Advertisement

Responsive Advertisement

"မြန်မာစာပေ ရေးနည်း ဂုဏ် (၁၀) ပါး"


ဂုဏ် ဆယ်ပါးအကြောင်းကို ပြောရမည်ဆိုလျှင် ဂုဏ်တွေက စာအရေးအသားကို လေ့လာရာမှာ ရေးသားရာမှာ စကားအသုံးအနှုန်းတွေကို ပြေပြစ်အောင် တန်ဆာဆင်တဲ့ အဆင်တန်ဆာများလည်း ဖြစ်ကြတယ်..။

ပါဠိလို 'သဒ္ဒါလင်္ကာရ'လို့ ခေါ်ပြီး မြန်မာလို 'စကားတန်ဆာ'လို့ခေါ်တယ်..  
စကားကို တန်ဆာဆင် လို့ စကားတန်ဆာ လို့လည်း ခေါ်ကြပြန်တယ်..။  ၎င်းဂုဏ်ဆယ်ပါးမှာ..

၁။ ပသာဒဂုဏ်
စကားအစပ်နီး၍ သိလွယ်သော အနက်အဓိပ္ပါယ်ရှိသဖြင့် ကြည်ညိုဖွယ်ရှိသော ဂုဏ်။
(စကားအဆက်အစပ် ရှင်းလင်းပြီး အဓိပ္ပါယ်သိလွယ်စေတာ။)

၂။ သြဇာဂုဏ်
(က) ဝိဘတ် အဆုံးမထင်ခြင်း၊
(ခ) အကျယ်ကိုအကျဉ်း
(ဂ) အကျဉ်းကိုအကျယ် ရေးစပ်သော ဂုဏ်..။
(စကားကို အနှစ်သာရရှိအောင် အကျဉ်းချုံးပြီးရေးတာ,အကျယ်ချဲ့ ပြီးရေးတာ။)

၃။ မဓုရတာဂုဏ်
(က) အသံထူပုဒ်ခြင်းနီးသော ပဒါသတ္တိ၊
(ခ) အက္ခရာတူ အထပ်ထပ်ဆိုသော အနုပ္ပါယအားဖြင့် နား၏တန်ဆာ ချိုသာဖွယ်ရှိသော ဂုဏ်။
(အသံတူတဲ့ အက္ခရာချည်း နီးနီးကပ်ကပ်ထားပြီး အသံချိုသာအောင် ရေးတာ။)

၎။သမတာဂုဏ်
လျှော့သောအသံဖြင့် ရွတ်ဖတ်ရသော က ဂ င စ ဇ ည ဋ ဍ ဏ တ ဒ န ပ ဗ မ ယ ရ လ ဝ  သ ဟ ဠ အ ဟူသော သိထိလ အက္ခရာ ၂၃ လုံးတို့နှင့် အမျှရော၍ စီကုံးခြင်း။
(ဌာန်တူတာ,အချီအချတူတာ။)
   
၅။သုခုမာလတာဂုဏ်
သိထိလ အက္ခရာများ၍ ဓနိတ အက္ခရာနည်းသဖြင့် ရွတ်ဆိုဖို့ရာ လွယ်ကူလျက် ယဉ်ကျေးသော အစပ်အဟပ်များ။
 (နူးညံ့တဲ့ အသံနဲ့ နူးညံ့ခြင်းမရှိတဲ့အသံကို မျှရေးတာ။)

၆။သိလေသဂုဏ်
ဓနိတအက္ခရာမျိုးကို မကင်းစင်စေဘဲ ချောမော ပြေပြစ်သော ပုဒ်ချင်း နီးကပ်၍ ပမာပမည်း ဟပ်လျက်စပ်ခြင်း။
 (စကားမရိုင်းအောင်, အသံမကြမ်းအောင် ပရိယာယ်နဲ့ရေးတာ)

၇။ ဥဒါရတာဂုဏ်
(က) လွန်ကဲသောဂုဏ်ထက် အထူးလွန်ကဲသောဂုဏ်ကို ပြခြင်း၊
(ခ) ချီးမွမ်းအပ်သော ဂုဏ်တို့ဖြင့် ဝမ်းမြောက်ဖွယ်ရာ ပြခြင်း။
(ချီးကျူး ဂုဏ်ဖော်ရေးခြင်း)

၈။ ကန္တိဂုဏ်
ကြီးကျယ်သော စကားဖြစ်သော်လည်း အပြောကြီးသည်ဟု ဆိုဖွယ်ရာမရှိဘဲ နှစ်သက်ဖွယ်ရာ စီကုံးခြင်း။
(အပြောကြီးတယ်မထင်ရအောင် ရေးခြင်း)

၉။ အတ္ထဗျတ္တိဂုဏ်
(က) တခြားသဒ္ဒါ၊
(ခ) တခြားအနက်ကို မစောင်ရဘဲ အနက်ဓိပ္ပါယ်မျိုး ပါရှိအောင်စပ်ခြင်း။
(အဓိပ္ပါယ်ကို ထင်ရှားအောင်ရေးခြင်း)

၁၀။ သမာဓိဂုဏ်
လောကီထုံးစံအတိုင်း တိုက်ရိုက်မုချ မဟုတ်ဘဲ တင်စားသော ဥပစာစကားဖြင့် ရေးသားစီကုံးခြင်း။
(အသက်မရှိတာကို အသက် ရှိသကဲ့သို့ တင်စားရေးတာ, မဟုတ်တာကို ဟုတ်သကဲ့သို့,မရှိတာကို ရှိသကဲ့သို့ရေးတာ။)
 စသည်တို့ ဖြစ်ကြပါတယ်...။

Post a Comment

0 Comments