8.7.2017 ရက်နေ့တွင် ကျရောက်သော ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှာ ဘုရားရှင်ကို ပူဇော်တော်မူသော အနေအားဖြင့် မိမိတို့နိုင်ရာ အဓိဋ္ဌာန်တစ်ခုခုကို ဝါတွင်း (၃)လ ဆောက်တည်ကြပါလို့ တိုက်တွန်းချင်ပါတယ်..။
ဝါတွင်းကာလ ရောက်ပြီဆိုရင် မြန်မာဗုဒ္ဓဘာသာတွေဟာ ဘာသာတရားကို အထူးအလေးထားလေ့ရှိပြီး အကုသိုလ် အလုပ်များကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကာ ဥပုသ်ဆောက်တည်ခြင်း၊ တရားနာခြင်း၊ တရားစခန်းဝင်ခြင်း စတဲ့ ကောင်းမှုမျိုးစေ့လေးတွေကို သတ်မှတ်ပြုလုပ်လေ့ ရှိကြပါတယ်။ တစ်ချို့လည်း ဒီဝါတွင်းကာလမှာ ဘယ်လိုနေမယ်၊ ဘယ်လိုထိုင်မယ်၊ ဘာကုသိုလ်လုပ်မယ် စသဖြင့် အဓိဋ္ဌာန် တစ်ခုခုပြုကာ ကိုယ့်ကိုယ်ကို ကုသိုလ်ကောင်းမှုတွေမှာ သတ်မှတ်လုပ်ဆောင်ကြတာတွေလည်း ရှိတတ်ပါတယ်။ ဒီလိုအလုပ်တွေဟာ အလွန်ကောင်းမွန်တဲ့ အလုပ်တွေဖြစ်တဲ့အတွက် တစ်ချို့တစ်ချို့ လုပ်နေကြတာထက်စာရင် ဗုဒ္ဓဘာသာဝင် သူတော်စင်အားလုံး လုပ်နိုင်ကြရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကျန်တဲ့အချိန်တွေ မလုပ်နိုင်တာတောင်မှာ ဝါတွင်းကာလမှာတော့ ကိုယ့်ကိုယ်ကို အဓိဋ္ဌာန်လေးပြုပြီး လုပ်ကြည့်နိုင်ရင် သိပ်ကောင်းမှာ ဖြစ်ပါတယ်။
တကယ်တော့ အဓိဋ္ဌာန်ဆိုတာ အဓိဋ္ဌာနဆိုတဲ့ ပါဠိစကားကို မြန်မာမှု ပြုထားတာဖြစ်ပါတယ်။ အဓိဋ္ဌာနဆိုတာ ဆောက်တည်ခြင်း၊ စိတ်ဆုံးဖြတ်တဲ့အတိုင်း မြဲမြံစွာ ထိန်းသိမ်းခြင်းကို ဆိုတာဖြစ်ပါတယ်။ ဘုရားရှင်တို့ ဖြည့်ကျင့်ရတဲ့ ပါရမီတွေထဲမှာလည်း အဓိဋ္ဌာန ပါရမီဆိုတာ ပါရှိပါတယ်။ ဘုရားလောင်းတို့ ဖြည့်ကျင့်တော်မူတဲ့ ဒီအဓိဋ္ဌာန ပါရမီက အပြစ်ကင်းတဲ့ အရာတွေမှာ စိတ်ကိုဆောက်တည်ခြင်း ဖြစ်ပြီး အဲဒီဆောက်တည်တဲ့ အတိုင်းလည်း မပျက်စီးအောင် ကြိုးကြိုးစားစား ထိန်းသိမ်းနေထိုင်ခြင်းကို ရည်ညွန်းပါတယ်။ ဒါက ပါရမီမြောက် ဖြည့်ကျင့်တဲ့ သဘောကို ဆိုလိုတာ ဖြစ်ပါတယ်။ သာမန်ပုဂ္ဂိုလ်တွေ အနေနဲ့လည်း ပါရမီမြောက်တဲ့ အထိ မဖြည့်ကျင့်နိုင်တာတောင်မှ တစ်နှစ်မှာ အနည်းဆုံး တစ်ခါလောက်တော့ အဓိဋ္ဌာန်လေးတွေ ၀င်ကြည့်သင့်ပါတယ်။ ပါရမီမြောက်တာ မမြောက်တာ အသာထား ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ကို ကောင်းတဲ့အရာလေး တစ်ခုအပေါ်မှာ မြဲမြံအောင် ဆောက်တည်ထားနိုင်ရင် ဒါဟာ ထူးခြားတဲ့ ကုသိုလ်တစ်ခု ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ကျန်တဲ့အချိန်တွေမှာ မအားလပ်လို့ မလုပ်နိုင်ဘူး ဆိုရင်တောင်မှ ၀ါတွင်းကာလ အဓိဋ္ဌာန်လေး တစ်ခုလောက်တော့ ၀င်ကြည့်ကြပါလို့ ဆိုချင်တာ ဖြစ်ပါတယ်။
မကောင်းတဲ့အလုပ်ဆိုရင် အချိန်မရွေး အလွယ်တကူ လုပ်တတ်ကြပေမယ့် ကောင်းတဲ့အလုပ်ကိုတော့ တစ်ခုခုနဲ့ အားပြုတိုက်တွန်းပေးမှ လုပ်တတ်ကြတဲ့ ပုထုဇဉ်တွေ အနေနဲ့ ဒီလို ကာလသတ်မှတ်ပြီး လုပ်ရတဲ့ ကုသိုလ်မျိုးတွေကို အဓိဋ္ဌာန်ဆိုတဲ့ သတ်မှတ်ချက်လေးတစ်ခုနဲ့ ကိုယ့်ကိုယ်ကို ပြဋ္ဌာန်းပြီး လုပ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ ပြဋ္ဌာန်းသတ်မှတ်ချက်တွေကို အစွဲမရှိဘဲ ကျော်လွှားနိုင်အောင် ကြိုးစားဖို့လိုပေမယ့် မကောင်းမှုတွေမှာ ပျော်တတ်တဲ့ ပုထုဇဉ်တွေ အနေနဲ့တော့ ကုသိုလ်တစ်ခုခု လုပ်နိုင်ဖို့ သတ်မှတ်ပြဋ္ဌာန်းချက် လေးတွေတော့ လိုနေတတ်ပါတယ်။ ဒါကြောင့် အဓိဋ္ဌာန်ဝင်ကြည့်ဖို့ သတ်မှတ်ကြည့်တာ ဖြစ်ပါတယ်။
ကုသိုလ်ကောင်းမှုတွေကို နေ့စဉ်တစ်ခုလောက်တော့ မပြတ်အောင် သတ်မှတ်ပြီး လုပ်မယ်လို့ အဓိဋ္ဌာန်ဝင်ကာ လုပ်နိုင်ရင်တော့ အကောင်းဆုံး ဖြစ်ပေမယ့် အဲဒီလို မလုပ်နိုင်သေးတဲ့ သူတွေအတွက်တော့ အရင်ဆုံး ၀ါတွင်းကာလလေးကိုတော့ သတ်မှတ်ပိုင်းခြားပြီး လုပ်ကြည့်ကြဖို့ လိုပါတယ်။ ၀ါတွင်းကာလ (၃)လလုံးမှာလည်း နေ့တိုင်းမလုပ်နိုင်သေးဘူး ဆိုရင်တော့ တစ်လမှာ လေးရက်ပဲ ရှိတဲ့ ဥပုသ်နေ့လေးတွေမှာတော့ ဥပုသ်သီလကို မဖြစ်မနေ စောင့်ထိန်းပြီး နေမယ်ဆိုတဲ့ အဓိဋ္ဌာန်လေး တစ်ခုလောက်တော့ လုပ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ ဥပုသ်နေ့မှာ ဥပုသ်စောင့်ပြီးရင် ပြီးရောဆိုပြီး ကျန်တဲ့နေ့တွေမှာ လုပ်ချင်ရာလုပ်ဖို့တော့ မဟုတ်ပါဘူး။ ကျန်တဲ့နေ့တွေမှာလည်း ငါးပါးသီလကတော့ လုံနေရမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ၀ါတွင်းကာလ ဥပုသ်နေတွေမှာတော့ ဥပုသ်သီလကို ဘယ်လိုပဲ ဖြစ်ဖြစ် စောင့်ဖြစ်အောင် စောင့်ထိန်းမယ်ဆိုတဲ့ အဓိဋ္ဌာန်တစ်ခုတော့ ၀င်ကြည့်ကြဖို့ ပြည်တွင်းပြည်ပမှာ ရှိတဲ့ မြန်မာဗုဒ္ဓဘာသာများကို တိုက်တွန်းလိုပါတယ်။
အဓိဋ္ဌာန်ဟူသည် ပရိနိဗ္ဗာန် စံဝင်တော်မူကြကုန်သော မြတ်စွာဘုရားရှင်တို့ ကိုယ်တော်တိုင် ကျင့်သုံးတော်မူခဲ့သော ပါရမီ(၁၀) ပါး ထဲတွင် တစ်ပါး အပါအဝင်ဖြစ်တယ်…။
ဦးဇင်းကိုယ်တိုင်လည်း အခုလာမယ့် ဝါတွင်းသုံးလပတ်လုံး နေ့စဉ် တရား ၂ နာရီထိုပြီး ပဋ္ဌာန်းပစ္စယုဒ္ဒေသ၊ ပစ္စယနိဒ္ဒေသ အပါအဝင် မေတ္တာသုတ်၊ ဗောဇ္ဈင်္ဂသုတ်တို့ မပျက်မကွက် ရွက်ပါမည်လို့ ဘုရားမှာ အဓိဋ္ဌာန်ဝင်မှာပါ..။
♦ အဓိဋ္ဌာန်ပါရမီ ♦
(အဓိ = စွဲစွဲမြဲမြဲ (ဝါ) ဇွဲသန်သန် ၊ ဋ္ဌာန =တည်တံ့ခြင်း) သီလစသော ပါရမီကို စွဲစွဲမြဲမြဲ ဇွဲကောင်းကောင်းနှင့် ပြုလုပ်မည်ဟု ဆုံးဖြတ်ထားမှု ၊ ဆုံးဖြတ်သည့်အတိုင်း ပြုလုပ်မှုကို “အဓိဋ္ဌာန်” ဟု ခေါ်သည်။
အဓိဋ္ဌာန်ဆိုတဲ့စကားဟာ မြန်မာပြည်သူ ပြည်သားတွေအနေနဲ့ စိမ်းမနေပါဘူး။ ရင်းနှီးနေတဲ့စကားတစ်ခုပါ။ ကိုယ့်ရဲ့ အဓိဋ္ဌာန်အတိုင်း ကုသိုလ်မျိုးစုံ ပွားနေကြ ပြုနေကြတဲ့သူတွေလည်း အများကြီးရယ်ပါ။
လိုရင်းကတော့ ဒီအလုပ်ကိုလုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ စိတ်ပဋိညာဉ်ကို မရွှေ့မပြောင်းတော့ဘဲ အလုပ် ပြီးဆုံးတဲ့အထိ လုပ်တော့တာပါ။
လောကီအလုပ်ပဲဖြစ်ဖြစ် ၊ လောကုတ္တရာအလုပ်ပဲလုပ်လုပ် “အဓိဋ္ဌာန်” ပါမှ လမ်းဆုံးအထိ လုပ်နိုင်မှာပါ။
ဒါနပဲပြုပြု၊ သီလပဲဆောက်တည်ဆောက်တည်၊ သမထပဲပွားပွား၊ ၀ိပဿနာပဲပွားပွား၊ အများကောင်းကျိုး ပရဟိတတွေပဲ ဆောင်ရွက်ဆောင်ရွက် အဓိဋ္ဌာန် ပါရမီမပါရင် ကိုယ့်ရဲ့ကုသိုလ်ဟာ အာရုံဆိုး တစ်ခုခုကြောင့် အဆုံးအထိ မရောက်ဘဲ ပျက်ပြားသွားတတ်ပါတယ်။
ပါရမီကုသိုလ်တွေ ဖြည့်ကျင့်နေတဲ့အခါမှာ ပါရမီမြောက်အောင် ပြုချင်တဲ့လူတစ်ယောက်အတွက် အဓိဋ္ဌာန်ပါရမီက သိပ်ကိုလိုအပ်တဲ့အတွက် ယခုလို နေ့ကြီးရက်ကြီးများမှ စတင်ကာ မိမိတို့ နိုင်ရာ ဂုဏ်တော်ရွတ်ခြင်း၊ ပုတီးစိပ်ခြင်း၊ သီလဆောက်တည်ခြင်း စသော ကောင်းမြတ်တဲ့ ကျင့်စဉ်များကို ယနေ့မှ စတင်ကာ ပြုလုပ်ကြပါရန် နှိုးဆော် အသိပေးအပ်ပါတယ်..။
♦ ပြုလုပ်ပုံ ♦
ဘုရားရှေ့မှာ အဓိဋ္ဌာန်မဝင်မီ မိမိကိုယ်ကို ကိုယ်လက် သန့်ရှင်းစေခြင်း၊
တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင် ရှိနေစေခြင်း၊
ဘုရားရှင်အား ပန်းနံ့သာ အမွှေးတိုင် ဖယောင်းတိုင် စသည်တို့ တင်လှူဆပ်ကပ်ခြင်း၊
ရိုသေစွာထိုင်ပြီး ဘုရားရှင်အား သြကာသ အစချီကာ ရှိခိုး၍၊ နိုင်ရာ (၅/၈/၁၀ -ပါး) သီလများကို ဆောက်တည်ခြင်း၊
တရားထိုင်ခြင်း၊
တရားမှတ်ခြင်းများကို အစဉ်တိုင်း ပြုလုပ်၍ “ အရှင်ဘုရား တပည့်တော်/မသည် ယနေ့မှ စတင်ကာ..
ဂုဏ်တော်ပွား/ ဂါထာရွတ်/ ပရိတ်ရွတ်/ ပဋ္ဌာန်းတော်တို့ကို အခေါက်ရေ (…)၊ ရွတ်ဖတ်ပူဇော်ပါမည်ဘုရား” လို့ မိမိနိုင်ရာ နှစ်သက်ရာများကို (တစ်ပါတ်ဖြစ်စေ၊ တစ်လဖြစ်စေ၊ တစ်နှစ်ဖြစ်စေ) အဓိဋ္ဌာန်ပြုရမယ်…
♦ အကျိုးတရားများ ♦
ကောင်းမှု မကောင်းမှု အလုပ်များတွင် အကြောင်းတရားရှိက အကျိုးတရားဟူသည် အရိပ်ပမာ နောက်မှ လိုက်ပါ လာလိမ့်မည်မှာ မလွဲပါ…။
ယခုလို အဓိဋ္ဌာန်ကောင်းမှုများကို ဖြည့်ကျင့်ရာမှာလည်း သမ္မာဒေဝ နတ်ကောင်း နတ်မြတ်များက စောင့်ရှောက်ကြမည့်အပြင်
တစ်စုံတစ်ခုသော အခက်အခဲကြုံပါက မိမိ ယခုပြုလုပ်ခဲ့သော အဓိဋ္ဌာန်ကို အာရုံပြု၍ “အရှင်ဘုရား တပည့်တော်သည် ဘယ်ရက် ဘယ်နေ့မှ စတင်ကာ (တစ်ပါတ်၊တစ်လ၊ တစ်နှစ်တိုင်အောင်) အဓိဋ္ဌာန် ဂုဏ်တော်ရွတ်၊ ပုတီးစိပ်၊ ပဋ္ဌာန်း ရွတ်ဖတ်ခဲ့ပါသည်ဘုရား… ဤမှန်သော သစ္စာစကားကြောင့် တပည့်တော်၏ ကြံတွေ့နေရသော အခက်အခဲ ဒုက္ခများမှ လွတ်မြောက်ရပါလို၏ အရှင်ဘုရား” လို့ မှန်သော သစ္စာစကားကိုသာ ပြောဆိုလိုက်ပါ.. ကြုံတွေ့နေရသော အခက်အခဲများ ပိန်းကြာရွက်မှာ ရေမတင်ကဲ့သို့ လျောကျ ပျောက်ကွယ်သွားမည် ဖြစ်ပါသည်လို့ စာဖတ်သူအကျိုး မျှော်ကိုး၍ ရေးသားလိုက်ရပါသည်…။
အရှင်ဇောတိ (နံ့သာနီ)

0 Comments