
အဘိဓဇ
အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ကရင်ပြည်နယ်၊ ဘားအံမြို့နယ် သာမညတောင်ပေါ် ကျောင်းတိုက်
ဆရာတော် ဘဒ္ဒန္တ ၀ိနယ၏ ထေရုပတ္တိ အကျဉ်း
ဖွားမြင်တော်မူခြင်း
ဆရာတော် လောင်းလျာသည် ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ကော့ကျိုက်ပအိုဝ်းရွာ ခမည်းတော် ဦးတောင်အိုး၊ မယ်တော် ဒေါ်အုံးတို့မှ ၁၂၇၂ ခုနှစ်၊ ပထမ၀ါဆိုလဆန်း ၆ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူသော သားရတနာ ဖြစ်ပါသည်။
ရှင်ရဟန်းပြုတော်မူခြင်း
ဆရာတော် လောင်းလျာသည် ၁၂၈၅ ခုနှစ်တွင် မော်လမြိုင်မြို့ ကြံခင်းကျောင်း ဆရာတော် ဘဒ္ဒန္တ အာစာရကို ဥဇ္ဇျာယ်ပြု၍ ခမည်းတော် ဦးတောင်အို၊ မယ်တော် ဒေါ်အုံးတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ ၁၂၉၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၅ ရက်၊ သောကြာနေ့ နံနက် ၇ နာရီ အချိန်တွင် မော်လမြိုင်မြို့၊ ကြံခင်းကျောင်း ဆရာတော် ဘဒ္ဒန္တ အာစာရကို ဥပဇ္ဇျာယ်ပြုလျက် ခမည်းတော် ဦးတောင်အို၊ မယ်တော် ဒေါ်အုံးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မော်လမြိုင်မြို့ ရတနာဘုံမြင့်ကျောင်း ခဏ္ဍသိမ်၌ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။
ပရိယတ္တိစာပေ သင်ယူ ဆည်းပူးတော်မူခြင်း
ဆရာတော်လောင်းလျာသည် ကော့ကျိုက်ပအိုဝ်းရွာကျောင်း ဆရာတော်၊ မော်လမြိုင်မြို့ ရတနာဘုံမြင့်ကျောင်း ဆရာတော်၊ ကြံခင်းကျောင်း ဆရာတော် ဘဒ္ဒန္တ အာစာရ၊ မုတ္တမကျွဲခြံကျောင်း၊ ကဒိုးကွင်းကျောင်း၊ တိုက်ကုလားတောင်စွန်း၊ သရက်ကုန်းကျောင်း ဆရာတော် ဘဒ္ဒန္တ ဣန္နာစာရ စသော ဆရာတော်များထံ၌ ပရိယတ္တိ ကျမ်းစာများကို သင်ယူခဲ့ပါသည်။ ထို့ပြင် ပဋိပတ် ကျင့်စဉ်များကိုလည်း နည်းနာခံယူခဲ့ပါသည်။
စာပေပို့ချခြင်းနှင့် သာသနာရေး အားပေးဆောင်ရွက်တော်မူခြင်း
ဆရာတော်သည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ၀ါဆုကျောင်း၊ သာမညတောင်ပေါ် ကျောင်းတို့တွင် တပည့်ရဟန်း သာမဏေများအား ပရိယတ္တိစာပေများကို သင်ကြားပို့ချပေးခဲ့ပါသည်။ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမည တောင်ပေါ်ကျောင်းတွင် သီတင်းသုံး နေထိုင်လျက် ရှိကြသော ရဟန်း၊ သာမဏေ၊ သီလရှင် ၅၀၀ ခန့်တို့အား ၀ိပဿနာ ရှုမှတ်ကျင့်ကြံ နည်းများကို ဟောကြားပြသပေး တော်မူခြင်း၊ အရညကင် ဓူတင်အကျင့်ကို အစဉ်ကျင့်သုံးတော်မူခြင်း၊ သာမည တောင်ပေါ် ကျောင်းသို့ နေ့စဉ် ရောက်ရှိလာသော ယောဂီ သူတော်စင် ၁၀၀ မှ ၅၀၀ အထိ ဘုရားဖူး ဧည့်သည် ပရိသတ်များကို တရားဓမ္မ ဟောဖော်ညွှန်ပြတော်မူခြင်း စသော သာသနာပြု လုပ်ငန်း တာဝန်များကို ပျံလွန်တော်မူသည် အထိ ကြိုးပမ်းဆောင်ရွက်တော်မူ ခဲ့ပါသည်။
ဘွဲ့တံဆိပ်တော်များ အလှူခံရရှိတော်မူခြင်း
ဆရာတော်၏ သီလဂုဏ်၊ ပညာဂုဏ်၊ ခမာ၊ ဇာဂရိယ စသော ဂုဏ်များနှင့် သာသနာရေး အားပေး ဆောင်ရွက်တော်မူခြင်းများကို လေးစားလျက် နိုင်ငံတော် အစိုးရက ၁၉၉၁ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်တွင် အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ပါသည်။
ဘ၀နတ်ထံ ပျံလွန်တော်မူ ခြင်း
ဆရာတော်ကြီးသည် သာသနာတော်အကျိုး သယ်ပိုးထမ်းဆောင်တော် မူရင်းမှ သက်တော် ၉၃ နှစ်၊ သိက္ခာတော် ၇၃ ၀ါအရ ၁၃၆၅ ခုနှစ်၊ နတ်တော်လဆန်း၊ ၆ ရက်၂၉.၁၁.၂၀၁၃ ရက်၊ စနေနေ့ နံနက် ၉နာရီအချိန်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူကြောင်း သာသနာရေး ၀န်ကြီးဌာန သာသနာ ထွန်းကား ပြန့်ပွားရေး ဦးစီးဌာနမှ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။
0 Comments