မြတ်စွာဘုရားသည်
သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် ရဟန်းတို့ကို ဤသို့ ဟောတော်မူ၏။
“ရဟန်းတို့
ညစ်နွမ်း၍ ချေးအထပ်ထပ် ပေရေကပ်ညိနေသော အဝတ်ကို ခဝါသည်သည် ဆိုးရည်တစ်မျိုးမျိုးဖြင့်
ဆိုးရာ၏။ အ ညိုရောင် ဖြစ်စေ၊ ရွှေဝါရောင်ဖြစ်စေ၊ အနီရောင်ဖြစ်စေ အလိုရှိရာတစ်မျိုးမျိုးကို
ဆိုးရာ၏။ ယင်းသို့ဆိုးသော်လည်း မဆွဲမထင်သောအဖြစ်သို့ ရောက်ရာ၏။ အကြောင်းမှုကား.. ဆိုးသော
အဝတ်သည် မစင်ကြယ်ခြင်းကြောင်းဖြစ်၏။
ရဟန်းတို့
ဤပမာတူလျှင် စိတ်သည် ညစ်ညူးကြောင်းတရား
(သူတစ်ပါးစည်းစိမ်၌
လိုချင်မက်မောလွန်းခြင်း အဘိဇ္ဈာ၊
အာဃာတထား၍
ရန်ညှိုးဖွဲ့ခြင်း ဗျာပါဒ၊
အမျက်ထွက်ခြင်း
ကောဓ၊
သူပြုဖူးသော
ကျေးဇူးကိုချေဖျက်ခြင်း မက္ခ၊
ဂုဏ်တုဂုဏ်ပြိုင်ပြောဆိုခြင်း
ပဠာသ၊
သူတပါးတို့
လာဘ်လာဘရခြင်းစသည်ကို ငြူစူခြင်း ဣဿာ၊
မိမိစည်းစိမ်ကို
သူတစ်ပါးတို့နှင့် မဆက်ဆံရန် လှို့ဝှက်တတ်ခြင်း မစ္ဆေရ၊
အမျိုးအနွယ်စသည်ကို
အစွဲပြု၍ ထောင်လွှား တက်ကြွခြင်း မာန၊
ကာမဂုဏ်တို့၌
စိတ်ကိုလွှတ်၍ စိတ်အလိုလိုက်လွန်းခြင်း ပမာဒ) စသည်တို့ကြောင့် ညစ်နွမ်းခဲ့သော် မကောင်းသော
ဒုဂ္ဂတိ (ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာတို့) ဘဝသို့ ရောက်အပ်၏။
ရဟန်းတို့
ညစ်ကြေးမတင် ဖြူစင်သန့်ရှင်းသော အဝတ်ကို ခဝါသည်သည် ဆိုးရာ၏။ အဝတ်သည် သန့်ရှင်းနေသမျှ
အဝတ်ပေါ်မှာ ဆိုးလာသော အရောင်တို့သည် ထင်မည်သာဖြစ်၏။
ရဟန်းတို့
ဤဥပမာအတူသာလျှင် စိတ်သည် ညစ်ညူးကြောင်းတရား အဘိဇ္ဈာ စသည်တို့ကြောင့် မညစ်နွမ်းခဲ့သော်
ကောင်းသော သုဂတိဘုံဘဝသို့ အလိုရှိအပ်၏။ သုဂတိဘုံဘဝသို့သာ ရောက်ရလိမ့်မည်..။
(မဇ္ဈိမ နိကာယ်၊
မူလပဏ္ဏာသ၊ ဝတ္ထသုတ်)
0 Comments