အလှူဒါန ရွေးချယ်နည်း

မြတ်စွာ လက်ထက်တော်အခါက အကာလညအခါ ရဟန်းတော်များစဲလို့  နတ်ဗြဟ္မာများတရားပွဲစတော့ နတ်သားတစ်ယောက်က လျှောက်ထားတယ်။ အရှင်ဘုရား သံသရာခရီးမပြတ်သေးလို့  ခရီးသွားရလို့ ရှိရင် အားအင်ဗလနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ချင်တယ်၊ ဖြစ်ရာဘ၀မှာ ရုပ်ရည်အဆင်းနဲ့ ပြည့်စုံတဲ့သူလည်းဖြစ်ချင်ပါတယ်။ ဖြစ်တဲ့ဘ၀မှာ ချမ်းသာသုခနဲ့ ပြည့်စုံတဲ့သူလည်း ဖြစ်ချင်တယ်။ ဖြစ်တဲ့ဘ၀မှာ မျက်စိအမြင်ကြည်လင်သန့် ရှင်းခြင်းနဲ့ ပြည့်စုံတဲ့သူဖြစ်ချင်တယ်။ ဖြစ်တဲ့ဘ၀မှာ ထိုလေးမျိုးလုံးနဲ့ ပြည့်စုံတဲ့သူဖြစ်ချင်ပါတယ်ဘုရား။ ၁) မြတ်စွာဘုရား ..ဘယ်လိုအလှူ ပေးလှူသောသူသည် ခွန်အားဗလ ပေးလှူသောသူ ဖြစ်ပါသနည်းဘုရား။ ၂) ဘယ်လိုအလှူပေးလှူသောသူသည် အဆင်းကို ပေးလှူသောသူ ဖြစ်ပါသနည်းဘုရား။ ၃) ဘယ်လိုအလှူပေးလှူသောသူသည် ချမ်းသာသုခကို ပေးလှူသောသူဖြစ်ပါသနည်းဘုရား။ ၄) ဘယ်လိုအလှူပေးလှူသောပုဂ္ဂိုလ်သည် မျက်စိအမြင်ပေးလှူသောသူ ဖြစ်ပါသနည်းဘုရား။ ၅) ဘယ်လိုအလှူပေးလှူသောပုဂ္ဂိုလ်သည် ခွန်အားဗလ၊အဆင်း၊ချမ်းသာသုခ၊မျက်စိအမြင် အလုံးစုံလေးမျိုးသော အလှူတို့ ကို ပေးလှူသူ ဖြစ်ပါသနည်းဘုရား။ အဲဒီလိုမေးမြန်းတဲ့အခါ မြတ်စွာဘုရားရှင်က ဒါယကာ နတ်သား - ၁) ဆွမ်းအလှူကို ပေးလှူသောပုဂ္ဂိုလ်သည် ခွန်အားဗလကို ပေးလှူသောသူမည်၏။ (ဗလဒါန လှူချင်ရင် ဆွမ်းများလှူရတယ်) ၂) အ၀တ်သင်္ကန်းလှူဒါန်းသောပုဂ္ဂိုလ်သည် အဆင်းကို ပေးလှူသောသူမည်၏။ (အဆင်းလှချင်ရင် ၀ဏ္ဏဒါနလှူချင်ရင် အ၀တ်သင်္ကန်းများ လှူဒါန်းရတယ်) ၃) ယာဉ်အလှူပေးလှူသော ပုဂ္ဂိုလ်သည် ချမ်းသာသုခပေးလှူသောသူ မည်၏။ (ဘယ်လိုဟာကို ရဟန်းတော်များအဖို့ ယာဉ်ခေါ်တုန်းဆိုတော့ ရဟန်းတော်များကို မော်တော်ယာဉ်ကြီးလှူရမယ်၊ မော်တော်ဘုတ်ကြီးလှူရမယ် ဒီလို မဟုတ်ပါဘူး။ ထီးရယ် ဖိနပ်နယ် ဒါ ရဟန်းတော်များရဲ့ ယာဉ်ပါပဲ။ ဒါကြောင့် ချမ်းသာသုခရချင်ရင်၊ ချမ်းသာသုခအလှူ လှူချင်ရင် ယာဉ်အလှူ(ထီး၊ဖိနပ်) ကိုလှူရတယ်၊ ချမ်းချမ်းသာသာသွားလာရလို့  ယာန - ယာဉ်လို့ ခေါ်ရပါတယ်) ၄) ဆီမီးအလှူပေးလှူသော ပုဂ္ဂိုလ်သည် မျက်စိအမြင်ပေးလှူသော သူမည်၏။ (ပဿာဒစက္ခုကောင်းခြင်း၊ ဥာဏစက္ခုကောင်းခြင်း ဆိုတဲ့ ဥာဏ်ပညာမျက်စိ၊ ပကတိမျက်စိ မျက်စိနှစ်မျိုးကောင်းချင်တယ်ဆိုလို့ ရှိရင် ဆီမီးအလှူကို လှူရတယ်။ မီးမရှိရင် မျက်စိဘယ်လောက်ကောင်းကောင်း ဘာမှ မမြင်နိုင်ဘူး။ ဒါကြောင့် မီးအလင်းရောင်သည် မျက်စိအမြင်ကို ပေးတတ်တဲ့အတွက် ဆီမီးအလှူကို ပေးလှူရတယ်) ၅) ဒါယကာ နတ်သား၊ အကြင်သူသည် အနည်းဆုံးလေးတိုင်စင်ဖြင့် တည်ဆောက်သည့် သံဃိကအဆောက်အဦး ကျောင်းသင်္ခန်းကို ပေးလှူ၏၊ ထိုကျောင်းအလှူ လှူဒါန်းသူသည်ကား ထိုလေးပါးလုံး လှူဒါန်းသူမည်၏။ (လေးမျိုးလုံးကို အလှူတစ်ခုတည်းနဲ့  သဗ္ဗဒါနဖြစ်အောင် လှူချင်ရင် အရိပ်သင်္ခန်း ကမ္မဋ္ဌာန်း ကျောင်းကလေးများ၊ စတုဒိသာ ဇရပ်ကလေးများ လှူဒါန်းရတယ်၊ ဘာလို့ လဲ- ကျောင်းအဆောက်အဦးထဲ ၀င်လိုက်တာနဲ့  ခွန်အားဗလလည်း ပြည့်လာတယ်၊ အဆင်းလည်း တင့်တယ် တယ်၊ ချမ်းသာသုခလည်း ရတယ်၊ နွေရာသီနေပူလို့ မကြည့်နိုင်သောလည်း ကျောင်းဇရပ်ထဲမှာ နေလိုက်တော့ မျက်စိအမြင်လည်း ကြည်လင်လာတယ်) (မင်းကွန်းဆရာတော်ဘုရားကြီး ဟောကြားတော်မူသော မဟောသဓဇာတ်တော် မှ)
0 Comments