Advertisement

Responsive Advertisement

" အစွမ်းထက် ပရိတ်,ပဋ္ဌာန်း ရွတ်ဖတ်နည်း "




ဦးဇင်းတို့ ဗုဒ္ဓဘာသာ အများစုဟာ နေ့စဉ်သာ ဘုန်းကြီးကျောင်းနဲ့ ဘုရားတွေကို မရောက် ရှိရမယ်.. မိမိတို့ အိမ်မှာတော့ ဘုရားရှိခိုးခြင်း ပုတီးစိပ်ခြင်းနဲ့ ဂုဏ်တော်တရား ပဋ္ဌာန်းများကို ရွတ်ဖတ် ပူဇော်လေ့ ရှိကြတယ်..။

ဒီလို မိမိသဒ္ဒါတရားဖြင့် နိုင်ရာနိုင်ရာ ရွတ်ဖတ်ကြသော်လည်း ရွတ်နည်းဖတ်နည်းတို့ မတူသည့် အားလျှော်စွာ အကျိုးပေးများဟာလည်း ကွာခြားကြတယ်..

ဒီအချက်တွေကို ကြည့်ပြီး
ယခု ဦးဇင်းက ပရိတ်ပဋ္ဌာန်းကို အကျိုးရှိအောင် ရွတ်ဖတ်နည်းလေးကို မျှဝေလိုက်ရခြင်း ဖြစ်ပါတယ်…
ပရိတ်ပဋ္ဌာန်းရွတ်တဲ့အခါ ဒိဋ္ဌဓမ္မ ဒီဘဝမှာပဲ အကျိုးပေးအောင်
စံချိန်ကိုက်ရွတ်ဖတ်နည်း (၄)နည်းရှိပါတယ်..  
(၁) ခန္ဓာကိုယ်သန့်ရှင်းစေရမည်။
ပဋ္ဌာန်းရွတ်ဖတ်လျှင် အနီးနားရှိ နတ်ဗြဟ္မာများ တရားနာလာကြသည်။ပဋ္ဌာန်းရွတ်ဖတ်သူက နံစော်နေပါလျှင် ပဋ္ဌာန်းတရားနာသည့် နတ်ဗြဟ္မာတို့က နှာခေါင်းရှုံ့သွားပြီး ပြန်သွားကြသည်။
သို့အတွက် ခန္ဓာကိုယ်သန့်ရှင်းပါစေ။ ချွေးစော် ချေးညှိစော် မနံပါစေနှင့်။
(၂) အချိန်မှန်မှန် ရွတ်ဖတ်ရမည်။
ပဋ္ဌာန်းရွတ်ဖတ်ပါ များလျှင် နတ်ဗြဟ္မာတို့ တရားနာလာကြသည် အချိန်ကိုမှတ်ထားပြီး ည ၈-နာရီ ၊ ၉-နာရီ စသည်ဖြင့် အချိန်မှတ်ပြီး လာကြသည်။ အခြားမြို့ရွာတို့မှ နတ်ဗြဟ္မာတို့ကို၎င်း ၊ အခြားတိုင်းပြည် အခြား စင်္ကြာဝဠာမှ နတ်ဗြဟ္မာတို့ကို၎င်း ၊ခေါ်လာတတ်ကြသည်။၎င်း နတ်ဗြဟ္မာတို့ တရားနာရန် လာချိန်၌ ပဋ္ဌာန်းရွတ်ဖတ်သူက ပဋ္ဌာန်းမရွတ်ပဲ ဟိုလုပ် ဒီလုပ် လုပ်နေလျှင် ၄င်း နတ်ဗြဟ္မာများ စိတ်ပျက်ပြီး ပြန်သွားကြလေသည်။
(၃) ပီပီသသ အသံကျယ်ကျယ်ရွတ်ဖတ်ရမည်။
တိုးတိုးလေး ဆီမန်း မန်းသလို ရွတ်ဖတ်လျှင် တရားနားနတ်ဗြဟ္မာများ နာ၍အားမရ နားမလည်၍ စိတ်တိုပြီး ပြန်သွားတတ်ကြသည်။
(၄)ပြီးလျှင် အမျှဝေ မေတ္တာပွားရမည်။
ပဋ္ဌာန်းရွတ်ဖတ်ပြီးလျှင် ပဋ္ဌာန်းတရားနာရန် ကြွရောက်လာကြသည့် နတ်ဗြဟ္မာအပေါင်းတို့အား၎င်း၊ မြင်အပ်မမြင်အပ် သတ္တဝါအပေါင်းတို့အား၎င်း၊ သက်ရှိထင်ရှား မထင်ရှားသော မိဘနှစ်ပါးနှင့်တကွ ဆွေမျိုးများအား၎င်း၊ ပစ္စည်းလေးပါး ဒါယကာများနှင့် ဝေယျဝစ္စ ကုသိုလ်ရှင်များအား၎င်း မိမိအား ကျေးဇူးရှိဘူးသော ကျေးဇူးရှင် ခင်ပွန်းကြီးဆယ်ပါး စသည်တို့ကို မေတ္တာပို့ အမျှဝေရာ၏။
ဒါမှသာ …. ပရိတ် ပဋ္ဌာန်း၏ အကျိုးကျေးဇူးကို ဒိဋ္ဌလက်ငင်း ရနို်င်မည်ဖြစ်ပါသည်လို့ ဆန္ဒပြု တိုက်တွန်းလိုက်ရပါသည်…။
အရှင်ဇောတိ (နံ့သာနီ)



Post a Comment

0 Comments