မေး .. အရှင်ဘုရား
အွန်လိုင်းပေါ်မှာ တွေ့နေရတဲ့ ရုပ်ပွားဆင်းတုနှင့် စေတီများမှ ရောင်ခြည်တော်လွတ်တယ်လို့
ကြားနေရပါသည်ဘုရား။ ရောင်ခြည်တော်လွတ်တယ်ဆိုတာ
ဘယ်လိုဟာမျိုးပါလဲ၊ ခုခေတ်မှာ ရုပ်ပွားဆင်းတုတော်များမှ ရောင်ခြည်တော် လွှတ်ခြင်းများ
ရှိပါသလား၊ သနားသဖြင့်ဖြေကြားတော်မူပါဘုရား..။
ဖြေ .. အမှန်အမှားကို
နောက်ထား။ ရောင်ခြည်တော်လွှတ်တဲ့ ဘုရားကတော့ ဘုန်းတောက်တာ အမှန်ပဲ။ ဘုရားကိုမှီပြီး
လည်း ဝင်ငွေဖြောင့်တဲ့အတွက် ဘုရားကို ဘုန်းတောက်အောင် မသမာနည်းနဲ့ ကလိမ်ဉာဏ်ဆင်ပြီး
လုပ်စားနေကြတာ များပါတယ်..။
ဒီလိုလုပ်ရပ်တွေက
အခုခေတ်တွင်မက ရှေးဘုရင်မင်းများလက်ထက်ကတည်းက ရှိခဲ့ကြောင်းကို အောက်မှာလေ့လာရင် သိနိုင်မှာပါ..။
ဖြစ်စဉ်က
မန္တလေးမြို့မှ မဟာမုနိမြတ်စွာဘုရားစောင်းတန်းမှ ဈေးသည်များဟာ အရောင်းအဝယ်ကောင်းအောင်
ဘုရားကြီး ရောင်ခြည်တော် လွှတ်ကြောင်း မကြာခဏ သတင်းလွှင့်ကြတယ်..။ ဒီလိုလွှင့်တော့ ဘုရားဖူးပရိသတ်များလို့
ဆိုင်တွေလည်း ရောင်းကောင်းတယ်။
ဒီအကြောင်းကိုသိတဲ့
ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းကြီးက “ယနေ့မှပြီး မဟာမြတ်မုနိမြတ်စွာဘုရားက ရောင်ခြည်တော်
မလွှတ်စေနဲ့” လို့ အမိန့်ထုတ်ရတဲ့အထိ ဖြစ်ခဲ့ဘူးပါတယ်..။
ရောင်ခြည်တော်ဆိုသည်မှာ
(လူနတ်ဗြဟ္မာ သတ္တဝါတို့ မြင်ကောင်းသည့်မြတ်စွာဘုရား၏ ရူပါရုံအဆင်းဓါတ်အထူးကို ခေါ်ကြောင်း)
မဟာဗုဒ္ဓဝင်တွင် မင်းကွန်းဆရာတော်ဘုရားကြီးက ဖွင့်ဆိုထားပါတယ်..။
မြတ်ဗုဒ္ဓ၏
ရောင်ခြည်တော်သည် အချိန်မရွေး တစ်မျိုးတည်း ဖြစ်သော်လည်း ရောင်ခြည်တော်ကွန့်မြူးရသည့်အကြောင်းအရင်း၊
ကွန့်မြူးချိန်နှင့် ကွန့်မြူးရာဌာနတို့ကို လိုက်၍ ဗျာမပ္ပဘာ ရောင်ခြည်တော်၊ အသီတိနိစ္စလောဘာသ
ရောင်ခြည်တော်၊ ဒိသာဖရဏရောင်ခြည်တော်ဟူ၍ ကွဲပြားပါသေးသည်..။
ဗျာမပ္ပဘာရောင်ခြည်တော်
ဆိုသည်မှာ မြတ်စွာဘုရား၏ ပကတိကိုယ်တော်မှ အမြဲ ကွန့်မြူးနေသော ရောင်ခြည်တော်ကို ဆိုလိုသည်။ကိုယ်တော်၏
ဝန်းကျင်တွင် တစ်လံမျှ အတိုင်းအရှည်ရှိ၍ အလွန်ထူထဲပြီး ဘုရားရှင်နှင့် ဝေခွဲမရနိုင်လောက်အောင်
ကွန့်မြူးနေသော ရောင်ခြည်တော်ကို ခေါ်သည်။
အသီတိနိစ္စလောဘာသ
ရောင်ခြည်တော်သည် ဗျာမပ္ပဘာရောင်ခြည်တော်မှ သန္တာန်ဆက်ကာ အတောင်ရှစ်ဆယ်တိုင် ပြန့်နှံ့နေသော
ရောင်ခ်ြည်တောကို ဆိုသည်။
ဒိသာဖရဏရောင်ခြည်တော်သည်
ပဋ္ဌာန်းတရားကို ဆင်ခြင်သောအခါတွင်လည်းကောင်း၊ တန်ခိုးပြာဋိဟာကို ပြတော်မူရာတွင်လည်းကောင်း
ပေါ်ထွက်လာသော ရောင်ခြည်တော်ကို ဆိုသည်။
အဆိုပါရောင်ခြည်တော်တို့တွင်
ဗျာမပ္ပဘာနှင့် အသီတိနိစ္စလောဘာသ ရောင်ခြည်တော်တို့သည် အလောင်းတော်ဘဝမှ ဖြည့်ကျင့်လာသော
ပါရမီအဟုန်တော်တို့၏ ဖြစ်ပေါ်လာခြင်းကြောင့် ကမ္မပစ္စယ ဥတုဇရောင်ခြည်တော်ဟုလည်း သုံးနှုန်းသည်။
ဒိသာဖရဏရောင်ခြည်တော်ကို
မြတ်စွာဘုရား၏ စိတ်ကြည်လင်မှုကို အကြောင်းပြု၍ ဖြစ်ပေါ်လာသောကြောင့် စိတ္တဇရောင်ခြည်တော်ဟုလည်း
သတ်မှတ်ကြသည်။
(ရုပ်ပွားတော်တို့
ရောင်ခြည်တော် လွှတ်ရခြင်းအကြောင်း)
မြတ်ဗုဒ္ဓသက်တော်ထင်ရှားမရှိသော်လည်း
ဥဒ္ဒိဿ ရုပ်ပွားတော်တို့မှ ရောင်ခြည်တော် ကွန့်မြူးနိုင်သော အချက်ကြီး (၃)ချက်ရှိကို
မိလိန္ဒပဉာကျမ်းတွင် အရှင်နာဂသိန်ဖြေကြားမှုအတိုင်း တင်ပြရလျှင်..။
၁။ လူတို့ကို
သနားသဖြင့် ရဟန္တာတို့၏ တန်ခိုးအစွမ်းဖြင့် ဤမည်သော ဘုရားစေတီတို့ တန်ခိုးပြကြကုန်ဟူ၍
ပြခြင်း။
၂။ လူတို့ကို
သနားသဖြင့် နတ်တို့၏ တန်ခိုးအစွမ်းဖြင့် ဤမည်သော ဘုရားစေတီတို့ တန်းခိုးပြကြကုန်ဟူ၍
ပြသခြင်း။
၃။ သီလဝန္တဖြစ်သော
(သီလ သမာဓိရှိသော) လူပုဂ္ဂိုလ်တစ်ယောက်မှ သစ္စာအဓိဋ္ဌာန်အစွမ်းဖြင့် တန်ခိုးပြခိုင်းခြင်းတို့
ဖြစ်ကြသည်။
အထက်ပါအကြောင်းအရားများနှင့်
လျှော်ည်ီမှသာ ဗုဒ္ဓစေတီပုထိုးများသည် ရောင်တော်လွှတ်ခြင်း တန်ခိုးပြခြင်းများကို ပြသကြပါသည်လို့
ဖြေကြားလိုက်ရပါတယ်..။
အရှင်ဇောတိ
(နံ့သာနီ) ထိုင်းနိုင်ငံ
0 Comments