{{{ ရှေးမူမပျက်၊ တုံးမောင်းနှက်၊ ဘ၀ဂ်သို့တိုင် ကြားစေသော် }}}သစ်စည်- တုံးမောင်း- အုန်းမောင်းဟု အမျိုးမျိုးခေါ်ဝေါ်ကြပါသည်။(( ထွင်းနည်းစနစ် ))တုံးမောင်းကို စနစ်တကျ ထွင်းဖောက်ရသည်။ သို့မှသာ အသံကောင်းကို အဝေးပြေးမည် ဖြစ်ပါသည်။
ထွင်းနည်းမကျလျှင် အသံမကောင်းသော တုံးမောင်း-အအကြီး အမျိုးအစား ဖြစ်တတ်ပါသည်။
သို့အတွက် စနစ်တကျ ဖြစ်စေရန် ရှေးဆရာတော်ကြီးများက တုံးမောင်းထွင်းနည်း ဆောင်ပုဒ်တစ်ခုကို
ရေးစပ်၍ ထားတော်မူခဲ့ကြပါသည်။
(( ၁ )) ထိပ်ဝတစ်ပြန်၊ အနားချန်၊ လေးပြန်အလယ်ထား။
(( ၂ )) ထိပ်ဝ ငါးချိုး၊ ပယ် တစ်ချိုး၊ လေးချိုး အနက်ထား။
(( ၃ )) ထိပ်ဝ ခြောက်ချိုး၊ ပယ် ငါးချိုး၊ တစ်ချိုး ပါးစပ်ထား။
(( ၄ )) လက် လေးသစ်အောက်၊ ကား၍ဖောက်၊ သောင်းရောက်အသံကြား။ ။
ဥပမာ ။ ။ ထိပ်ဝအချင်း ၉-လက္မရှိသော သစ်တုံးတစ်ခုကို တုံးမောင်းထွင်းမည်ဆိုပါက
ထိပ်ဝအချင်း ၉-လက္မရှိသည့်အတွက် အပေါ်နား အောက်နား ၉-လက္မစီ ထားပြီး
အလယ်က ၉-လက္မ ၄-ပြန် ထားရမည် ဖြစ်ပါသည်။
တဖန် ထိပ်ဝအချင်း ၉-လက္မကို ၅-ချိုးချိုးပြီး ၄-ချိုး နက်အောင်ထွင်းရမည်ဆိုသောကြောင့်
အနက်မှာ ၇.၂-လက္မ ရှိပေလိမ့်မည်။
တုံးမောင်း၏ပါးစပ်ခေါ်သော အပေါက်ကိုမူ ထိပ်ဝအချင်း ၉-လက္မကို ၆-ချိုးချိုးပြီး တစ်ချိုးကိုသာ ထားရမည်ဆို၍
၁.၅-လက္မ ရှိပါမည်။
စုစုပေါင်း အရှည် ၄-ပေ ၆-လက္မ ရှိမည်ဖြစ်ပါသည်။
ဤကား ရှေးဆရာတော်ကြီးများ၏ တုံးမောင်းထွင်းနည်းစနစ် တစ်ခုဖြစ်ပါသည်။ ။
(( တီးနည်းစနစ် ))
တုံးမောင်းသံ မဆိတ်သုဉ်းသေးသော်လည်း စနစ်တကျ တီးနည်းမရှိသလောက် ကွယ်ပျောက်ဆိတ်သုဉ်းနေပြီဆိုလျှင်
လွန်အံ့မထင်ပါ။ အဘယ်ကြောင့်ဆိုသော် ရည်ရွယ်ချက်မရှိပဲ မိမိတီးချင်သလို တီးနေကြသောကြောင့် ဖြစ်ပါသည်။
(( ရှေးက တုံးမောင်းတီးနည်းစနစ် ))မှာ ရှေးဦးစွာ တုံးမောင်းကို ညင်ညင်သာသာ (တော့)တီးရ၏။
ဤသို့ တီးလိုက်ခြင်းသည် (အသံနှိုးခြင်း) သို့ (အသံစမ်းခြင်း)ဖြစ်၏။
ထိုနောက် တစ်ချက်ခြင်း မှန်မှန် (၂၄)ချက် တီးရ၏။ ပဋ္ဌာန်းပစ္စယုဒ္ဒေသ (၂၄)ပစ္စည်းကို ရွတ်ဆိုပြီး တီးခြင်းဖြစ်၏။
ပြီးမှ ခပ်သွက်သွက် ခပ်မြန်မြန် (တော့)တီးရသည်။ ပဋ္ဌာန်းပြီးဆုံးသည့် အမှတ်အသားဖြစ်၏။
ထိုကဲ့သို့ တီးပြီး (၁၀-စက္ကန့်-၁၅-စက္ကန့်)ခြားလျှက် တနင်္ဂနွေနေ့ဖြစ်လျှင် ၁-ချက်။
တနင်္လာနေ့ဖြစ်လျှင် ၂-ချက် -- စသည်ဖြင့် နေ့အလိုက် တီး၍အဆုံးသတ်ရသည်။
အကျိုးမှာကား တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသကဲ့သို့ နံနက်စောစော ရွာဦးကျောင်းက
တုံးမောင်းသံကြားလိုက်ရသောအခါ
၁။ စိတ်ကြည်နူးမှုကို ခံစားရခြင်း။
၂။ ပဋ္ဌာန်းဒေသနာတော်ကို အာရုံပြုရခြင်း။
၃။ ဘုရားရှိခိုးရန် အရုဏ်ဆွမ်းချက်ရန် ကာယဉာဏ လယ်ယာဦးကြီးလုပ်သားများ အိပ်ယာမှထရန်
အချိန်တန်ပြီဟု အချိန်ကို သိရခြင်း။
၎။ နေ့ကို သိရခြင်း။ အကျိုးများရှိပါသည်။
ဘဒ္ဒန္တအာစာရသီရီ (ဥက္ကံမြို့)
1988-ခုနှစ်၊ Febryary-လ ထုတ်၊ အတွဲ-၂၆၊ အမှတ်-၁၁၊
(ဓမ္မဗျူဟာစာစောင်) မှ ကူးယူထားပါသည်။ ။
မြန်မာ့ကန့်လန့်ထက်စည် (ကလတက်- အုန်းမောင်- တုံး- ခေါင်း)စနစ် မှတ်ယူဖွယ်ရာကို ဖော်ပြပါ။
{{{ ကန့်လန့်ထက်စည်စနစ် }}}
(၁) ပိုးမည်းစာ၊ ကျွန်းခေါက်နွယ်၊ ပိတောက်စသောသစ်လုံး (လုံးသောအသား)ကို ကောင်းစွာရွေဖျင်း၍
ချောမွေ့စွာပြုပါ။
၂။ ထက်အောက်နှစ်ပြန်၊ အနားချန်၊ အလယ်လေးပြန်ထား။ ဟူသောစနစ်အရ
အထက်တစ်ပြန်၊ အောက်တပြန်၊ အလယ်လေးပြန် ပိုင်းခြားထားပါ။ (အထက်၌ ခေါင်းအတွက် ပိုထားရမည်)
၃။ နှုတ်ခမ်းအပေါက်၊ ချင့်ကာထောက်၊ ဖေါက်လေယွင်းမမှား။
နှစ်သစ် သုံးသစ်၊ ထိုစနစ်၊ တွက်စစ်ဉာဏ်ရှေ့သွား။
နှုတ်ခမ်းကျယ်သော်၊ အသံအော်၊ ကျဉ်းသော်စူးရှသွား။
ဟူသည်နှင့်အညီ တုံးနှုတ်ခမ်းပေါက်ကို လက်သစ် နှစ်သစ်-သုံးသစ် ချင့်ချိန်၍ဖောက်ရမည်။
နှုတ်ခမ်းကျယ် အသံအော်၏။ အဝေးမသွား။
နှုတ်ခမ်းကျဉ်းသော် အသံစူးရှ၊ ဟိန်း၍ အဝေးသို့ ပြေး၏။
၎။ အတွင်းလိုဏ်ဖောက်သော် -
( ထိပ်ထူ ဘေးပါး- အဝေးသွား။ ထိပ်ပါး ဘေးထူ- အနီးဟူ ) ဤနည်းစနစ်အရ
နှုတ်ခမ်းဘက်ထူ၍ လိုဏ်ဘေးသားပါးက တုံးသံအဝေးသို့သွား၏။
နှုတ်ခမ်းဘက်ပါး၍ လိုဏ်ဘေးသားပါးက တုံးသံအနီးမြည်၏။ အဝေးသို့ မသွားဟူ၏။
သစ်တုံးကို အလျားလိုက် လိုဏ်အပေါက်ဖောက်၍ သစ်တုံးကိုအလယ်မှ ကန့်လန့်ဖြတ်တီးရသောကြောင့်
သစ်တုံးကန့်လန့်စည်-ဟုခေါ်တွင်၏။
(သားရေကြက် ထက်စည်ကို အတုယူ၍ ထက်စည်ဟု ခေါ်၏)
စကားချုံးသော် ကန့်လန့်ထက်စည် - ကလထက်စည်(ကလတက်)ဟု ဝေါဟာရတွင်သည်။ ။
မုံရွာမြို့-အရှေ့လယ်တီကျောင်းတိုက်
အဂ္ဂမဟာပဏ္ဍိတ-ဘဒ္ဒန္တကုဏ္ဍလ မဟာထေရ်-ရေးသားသည့်
(မဟာသုတဒီပနီကျမ်း၊ ဒုတိယတွဲ၊ စာမျက်နှာ- ၅၅) ကူးယူသည်။ ။
0 Comments