Advertisement

Responsive Advertisement

အမေညာတယ်..


အမေ ဘာလိုလဲ ပြော
ရပါတယ်သားရယ် အမေ့မှာ ပြည့်စုံပါတယ်..

အမေဘာစားချင်လဲ
ရပါတယ်သားရယ် အမေရင်ပြည့်နေလို့..


အမေ ဘယ်သွားမလဲ
ရပါတယ်သားရယ် အိမ်မှာပဲ အေးအေးနေချင်တယ်..

အင်းပေါ့လေ အမေက ခုတော့ သားသမီးတွေကို ညာတတ်ပြီပေါ့
တချိန်က..
အစားကောင်းတွေကြိုက်တတ်တဲ့ အမေ
အကောင်းစားတွေကိုမှ ဝတ်ချင်တဲ့ အမေ
အလှအပတွေ အရမ်းမက်တဲ့ အမေ..
ခုတော့ သားသမီးတွေရလာတဲ့နောက်ပိုင်း အာဟာရသိဒ္ဓိပြီးသွားတဲ့ သူတစ်ယောက်လို ဟိုဟာမစားချင် ဒီဟာမစားချင်နဲ့ပေါ့..

တစ်ခါတလေ အိမ်မှာ ကြက်သားဟင်းလေးချက်တဲ့ရက် အမေက သားသမီးတွေမစားတဲ့ ကြက်ရိုးလေးမှ ကြိုက်တယ်တဲ့..
ဝက်သားဆိုရင်လည်း ငါ့အတွက် အဆီဖတ်ပဲ ထည့်နော
ငါက အသားမကြိုက်ဘူး
ဟုတ်ရဲ့လား အမေရယ်..

အမေငယ်ငယ်က အကြောင်းတွေ သားတို့ကိုပြောဘူးတယ်လေ..
ပျိုတုန်းကတဲ့.. အဖွားအိမ်မှာနေရငဟင်းဆိုရင်လည်း အဆီပြန်နေမှ၊ အဝတ်ဆိုရင်လည်း ခေါက်ချိုးရာ ထင်မှ ဝတ်တာဆို… ဖိနပ်ကအစ.. အနည်းဆုံး သုံးရန်အထက်မှာ ရှိတယ်တဲ့..

အခုတော့ဖြင့် .. အားလုံးဟာ ပြောင်းပြန်ဖြစ်သွားတယ်ဆိုတာ သားမယုံဘူးအမေ..

အဖေမရှိတော့တဲ့နောက်ပိုင်း သားတို့ မောင်နှမသုံးယောက်ကို နေပူမရှောင် မိုးရွာမရှောင် လုပ်ကျွေးခဲ့တာ အမေပါ
မိုးတွေက သဲသဲမည်းမည်းနဲ့ တစ်နေလုံးရွာနေသော်လည်း မုန့်နှစ်အိုးကို ခေါင်းပေါ်ရွက်၊ ဗူးသီး ကြက်သွန်နဲ့ တန်ဆာပလအပြည့်ထည့်ထားတဲ့ တောင်းကို ခါးစောင်းမှာတင်ပြီး.. မိုးအရွာမှာ အမိုးဗလာနဲ့ လျှေက်လှမ်းနေတဲ့အမေ..

ဖွေးဖွေးနုတဲ့ ခြေအစုံနဲ့ လေအဟုန်ကိုခွင်း ကျောက်ခင်းလမ်းကြမ်းကိုနင်းပြီး ရပ်ကွက်ထဲ ထင်းလိုက်ရောင်းနေတာလည်း အမေ..

ဒီဇင်ဘာလ အေးမြတဲ့ မနက်ခင်းဒါဏ်ကို အံတုလို့ တစ်ပါးသူ ရန်ပြုမယ့်အရေးကိုပင် အမှတ်မထား လမ်းဘေးမှာ ဘန်းကလေးချပြီး.. မုန့်ဟင်းခါးရောင်းနေတာလည်း အမေ။

နေထွက်မှ နေဝင် မိမိသိက္ခာမငဲ့ သားသမီးတို့ ရိက္ခာအတွက် ကွမ်းယာရောင်းနေရတာလည်း အမေ..

မဆလာဘန်းရွက်ပြီး အုပ်ခဲတွေတသီကြီးနှင့် မနိုင်တနိုင် လျှောက်လှမ်းနေတဲ့ ပန်းရံဆိုဒ်ထဲမှာလည်း အမေ..

အမေတစ်ယောက် အလုပ်တွေစုံပေမယ့်လို့ ညနေတိုင်း အကြွေးရှင်တွေကို မျက်နှာချိုသွေးနေရတာလည်း အမေ..

အမေ့မှာ သားတို့ကို ပေးနိုင်တဲ့ နွေးထွေးတဲ့ မေတ္တာတွေရှိသလို.. နေ့ပြန်အတိုးတွေကလည်း လည်ပင်းမကအောင် ရှိတာလည်း အမေ..

တနေကုန်ပင်ပန်းပေမယ့် သားတို့နဲ့တွေ့ရင် ရင်ထဲမှာ ရွှင်လန်းစွာဖြင့်
အပြုံးမပျက် ဆုံးမလျက်ရှိတာလည်း အမေ..


အမေ့ကို သားချစ်တယ်..
အမေဟာ သားတို့အတွက် အားဆေးတစ်ခွက်ပါ
အမေက အတန်းပညာမတတ်ပေမယ့်.. သားတို့ကို လူ့လောကကြီးထဲမှာ လူတန်းစေ့ နေနိုင် စားနိုင် ပညာတွေ သင်နိုင်အောင် ပြုစုပေးနိုင်ခဲ့တယ်..

ညအိပ်ရာဝင်ရင် သရဏဂုံ သုံးပါးကို  သားငယ်စဉ် နှစ်နှစ်အရွယ်ကတည်းက ရခဲ့တာလည်း အမေသင်ပေးလို့ပါ

မပီကလာ ပီကလာနဲ့ သြကာသရွတ်တတ်ခဲ့တာလည်း အမေ့ကြောင့်ပါဘဲ
ဒီစာကို ရေးနေရတဲ့အချိန်မှာ သား အမေ့ကို အရမ်းလွမ်းမိတယ်
အမေနေကောင်းပါစေလို့လည်း အဝေးတစ်နေရာမှ သား တောင်းဆုပြုလိုက်ပါတယ် အမေ..
သားတို့ကိုချစ်ရင် မညာပါနဲ့တော့ အမေရယ်…

အရှင်ဇောတိ (နံ့သာနီ)





Post a Comment

0 Comments