့ ကြည်ညိုစိတ်ထက် ကြောက်ရွံ့စိတ် ပိုများနေကြမှာ အသေအချာပဲ။ ဒါနဲ့ပတ်သက်ပြီး ကျေးဇူးရှင် ကျမ်းပြုကျော် တောင်မြို့ဆရာတော်ဘုရားကြီး (အရှင်ဇနကာဘိဝံသ) ကလည်း ဗုဒ္ဓရဲ့ အရပ်တော်ဟာ သာမန်လူသားတစ်ယောက်ရဲ့ အရပ်အမောင်းသာ ရှိတဲ့အကြောင်း ကျမ်းအကိုးအကားခိုင်လုံစွာနဲ့ အသေအချာ ရှင်းပြခဲ့ဖူးပါတယ်။
ကဘူးအမျိုးသားပြတိုက်မှာရောက်နေတဲ့ ဒီသပိတ်ဟာ ဗုဒ္ဓသပိတ်မဟုတ်ဘူးဆိုရင် ဘာကြောင့် ဗုဒ္ဓဘာသာဝင်တွေက ဒီလောက် အထွဋ်အမြတ်ထားကြသလဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၀၀ လောက် ( အေဒီ ၄ရာစု) က ဒီဒေသကို ရောက်လာခဲ့ဖူးတဲ့ ဘုရားဖူး တရုတ်ရဟန်းတော်တွေကတော့ သူတို့ရဲ့ မှတ်တမ်းတွေထဲမှာ ဒီသပိတ်ကြီးဟာ ဗုဒ္ဓက ပရိနိဗ္ဗာန်ပြုရန် ကုဿိနာရုံကိုအသွားမှာ ဝေသာလီပြည် (ယခု အိန္ဒိယအရှေ့မြောက်ပိုင်းက ဘီဟာပြည်နယ်) က ဒါယကာ ဒါယိကာမတွေကို စွန့်ခဲ့တဲ့ သပိတ် တော်ဖြစ်ပြီး ဝေသာလီပြည်သူပြည်သားတွေက အမြတ်တနိုးနဲ့ ပူဇော်ထားရာမှ အေဒီ ၂ ရာစုမှာဒီဒေသကို အောင်နိုင်တဲ့ အာရှအလယ်ပိုင်းသား မွန်ဂိုဖြူ ကုရှန်မင်းဆက် ဘုရင်တစ်ပါးဖြစ်တဲ့ ကနိသျှမင်းက ဝေသာလီပြည်ကနေ အဲဒီခေတ်က ပွတ်ရှပူရလို့ခေါ်တဲ့ ယခု ပွတ်ဆ၀ါမြို့ကို ယူဆောင် လာခဲ့ခြင်း ဖြစ်ပါသတဲ့။
ဒါပေမဲ့ နောက်ပိုင်းပညာရှင်တွေကတော့ကတော့ ဗုဒ္ဓသပိတ်တော်အစစ်ဆိုတဲ့ အယူအဆထက် ဗုဒ္ဓရဲ့ သပိတ်တော်ကို တုပပြီး ထုဆစ်ကာ ကျောင်းတော်မှာ ဒါယကာတွေ လူဘွယ်ဝတ္တုအစုစုကို ကပ်လှူပူဇော်ဖို့ ထားထားတဲ့ သပိတ်တော် ဖြစ်နိုင်တယ်။ ကျောင်းတွေ ဘုရားတွေမှာ ဒီလို သပိတ်ကြီးတွေ ထားတဲ့ အလေ့အထမျိုး သီရိလင်္ကာ-မြန်မာ-ထိုင်း-လော နဲ့ ကမ္ဘောဒီယား တို့မှာ တွေ့ရကြောင်း သူတို့ကဆိုပါတယ်။ (ရွှေတိဂုံ ဘုရားမှာတောင် ကျောက်သပိတ်ကြီး ရှိပါတယ်၊ “သင်ပုတ်”လို့ မြန်မာတို့ က ခေါ်ကြတယ်ထင်ပါတယ်)။
ဝေသာလီကနေ ပက်ရှဝါကိုရောက်လာရတဲ့ ဒီသပိတ်တော်ကြီးဟာ အစ္စလာမ်ဘာသာဝင် အာဖဂန်မင်းတွေလက်ထက်ကိုရောက်တော့ ဟိုဗလီမှ ဒီဗလီ ဒီဗလီမှ ဟိုပလီ ဆီ ပြောင်းရွေ့စံစားရပါသတဲ့။ ဒီသပိတ်နဲ့ ပတ်သက်တဲ့ အကြောင်းအချက်တွေကို ၁၉ ရာစု ဗြိတိသျှ ကိုလိုနီအရာရှိတွေက မှတ်တမ်းတွေ တင်ခဲ့ကြပါသတဲ့။ နောက်ဆုံး သပိတ်တော်ကြီး အရွေ့ခံရတာတဲ့ နေရာက ကန်ဒါဟာ မြို့စွန်က ဘာဘာဗလီကြီးပါ။
ဒါပေမဲ့လည်း ၁၉၈၀ နှစ်များက ဆိုဗီယက် ကျောထောက်နောက်ခံပြုထားတဲ့ နဂျီဘူလာရဲ့ ဆိုရှယ်လစ်အစိုးရလက်ထက်မှာတော့ အာဖဂန်ရဲ့ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် ကဘူးအမျိုးသားယဉ်ကျေးမှု ပြတိုက်ဆီ ရွေ့ပြောင်းလာရပါတယ်။
ထူးထူးဆန်းဆန်းပဲ အာဂဖန်မှာ ဘာသာရေးအစွန်းရောက် တာလီဘန်တွေအာဏာရချိန် နိုင်ငံရဲ့ ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ ဗုဒ္ဓယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦးတွေ ရုပ်ပွားတော်တွေ ဆင်းတုတွေ ကျမ်းစာတွေ ပစ္စည်းတွေ ဖျက်ဆီးခံရချိန်မှာ ပြတိုက်ထဲက ဒီသပိတ်တော်ကြီးကို တာလီဘန်တွေက လက်ဖျားနဲ့ မတို့ခဲ့ကြဘူး၊ အကြောင်းက သပိတ်တော်ရဲ့ ပတ်ပတ်လည်မှာ ရွှေဆေးရေးနဲ့ ကိုရမ်ကျမ်းထဲက အာရဗီစာသားတွေ ရေးထိုးထားလို့ပဲတဲ့။ ဒီလို ကိုရမ်ကျမ်းထဲက အာရဗီစာသားတွေ ရေးထိုးပြီး သပိတ်တော်ကြီးကို ကာကွယ်ပေးခဲ့တဲ့ အမည်မသိသူကို နောက်ပိုင်းပညာရှင်တွေက ချီးကျူးဂုဏ်ပြုကြပါတယ် သူသာ မကယ်ရင် ဒီသပိတ်ကြီး တာလီဘန်တွေလက်ထဲမှာ ထုချေဖျက်ဆီးခံရမှာ အသေအချာပါပဲ။
အခု အိန္ဒိယက လွှတ်လိုက်တဲ့ ပညာရှင်တွေဟာ သပိတ်ကြီးကို စစ်ဆေးကြမယ်၊ တကယ်လို့သာ သပိတ်ကြီးကို ထုဆစ်ထားတဲ့ လိပ်သဲကျောက်အမျိုးအစား အာဖဂန်မှာမရှိဘူးဆိုရင် အိန္ဒိယကနေ အလုယူခံသွားရတဲ့ အမျိုးသာအမွေအနှစ်တစ်ရပ်အဖြစ် အာဇဂန်အစိုးရဆီမှာ ပြန်တောင်းပါမယ်တဲ့၊ သူတို့အကြောင်းပြချက်က ၂၀၀၁ ခုနှစ်က တာလီဘန်တွေ ဒိုင်းနမိုက်နဲ့ ဖြိုချဖျက်ဆီးလိုက်တဲ့ ဘာမီယန်သဲကျောက်တောင်တွေဆီက ကျောက်ထွင်းရုပ်ပွားတော်တွေလို တချိန်မှာ ဒီသပိတ်တော်ကြီးကို မဖျက်ဆီးပါဘူးလို့ ဘယ်သူအာမခံနိုင်ပါ့မလဲတဲ့။
ဘယ်လိုပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ကျော် ဗုဒ္ဓခေတ်က ကျောက်သပိတ်ကြီးကို အခုအချိန် အထိ နှောင်းလူတွေ တွေ့မြင်နိုင်အောင် ထိန်းသိမ်းပေးခဲ့ကြတဲ့ ဘာသာအသီးသီးမှ အသီးသီးမှ ပုဂ္ဂိုလ်များအား ကျေးဇူးအထူးတင်ရှိပါကြောင်း...။
အရှင်ဇောတိ (နံ့သာနီ)
0 Comments