Advertisement

Responsive Advertisement

ရှေ့သိုသာသနာ ငဲ့ကြည့်ပါ


မင်္ဂလာပါ ဦးဇင်းဘုရား…’
အေး အေး .. မင်္ဂလာပါကွယ်..’
ဘယ်ကလှည့်လာတုန်း ဒကာမကြီး..’
တပည့်တော် ဈေးလာရင်းနဲ့ ကျောင်းလည်း မရောက်တာကြာလို့ ဝင်ခဲ့တာပါဘုရား…’
ကောင်းတာပေါ့ကျောင်းမှာလည်း လကုန်ပြီး / ရက်နေ့တွေမှာ ဆရာတော် ဦးဆေကိန္ဒတရားပွဲ ရှိတယ်လေ.. လာခဲ့ပေါ့.. '

တင်ပါ့ဘုရား.. ဝေယျာဝစ္စတော့ လုပ်ပေးပါ့မယ်ဘုရားဆရာတော်ကိုတော့ မကန်တော့ချင်ပါဘူးဘုရား..
'ဟင် !! .. ဘာလို့လဲကွဲ့ '
အဲ့ဒီဆရာတော် သတင်းတွေကိုကြားထားလို့ပါ…’
ဆိုစမ်းပါဦး.. ဘာသတင်းတွေများပါလိမ့် …’
တခြားမဟုတ်ပါဘူးအဲ့ဒီဆရာတော်က မာနကြီးတယ်တဲ့၊ နောက်ပြီး.. သူ့ကိုကိုးကွယ်တဲ့ ဒကာတွေကိုလည်း လူရှေ့သူရှေ့နဲ့ လေယာဉ်ကွင်း၊ကားဂိတ်မရှောင် ထိုင်ထ လုပ်ခိုင်းတာတွေ၊ မာန်မဲတာတွေ၊ ဟောက်တာတွေ လုပ်တယ်လို့ သူ့နောက်လိုက်တဲ့ သူတွေပြောလို့ သိပြီး မဖူးချင်တာပါဘုရား…’
သြော်ဖြစ်ရလေ ဒကာမရယ်အမှားကြာတော့ အမှန်ထင်နေပြီပေါ့အမှန်မှာ ဒကာမကြီးက မင်းလိုလိုက် မင်းကြိုက်ဆောင်၊ ဒကာအကြိုက်လိုက်နေတဲ့ ဆရာမိုက်တွေကိုသာ သူ့ဘဝမှာ မြင်ဘူးတွေ့ဘူးတော့ ခုလို ဒကာမျက်နှာ မထောက် သာသနာတွက်ကိုသာ ကြည့်လေ့ရှိတဲ့ ဆရာတော်နဲ့လည်းတွေ့ရော အတင်းကို ငြင်းဆန်နေတော့တာကိုး..
ပြောမယ့်သာပြောရတယ် ယနေ့ခေတ် သာသနာကြီးကလည်း လှူမယ့်တန်းမယ့် ဒကာတွေဆိုရင် ဘုန်းကြီးတွေက စကားပြောတာကအစ ပြုံးလို့ ချိုလို့၊ ဆွမ်းကျန်ကွမ်းကျန် တောင်းစားမယ့် လူဆိုရင် အခန်းတံခါးပိတ် ဂျိတ်။  အဲ့လိုလူတွေအသာထား.. အာဂန္တုရဟန်းတွေများ ကိုယ့်ကျောင်းမှာ တစ်ညလောက် တည်းဖို့ ကြွလာပြီဆိုရင် အကြွေးရှင်မျက်နှာထားနဲ့ စုံလင်အောင် မေးပြီးမှ တစ်ည အိပ်ခွင့်ပေးတယ်.. ဒါတောင် အကြောင်းအမျိုးမျိုးကြောင့် တစ်ညမလောက်လို့ နှစ်ညတိုးပြီး ခွင့်တောင်းရင်  (ကိုယ်တော်က စကားကိုအမျိုးမျိုးပြောတယ် မရဘူး တစ်ညဆို တစ်ညပဲတခြားကျောင်းသွားပြီး နေ.. ဒါပဲ..)
ဆိုတဲ့ ကျောင်းထိုင်ဘုန်းကြီးတွေကိုလည်း တွေ့ဘူးတော့.. အင်း.. ဒကာမပြောလည်း ပြောစရာပဲလေ
ဘုန်းကြီးအများစုကိုယ်က မျက်နှာကြီးရာ ဟင်းဖတ်ပါနေကြပြီကိုး

ဒါကြောင့်လည်း သာသနာမှာ အာဝဇ္ဇန်း ကောင်းကောင်းနဲ့ ဗေဒင်ဟော ဆေးကုနေတဲ့ ဘုန်းကြီးများသာ ကြီးပွားတိုးတတ်ပြီး ကြည်ညိုသူ ဒကာတွေ တရုန်းရုန်းနဲ့ ဖြစ်နေကြတာ.. ရလာတဲ့ ပစ္စည်းတွေ  (စားသောက်မကုန်တာတွေ)   ကိုလည်းကျောင်းနေ သံဃာများကို မစွန့်ကျဲဘဲ.. ကျောင်းကိုလာတဲ့ ဒကာတွေကိုသာ ထောင်မြင်လို့ ရာစွန့်တဲ့ သဘောနဲ့ ပေးကမ်းနေကြလေရဲ့..
အဲဒီလိုပုဂ္ဂိုလ်တွေကို ဘုရားရှင်က သုတ္တံတစ်ခုမှာ သူခိုးအကြီးစားတွေလို့ တင်စားခဲ့တယ်..
ဒါမျိုးတွေ သာသနာမှာ များလာရင် ရှေ့ဆက်ရမယ့် သာသနာ့အရေး ရင်လေးရသလို.. ကိုးကွယ်ရာ ဒကာတွေမှာလည်း လမ်းမှန်ပျောက်လို့ လမ်းမှား ရောက်ရပေလိမ့်မယ်
ဒီအရေးတွေကို မြင်တော်မူလို့ မြတ်စွာဘုရားရှင်က ဝိနည်းပိဋကတ်တော် သံဃာဒိသိသ်ထဲမှာ ရဟန်းတော်များသည် ကိုးကွယ်သူ ဒါယကာ၊ ဒါယိကာမ တို့၏ စစ်မှန်သော သဒ္ဓါတရားကို မဖျက်ဆီးရ ဆိုတဲ့ (ကုလဒူသက) သိက္ခာပုဒ်တော်ကို ပဉတ်ခဲ့ခြင်းဖြစ်ပါတယ်..
[ကုလဒူသန () မျိုးမှာ - ဒါယိကာ/ များအား
- ပန်းပေးခြင်း၊
- သစ်သီးပေးခြင်း၊
- ဆပ်ဟြပေးခြင်း၊
- အင်္ဂတေပေးခြင်း (ဘိလပ်မြေ၊ ထုံး၊ သဲ၊ အုတ်)
- ဒန်ပူပေးခြင်း၊
- သစ် ဝါးတို့ကိုပေးခြင်း၊
- ဆေးကုခြင်း (ဗေဒင်ဟော၊ ဓာတ်ရိုက် ဓာတ်ဆင်၊ အင်းအိုင်၊ ခါးလှဲ့၊ လက်ဖွဲ့)
- လူတို့၏အစေပါးခံ သတင်းစကားပေးပို့ခြင်း စသည်တို့ ဖြစ်ပါတယ်..
ဒီသိက္ခာပုဒ်ကို ပစ်မှားတဲ့ ရဟန်းများဟာ ပါရာဇိက ပြီးရင် ဒုတိယအကြီးဆုံးဖြစ်လို့ သိမ်ထဲမှာ သံဃာတော် အပါး ၂၀ ရှိမှ ဖြေဖျောက်လို့ ရတယ်..

တပည့်တော်တစ်ခုလောက် မေးပါရစေဘုရား..
 ပိုလျံတဲ့ပစ္စည်းတွေကို စွန့်ကျဲပေးကမ်းခြင်းဟာလည်း ဒါနကုသိုလ်ဖြစ်ရဲ့သားနဲ့ ဘာကြောင့်များ သဒ္ဓါတရားကို ဖျက်ဆီးသူ ဖြစ်ရတာလဲဘုရား ?’
ဒီမေးခွန်းကို မေးလည်း မေးထိုက်ပါတယ်..
ဘာကြောင့် စစ်မှန်သော သဒ္ဓါတရားကို မဖျက်ဆီးရဘူးလို့ ဟောထားလဲဆိုရင်.. ဒကာတစ်ယောက်ဟာ ကျောင်းကို လာတုန်းကတော့ သံဃာတော်တွေကို ဆွမ်းကပ်မယ်ဆိုတဲ့ ဖြူစင်တဲ့ စိတ်ဆန္ဒနဲ့ လာခဲ့တာပါ သို့သော်လည်း ကျောင်းက ကိုယ်တော်တစ်ပါးက သူ့ကို မုန့်တွေ သစ်သီးတွေ ကျွေးလိုက်တဲ့အတွက် နောက်တစ်ကြိမ် ကျောင်းကိုလာတဲ့အခါ အရင်တစ်ခါ မုန့်ကျွေးဘူးတဲ့ ကိုယ်တော်ကိုမှ ရှာပြီး ဆွမ်းကပ်ပါတော့တယ်.. သူ့ရဲ့ရင်ထဲက စစ်မှန်တဲ့ သဒ္ဓါတရားလေးပျောက်ပြီး ဆန္ဒာဂတိဆိုတဲ့ အဂတိလိုက်လို့ ကိုယ်ခင်တဲ့၊ ကိုယ်ကိုမုန့်ကျွေးတဲ့ ကိုယ်တော်ကိုမှ ဆွမ်းကပ်ချင်တယ်ဆိုတဲ့ စိတ်ကလေး ဖြစ်လာတယ်.. ဒါဟာ ဖြူစင်တဲ့ သဒ္ဓါတရားကို အရောင်ဆိုးခံလိုက်ရခြင်း ဖြစ်တယ်..
သူ့ရဲ့ရလာဘ်ကမျိုးစေ့မမှန် ပင်မသန်၊ ဖူးတံငုံကင်း အသီးဖျင်းဆိုသလို လှူပေမယ့်လည်း အကျိုးမမြောက် မပြီးပေါက်လို့၊ ကုန်တာသာရှိ အကျိုးနည်း၏ လို့ ဆိုရမှာပါ

ဆရာတော်က အဲ့ဒီလိုမရှိဘူး..
ဦးဇင်းကိုယ်တိုင်လည်း ဆရာတော် ငယ်စဉ်က ပညာသင်ကြားခဲ့တဲ့ တောင်စွန်း ဓမ္မဒူတမှာ စာသင်ခဲ့ဘူးလို့ ဆရာတော်ရဲ့အကြောင်းတွေကို အတော်အတန် သိထားတယ်.. ဆရာတော်ဟာ ကျေးဇူးတရားကိုလည်း အလွန်သိတတ်သူဖြစ်တယ်.. နှစ်စဉ်နှစ်တိုင်းလည်း မိမိပညာသင်ခဲ့ရာ တောင်စွန်းဓမ္မဒူတမှာ မွေးရပ်မြေမြတ် ကျေးဇူးဆပ်ဆိုတဲ့ ခေါင်းစဉ်နဲ့ တရားပွဲတွေ (၁၀) လောက် နှစ်တိုင်း ကျင်းပပေးသလို ကျောင်းတိုက်မှာ ရှိတဲ့ စာသင်းသား သံဃာတော်တွေကိုလည်း သိုးမွှေးစောင်၊ ခြင်ထောင်များ လှူခြင်း၊ စာအုပ်၊ ဘောပင်နှင့် စာရေးကိရိယာများ လှူခြင်း၊ ဓမ္မဒူတဆရာတော်ကြီး၏ နှစ်ပတ်လည်ပွဲကိုလည်း နှစ်စဉ် ဦးစီးဦးရွက် ကျင်းပပေးခြင်း၊ စာသင်သား သံဃာတော်အပါး (၂၀၀) ကျော်ကိုလည်း မှော်ဘီမြို့ရှိ ဓမ္မဒူတ ဇေတဝန် ကျောင်းတိုက်သို့ ပင့်ဆောင်၍ သင်္ကန်းဝတ္ထု စသော လှူဖွယ်များကို နှစ်စဉ်မပျက် လှူဒါန်းခြင်းနှင့်
တောင်စွန်းရွာသို့ ကြွရောက်ခိုက် စာသင်သံဃာတော် အပါး (၂၀၀)ကျော်ကို ဦးဆောင်၍ တောင်စွန်းရွာတွင်းသို့ ဆွမ်းခံ ကြွခြင်း စသော အမှုများကို သဒ္ဓါတရား ထက်သန်စွာနှင့် ဦးဆောင်ဦးရွက် ပြုလုပ်လာခဲ့တာ နှစ်စဉ်လိုလိုပင် ဖြစ်ပါတယ်.. ဆွမ်းခံကြွခြင်း စသော ဒီလိုအပြုအမူမျိုးဟာ နိုင်ငံကျော်ဆရာတော်တစ်ပါးအနေနဲ့ အလွန်ပြုနိုင်ခဲတဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်..

သာသနာနှင့် ပတ်သက်လာလျှင်လည်း မညှာပါဘူး..
နောက်လိုက် ဒကာများအား ထိုင်ထလုပ်ခိုင်းတာကို မဆိုထားနဲ့ မိမိ၏ ခမည်းတော်ကြီးကိုပင် မောင်းထုတ်ခဲ့တဲ့ အဖြစ်ရှိခဲ့ဘူးတယ်..

မိန့်ပါဦးဘုရား..
တခါက ကျောင်းသို့ ဆရာတော်၏ ခမည်းတော်ကြီး ရောက်နေခိုက် ညဦးပိုင်းအချိန် သောက်လက်စ ရေနွေးကုန်လို့ အနီးရှိ ကိုရင်ငယ်အား ရေနွေး ခပ်ခိုင်းခဲ့ခြင်းကို အကြောင်းပြုလို့ ဆရာတော်သိသွားပြီး ခမည်းတော်ကြီးကို ညတွင်းခြင်းပဲ ပြန်ခိုင်းခဲ့တယ်..
ဒီလုပ်ရပ်ဟာ နိုင်ငံတော် သံဃရာဇာ ဆရာတော်ကြီးတွေတောင် ပြုနိုင်ခဲ လုပ်နိုင်ခဲတဲ့ လုပ်ရပ်ဖြစ်ပါတယ်..
ဒီအကြောင်းနဲ့ ပတ်သက်လို့
လောကမှာ လူပုဂ္ဂိုလ်များ
ရဟန်းပြုရခြင်း၏ ရည်ရွယ်ချက် ()ချက်ရှိတယ်..
ဘာတွေလည်းဆိုတော့

- ကြွေးထူနေသောကြောင့် ရဟန်းပြုခြင်း၊ 
- ရာဇ၀တ် ပြစ်မှုကို ရှောင်တိမ်း၍ နေလိုသောကြောင့် ရဟန်းပြုခြင်း၊ 
- သာမဏေဘ၀နှင့် နေရာမှ အသက်ကြီး၍ (လုပ်ကိုင်စားရမှာပျင်း၍) ရဟန်းပြုခြင်း၊
- သဒ္ဓါတရားအလျောက် ရဟန်းပြုခြင်း၊
- ပညာ လိုလားသောကြောင့် ရဟန်းပြုခြင်းဟု ငါးမျိုး ရှိတယ်..
ဆရာတော်ကတော့ နံပါတ် ၄/၅ ထဲကပဲ ဖြစ်တယ်ဆိုတာ ဆရာတော်ရဲ့ အတ္ထုပ္ပတ္တိကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်..

တင်ပါ့ဘုရား.. ဦးဇင်းရှင်းပြမှပဲ တပည့်တော်လည်း ဆရာတော်အပေါ်မှာ ကြည်ညိုစိတ်တွေ တိုးလို့ ဖြစ်မိပါတယ်ဘုရား..
ဆရာတော်ကြွလာရင်လည်း တပည်တော်မ လာရောက် ကန်တော့ပါ့မည်လို့ ကတိပြုပါတယ်ဘုရား…’

အေးကွယ်.. သာဓု သာဓု သာဓုပါ..
ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာပါစေကွယ်



အရှင်ဇောတိ (နံ့သာနီ) 27.6.2016

Post a Comment

0 Comments